【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အကျဉ်းဆုံး မြို့လေး

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့အကျဉ်းဆုံး မြို့လေး

ကမ္ဘာပေါ်မှာ အကျဉ်းဆုံး မြို့လေးအဖြစ် သတ်မှတ်ခံထားရတဲ့ ရန်ကျင်း (Yanjin) မြို့လေးဟာ တရုတ်နိုင်ငံ တောင်ပိုင်းက ယူနန်ပြည်နယ်ထဲမှာ တည်ရှိတာဖြစ်ပါတယ်။

ယူနန်ပြည်နယ်ဆိုတာကလည်း မြန်မာနိုင်ငံနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံထဲက ပြည်နယ်တစ်ခုဖြစ်ပါတယ်။အဲဒီယူနန်ပြည်နယ်ထဲမှာရှိတဲ့ ရန်ကျင်းမြို့ကတော့ ယန်ဇီမြစ်၏ အဓိကမြစ်လက်တက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ နန်ဇီ (Nanxi) မြစ်တစ်လျှောက်မှာ ရှည်လျားစွာ တည်ရှိနေတာဖြစ်ပါတယ်။  

ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၂၀၀ အကွာမှာ တည်ရှိတဲ့ ရန်ကျင်းမြို့ဟာ နန်ဇီမြစ်နှင့် အခြားတစ်ဖက်ရှိ မတ်စောက်သော တောင်တန်းများကြားက ကျဉ်းမြောင်းသော မြေသားနေရာမှာ မြို့တည်ထားခြင်းဖြစ်ပါတယ်။

ယူနန်ပြည်နယ်၊ ရန်ကျင်း (Yanjin) ခရိုင်ရှိ တောင်တန်းများကြားမှာ တည်ရှိသော ကမ္ဘာ့အကျဉ်းဆုံးမြို့ Yanjin မှာ Nanxi မြစ်တစ်လျှောက် ကီလိုမီတာများစွာ ဖြန့်ကြက်တည်ရှိနေတာဖြစ်ပါတယ်။မြင့်မားတဲ့ တောင်တန်းနှစ်ခုကြားတွင် ဖြတ်သန်းစီးဆင်းနေတဲ့ နန်ဇီမြစ်ရဲ့ မြစ်ကမ်းတစ်ဘက်တစ်ချက်တွင် မြို့ကို တည်ထားခြင်းဖြစ်ပြီး လက်ရှိမှာ လူပေါင်းလေးသိန်းခွဲကျော် နေထိုင်ကြပါတယ်။

အဲဒီလို တောင်တန်းများနှင့် မြစ်အကြား မြေနေရာမှာ တည်ဆောက်ထားတာဖြစ်လို့ နေရာကလည်း ကျယ်ဝန်းလှတာ မဟုတ်ပါဘူး။အကျယ်ဆုံးနေရာမှာ မီတာ ၃၀၀ ခန့်သာရှိပြီး အကျဉ်းဆုံးနေရာမှာတော့ မီတာ ၃၀ သာရှိတာဖြစ်ပါတယ်။  မြစ်ရဲ့တစ်ဖက်စီမှာ တည်ထားတာဖြစ်ပေမယ့် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ဆက်သွယ်တည်ဆောက်ထားတဲ့ တံတားကလည်း ပေါပေါများများ မရှိပါဘူး။အဲဒီမြို့မှာ အဆောက်အအုံတွေ ဆောက်လုပ်ဖို့အတွက် မြေနေရာများစွာမရှိလှသလို အဆောက်အအုံများစွာဟာလည်း မြစ်ကမ်းပါးပေါ်မှာ တိုင်လုံးများဖြင့် အခြေခိုင်အောင်လုပ်ပြီးမှ ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။အဲဒီထဲမှာ အထပ်မြင့်အဆောက်အအုံတွေလည်း ပါဝင်တာ တွေ့ရပါတယ်။

နေအိမ်များကို တိုင်လုံးများဖြင့် တည်ဆောက်ထားပြီး ရေမနစ်မြုပ်စေရန် ကာကွယ်ထားခြင်းလည်းဖြစ်ပါတယ်။ဧရိယာကျယ်ဝန်းလှတဲ့ တရုတ်နိုင်ငံမှာ အခုလို မြေနေရာကျဉ်းကျဉ်းလေးမှာ အခြေချတည်ဆောက်နေထိုင်ကြတာကလည်း အံ့သြစရာဖြစ်နေပါတယ်။

ရန်ကျင်းမြို့ကို မြင့်မားတဲ့ တောင်တန်းတွေက ဝန်းရံထားသလို မြို့ရဲ့အလယ်တည့်တည့်ကနေ မြစ်တစ်စင်းက ဖြစ်သန်းစီးဆင်းနေတာကြောင့်  လမ်းပန်းဆက်သွယ်ရေး အထူးခက်ခဲလှပါတယ်။သဘာဝဘေးကလည်း အချိန်မရွေး ကျရောက်နိုင်တဲ့ ဒေသဖြစ်ပါတယ်။အဲဒီနေရာမှာ အခြေချနေထိုင်ကြခြင်းဟာ အကောင်းဆုံးရွေးချယ်မှုတော့ မဟုတ်ပါဘူး။လမ်းပန်းဆက်သွယ်ရေးအတွက် အခက်အခဲများစွာ တည်ရှိတာကြောင့်လည်း မြို့ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဟန့်အတားဖြစ်စေပါတယ်။သို့သော်လည်း ဘယ်လိုပဲ အားနည်းချက်တွေရှိနေတယ်ပြောပြော အဲဒီမြို့ကလေးဟာ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကို ပိုင်ဆိုင်ထားတာကြောင့်လည်း ယနေ့အထိတိုင် အခြေချနေထိုင်သူတွေရှိနေတာဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း ရန်ကျင်းမြို့လေးကို ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေက အပြင်လောကမှာ တကယ်ရှိရဲ့လားလို့ သံသယဝင်စရာဖြစ်သလို အံသြဖွယ်ကောင်းလှပါတယ်။ဒီမြို့ကို အပေါ်စီးကနေကြည့်လိုက်ရင် တကယ့်လက်တွေ့ဘဝမှာရှိတယ်ဆိုတာ ယုံရခက်တဲ့ အခြေအနေကို ပိုင်ဆိုင်ထားခြင်းဖြစ်ပါတယ်။

ကမ္ဘာ့အကျဉ်းဆုံး မြို့လေးအဖြစ် သတ်မှတ်ခံထားရတဲ့ ရန်ကျင်းမြို့ဟာ တခြားနေရာဒေသတွေမှ မမြင်တွေ့နိုင်တဲ့ ထူးခြားချက်တွေရှိနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဒီမြို့လေးမှာ နေထိုင်ကြသူတွေဟာ သားစဉ်မြေးဆက် နေထိုင်ခဲ့ကြခြင်းဖြစ်သလို အများစုကလည်း အခြားမြို့တွေကို မပြောင်းရွှေ့လိုကြဘူးလို့ ဆိုပါတယ်။

ခန့်မောင်