【 နိုင်ငံတကာဆောင်းပါး 】ယူကရိန်းအကျပ်အတည်းနှင့် တရုတ်ဦးဆောင်တဲ့ ဆွေးနွေးမှုလမ်းစ

【 နိုင်ငံတကာဆောင်းပါး 】ယူကရိန်းအကျပ်အတည်းနှင့် တရုတ်ဦးဆောင်တဲ့ ဆွေးနွေးမှုလမ်းစ

တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲဟာ ကာလကြာရှည်လာတာနဲ့ အမျှ ဒေသတွင်းကို ကျော်လွန်ပြီး ကမ္ဘာကိုပါ ထိခိုက်လာနေပြီ ဖြစ်ပါတယ်။ ဒီစစ်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဘက်လုံးက လျှော့ဖို့လမ်း မမြင်သလို ညှိနှိုင်းရန်အတွက် အခြေခံတောင်းဆိုမှုတွေက နှစ်ဘက်စလုံးက အလျှော့ပေးဖို့ မမြင်တဲ့အတွက် နိုင်ငံတကာ သုံးသပ်လေ့လာသူတွေက စစ်ပွဲဟာကြာရှည်ဖို့ များနေပြီလို့ သတိပေးခဲ့ပါတယ်။

ပြင်းထန်တဲ့ ကိုဗစ်ကပ်ဘေး ကူးစက်မှုလျော့ပေါ့ချိန်မှာ စဖြစ်လာခဲ့တဲ့ ရုရှားရဲ့ ကျူး‌ကျော်မှုဟာ နိုင်ငံတကာကို စိတ်ပျက်စေခဲ့သလို ကမ္ဘာကို အကျပ်တွေ့စေပါတယ်။ နာလံထဖို့ ခဲယဉ်းနေတဲ့ ကမ္ဘ့ာစီးပွားရေးကို လည်း ရိုက်ချိုးသလို ဖြစ်ခဲ့ပါတယ်။ ရုရှား -ယူကရိန်းအရေးဟာ နှစ်နိုင်ငံနဲ့ ဒေသတွင်းသက်ဆိုင်ရာ ကိစ္စမဟုတ်တော့ဘဲ နိုင်ငံတကာအကျပ်အတည်းဖြစ်လာသလို စစ်ပွဲဟာ ဒေသတွင်းကိုကျော်လွန်ပြီး ကမ္ဘာစစ် အထိ ဦးတည်လာနေခဲ့ပါတယ်။ လက်နက်အင်အားသာပြီး လက်ဦးမှုရယူထားတဲ့ ရုရှားကို ပြန်ခုခံဖို့ ယူကရိန်းကို အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေနဲ့ နေတိုးအဖွဲ့က စစ်လက်နက်အကူအညီ၊ ဘဏ္ဍာရေးထောက်ပံ့မှုတွေ ပုံအောခဲ့တဲ့အတွက် စစ်ပွဲဟာ အမေရိကန်နဲ့ ရုရှားရဲ့ကြားခံစစ်ပွဲသဏ္ဍာန်ကိုဆောင်လာတဲ့အတွက် ကမ္ဘာ့အတွက် အရေးကြီးတဲ့အချိုးအကွေ့ကို ရောက်လာပါတယ်။

စစ်ပွဲကို ရှုံးလိုမရတော့တဲ့ ရုရှားက အရှုံးနဲ့ ရင်မဆိုင်ရအောင် နျူကလီးယားလက်နက်သုံးဖို့  အသံတွေ ထုတ်လာသလို ယူကရိန်းကလည်း ဆုံးရှုံးထားတဲ့ နယ်မြေတွေ ပြန်ရဖို့ ဘာမဆို နောက်မဆုတ်မယ့် အနေအ ထားမှာ စစ်ပွဲဟာ ရပ်တန့်ဖို့ခက်ခဲလာပါတယ်။စစ်ပွဲကို ရပ်ဖို့ဆိုတာ အခုချိန်မှာ ကမ္ဘာ့နိုင်ငံအများစုဆန္ဒ ဖြစ်သလို ကမ္ဘာ့ဂြိုဟ်ဆက်တည်ရှိရေးအတွက် အရေးကြီးတဲ့ အချိုးအကွေ့လည်းဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှာ အချက် ၁၂ ချက်ပါ ရုရှား-ယူကရိန်းစစ်ပွဲ ရပ်ဖို့ အကြံပြုချက်ကို ထုတ်ပြန်ခဲ့သည်။ မတ်လ  ၂၀ ရက်တွင်  ရုရှားသို့ တရုတ်သမ္မတရှီကျင့်ဖျင် သွားရောက်ခဲ့သည်။ ထိုမတိုင်မီ ရုရှားဘက်က တရုတ်ဘက်ကတင်ပြသည့် အချက် ၁၂ ချက်ပါ စစ်ပွဲရပ်တန့်ရန် အဆိုပြုချက်ကို မော်စကိုက ကြိုဆိုခဲ့သည်။ ဧပြီလတွင် တရုတ်သမ္မတရှီကျင့်ဖျင်က ယူကရိန်းသမ္မတဇီလင်စကီးထံ ဖုန်းဖြင့်ဆက်သွယ်ကာ စစ်ပွဲအ ကျပ်အတည်းကို ဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးမှုတွင် ရှီက ယူကရိန်းအကျပ်အတည်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဘက်တွင် အမြဲတမ်းရပ်တည်နေကြောင်း၊ အမြုတေရပ်တည်ချက်မှာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် တရုတ်အစိုးရမှ ဥရောပ-အာရှရေးရာ အထူးကိုယ်စားလှယ်ကို စေလွှတ်ပြီး ယူကရိန်းစသည့်နိုင်ငံများသို့ သွား ရောက်ပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘက်အသီးသီးတို့နှင့် နက်နက်ရှိုင်းရှိုင်းဆက်သွယ်မည်ဖြစ်ကြောင်းပြောခဲ့သည်။

တရုတ်နိုင်ငံ၏ ယခုကဲ့သို့ ကြားဝင်ဆောင်ရွက်လာမှုက စစ်ပွဲကို အရှည်သဖြင့် ဖြစ်လာနိုင်သည်ကို မလိုလားသည့် ကမ္ဘာ့နိုင်ငံများ၏ ဆန္ဒနှင့် အညီပင်ဖြစ်သည်။ ရုရှား-ယူကရိန်း အကျပ်အတည်းတွင် နှစ်ဘက်စလုံး၏ယုံကြည့်မှုကို ရရှိသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သော တရုတ်၏ ကြားဝင်မှုမှာ နှစ်ဘက်အကြားဆွေးနွေးမှုလမ်းစပေါ်ပေါက်ရန်ဖြစ်ရာ စစ်ပွဲကို ဆက်လက်ဆင်နွှဲလိုသည့် တချို့သောနိုင်ငံများ၏ ဆန္ဒနှင့် ဖီလာဖြစ်နိုင်သည်ကတော့ အမှန်ပင်။

ယခုရက်ပိုင်းတွင် နိုင်ငံတကာသံတမန်ရေးတွင် တရုတ်နိုင်ငံ၏အခန်းကဏ္ဍမှာ မြင့်တက်လာနေခဲ့သည်။ အရှေ့အလယ်ပိုင်းမှ  အစဉ်အလာရန်ဘက်ဆော်ဒီနှင့် အီရန်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို ကမကထပြုစေ့စပ်ခဲ့ပြီးနောက် ၊ထိုအကျိုးသက်ရောက်မှုနောက်ဆက်တွဲအဖြစ် ကာလကြာရှည်နေသည့် ယီမင်ပြည်တွင်းစစ်မှာ ချုပ်ငြိမ်းမည့် အရိပ်ယောင်များပြလာခဲ့သည်။ ထိုသို့သော အခြေအနေကြောင့် တရုတ်၏အောင်မြင်သော စေ့စပ်ဆွေးနွေးမှုကို ကမ္ဘာ့အကျပ်အတည်းဖြစ်လာသည့် ယူကရိန်း-ရုရှားအကျပ်အတည်းတွင် အသုံးချနိုင်ရန် နိုင်ငံတကာက မျှော်လင့်ထားခြင်းဖြစ်သည်။

တရုတ်၏ ယူကရိန်းအကျပ်အတည်းကို ဆွေးနွေးမှုစကား၀ိုင်းသို့ ဆွဲခေါ်ရန်ကြိုးပမ်းမှုကို ယခု မေလတွင် ထင်ရှားစွာတွေ့ရသည်။ မေ ၄ ရက်က အိန္ဒိယနိုင်ငံ ဂိုအာတွင် ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ် နှင့် တွေ့ဆုံပြီး ယူကရိန်းအကျပ်အတည်းကို ဆွေးနွေးခဲ့သည်။ ထုတ်ပြန်ချက်များအရဆိုလျှင် တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းက  ရုရှားဝန်ကြီးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်ရန် တရုတ်က ဆက်လက် တွန်းအားပေးမည်ဖြစ်ပြီး ရုရှားနှင့် ကူးလူးဆက်သွယ်မှုများကို ဆက် လက်ထိန်းသိမ်းမည်ဟုပြောခဲ့သည်။

မေ ၁၂ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဥရောပနှင့်အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ်သံအမတ်ကြီး လီဟွေးသည် မေ ၁၅ ရက်နေ့မှ စ၍ ယူကရိန်း အပါအဝင် ပိုလန်၊ ပြင်သစ်၊ ဂျာမနီ နှင့် ရုရှားအပါအဝင် နိုင်ငံငါးနိုင်ငံသို့ သွားရောက်ကာ ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်း ဖြင့် ဖြေရှင်းရန် အမြင်ချင်းဖလှယ်မည်ဟု ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်သည့် သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်း အကျပ်အတည်းတွင် တရုတ်ဘက်က ကိုင်စွဲထားသည့်မူဝါဒနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်ကပြောခဲ့ရာတွင် တရုတ်နိုင်ငံသည် အစဉ်တစိုက် ပကတိကျပြီး တရားမျှတသော ရပ်တည်ချက်ကို စွဲကိုင်ကာ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန်ကို တက်ကြွစွာ တွန်းအား ပေးနေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ပြီး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းမှု စေ့စပ်ဆွေးနွေးပွဲ စတင်ရေး၊ အခြေအနေ ပိုမို မဆိုးဝါးစေရန် ရှောင်ရှားရေး စသည့်ဘက် များတွင် ပိုမိုများပြားသော နိုင်ငံတကာ သဘောတူညီမှုများကို စုစည်း၍ ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် တရုတ်အကျိုးပြု စွမ်းဆောင်မှုများကို ပြုလုပ်လိုပါကြောင်း ပြောခဲ့သည်။

လက်ရှိတွင် ယူကရိန်းအကျပ်အတည်းက ပို၍ဆိုးရွားလာဖို့ရှိနေပြီး နှစ်ဘက်လုံးက နောက်ဆုံး ထိုးစစ်များပြင်နေလေရာ နှစ်ဘက်စလုံးပြည်သူများအတွက်ဆိုးရွားသော ဘေးကို မကြာမီရင်ဆိုင်ရတော့မည့် အခြေအနေဖြစ်သည်။ ထိုအခြေအနေတွင် တရုတ်အထူးသံတမန်၏ ခရီးစဉ်က ချိန်ကိုက်ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယူကရိန်းအကျပ်အတည်းတွင် အခက်ခဲဆုံးမှာ နှစ်ဘက်စလုံးက အောင်နိုင်မည်ဟု ထင်ထားခြင်းပင် ဖြစ်သည်။ ကရင်မလင်က လိုချင်သောအချက်မှာ ကိယက်ဗ့်ကို ရုရှားတောင်းဆိုထားသော အချက်များကို လိုက် နာစေရေးပြီး ရုရှားရဲ့ အကျိုးစီးပွားကို လေးစားလိုက်နာစေရန် ဖြစ်သည်။ ကိယက်ဗ့်နှင့် အနောက်နိုင်ငံအုပ်စုများက မော်စကို ကို သိမ်းပိုက်ထားသော ယူကရိန်းပိုင်နက်များအားလုံးကို လက်လွှတ်စေရန်ပဲ ဖြစ် သည်။ ထိုလိုနှစ်ခုကြား ညှိနိုင်းရန် ဝင်လာသည့် တရုတ်သံတမန်များအတွက် ခက်ခဲသော လမ်းဖြစ်မည်မှာ သေချာနေပေသည်။

လေ့လာသုံးသပ်သူများရဲ့ ခန့်မှန်းချက်အရ ဖြစ်လာနိုင်သော အခြေအနေများကတော့ နှစ်ဘက် အမြန်ဆုံးတွေ့ဆုံခြင်းဖြစ်ပြီး ထိုတွေ့ဆုံခြင်းမှ ငြိမ်းချမ်းမှုအတွက် ဆွေးနွေးရေးဖြစ်ပေါ်လာပြီး အပစ်ခတ် ရပ်စဲရေး အမြန်ဆုံးဖော်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အတွက် နှစ်ဘက်လုံးက ပြည်သူများရဲ့ အကျိုးစီးပွားကို ငဲ့ညာပြီး တွေ့ ဆုံဆွေးနွေး ပြုလုပ်ရန်က အရေးကြီးပေသည်။ ထို့အတွက် တရုတ်ဦးဆောင်သော ဆွေးနွေးမှု လမ်းစကို မကြာခင် မြင်ရဖွယ်ရှိနေရာ တရုတ်အထူးသံတမန်၏ ၅ နိုင်ငံခရီးစဉ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ထိုသည်မှာ ယူကရိန်းသမ္မတဇီလင်စကီးကို တရုတ်သမ္မတရှီကျင့်ဖျင်ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးစဉ်က ပြောခဲ့သည့် ဥရောပ-အာရှရေးရာ တရုတ်အထူးကိုယ်စားလှယ်ကို စေလွှတ်ပြီး ယူကရိန်းစသည့် နိုင်ငံများသို့ သွားရောက်ပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘက်အသီးသီးတို့နှင့် နက်နက်ရှိုင်းရှိုင်းဆက်သွယ်မည်ဟု ပြောခဲ့သည်မှ ရုပ်လုံးပေါ်လာခြင်းပင် ဖြစ်လေသည်။ သို့ဖြစ်ရာ တရုတ်၏ ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ခရီးအစမှာ စိတ်ဝင်စားဖွယ်ကောင်းသော အချိုးအကွေ့သို့ရောက်နေပြီ ဖြစ်သည်ကို တွေ့ရမည် ဖြစ်လေသည်။

လင်းသစ်အောင်