【 ဆောင်းပါး 】 အလုပ်မပျော်တဲ့ ကယောင်ကတမ်း အင်ဂျင်နီယာ

【 ဆောင်းပါး 】 အလုပ်မပျော်တဲ့ ကယောင်ကတမ်း အင်ဂျင်နီယာ

သက္ကရာဇ် ၂၀၀၀ ကာလ၊ ရန်ကုန်မြို့ရဲ့ စီးကရက်စက်ရုံတစ်ရုံမှာ ကယောင်ကတမ်း အင်ဂျင်နီယာအဖြစ် အလုပ်ရတော့ အင်မတန်ကျေနပ်စရာ အချက် ၂ ချက်ကို သွားတွေ့တယ်။

ပထမအချက်က စီးချင်စရာ ကားကောင်းကားသန့်တွေနဲ့ ဖယ်ရီစီစဉ်ပေးတာကိုပါပဲ။ဖယ်ရီတွေက နည်နည်းခပ်ကြီးကြီး မီနီဘတ်စ်ရယ် လူ ၁၀ ယောက်လောက် ချောင်ချောင်ချိချိစီးနိုင်တဲ့ ကားလေးတွေရယ်နဲ့ စက်ရုံကားတိုင်းကို တစ်ကားလုံးအပြည့် စက်ရုံထုတ် စီးကရက်အမှတ်တံဆိပ် ခြယ်ထားတာမို့ အလကားနေရင်း ကြော်ငြာပြီးသားလည်းဖြစ်နေရော။

အဲဒီအချိန်တုန်းက စီးချင်စဖွယ် ဖယ်ရီမျိုးစီစဉ်ပေးတဲ့ ကုမ္ပဏီက ရန်ကုန်မှာ လက်ချိုးရေလို့ရတာမို့ ဖယ်ရီကားပေါ် အတက်အဆင်းလုပ်တဲ့အချိန် ‘ဒီလိုကုမ္ပဏီမျိုး ငါလည်းလုပ်ချင်လိုက်တာ’ ဆိုတဲ့ အားကျတဲ့ မျက်လုံးမျိုးနဲ့ ကြည့်တာကိုလည်း ခံရသေး။အဲဒါထက် ပိုကောင်းတဲ့အချက်က လိုင်းကားတိုးစီးပြီး ချွေးသီးချွေးပေါက်နင်းကန်ကျပြီးတော့မှ ရုံးရောက်တဲ့အဖြစ် မရှိတော့တာပါပဲ။ဖယ်ရီကားပေါ်မှာ အဲကွန်းလေးနဲ့ အေးအေးချမ်းချမ်း အိပ်လိုက်သွားရုံ။

ဂျီတီအိုင်ကျောင်းအပြီး ပထမဆုံးအကြိမ် ကတ်ထူပုံးစက်ရုံမှာ အလုပ်စဝင်တော့ အဲဒီစက်ရုံထုတ် ကတ်ထူပုံးတွေကို အဲဒီခေတ် FEC နဲ့သာ ရောင်းပြီး နေ့စဉ် တော်တော်အမြတ်အစွန်းကြီးတဲ့ စက်ရုံဆိုပေမယ့် ဝန်ထမ်းတွေကတော့ လစာနည်းနည်းနဲ့ စုတ်စုတ်ပြတ်ပြတ်။စက်ရုံအသွားအပြန် ကိုယ့်ဘာသာ လိုင်းကားစီး။စက်ရုံဝန်ထမ်းတိုင်းကို တစ်နေ့ ထမင်း ၂ နပ်ပေးပေမယ့် ပေးတဲ့ထမင်းက ထောင်ထဲက လုံးတီးထမင်းနဲ့မကွာ။စက်ရုံပိုင်ရှင် သူဌေးလင်မယားကတော့ တန်ဖိုးမြင့် ကားအကောင်းစီးကြီးတဝီဝီနဲ့ အဆီတစ်ထပ် အသားတစ်ထပ်။

အဲဒါပြီးတဲ့နောက် ကော်ဖီမစ်စက်ရုံရောက်သွားတော့ ဖယ်ရီရှိပေမယ့် စီစဉ်ပေးတဲ့ ဖယ်ရီကားက ဒိတ်အောက်လို့ လိုင်းကားမဆွဲရတော့တဲ့ ဘီအမ်ကားကို လပြတ်ဌားထားတဲ့ ဖယ်ရီ။ပြောရရင် စုတ်ပြတ်သတ်နေတဲ့ ဖယ်ရီအမျိုးအစား။ဖယ်ရီကားကို ကြည့်လိုက်တာနဲ့တင် လစာမကောင်းတဲ့ ခပ်နွမ်းနွမ်းစက်ရုံက အလုပ်သမားတွေမှန်း တန်းကောက်ချက်ချလို့ရတဲ့ အနေအထား။ဖယ်ရီကားကြည့်ပြီးတော့ကို ဖယ်ရီကားစီးတဲ့ ဝန်ထမ်းကိုလည်း အထင်မကြီး၊ ကုမ္ပဏီကိုလည်း တစ်စက်ကလေးတောင် အထင်မကြီးကြမယ့် စုတ်စုတ်ပြတ်ပြတ် ဖယ်ရီ။စက်ရုံက လိုင်ကားမရောက်တဲ့နေရာမှာ ဖြစ်နေတာနဲ့ ဘာပဲဖြစ်ဖြစ် လိုင်းကားလို တိုးမစီးရတာကြောင့်သာ ဖယ်ရီစီးကြတာ၊ ဘယ်သူမှမစီးချင်။

စီးကရက်စက်ရုံရောက်တော့မှသာ ဝန်ထမ်တိုင်းစီးချင်တဲ့ စတိုင်ကျကျဖယ်ရီမျိုးနဲ့ ဟန်ကျတော့တာပါ။ဖယ်ရီကားကို ကြည့်လိုက်ရုံနဲ့ ဒီစက်ရုံ လစာကောင်းမယ့်ပုံလို့ တွက်လို့ရတဲ့ ဖယ်ရီမျိုး။အမှတ်တကယ်လည်း သက္ကရာဇ် ၂၀၀၀ ပတ်လည်ကာလက မြန်မာကျပ်ငွေနဲ့ပေးတဲ့ ကုမ္ပဏီတွေထဲမှာ လစာကောင်းတဲ့ ကုမ္ပဏီကြီးထဲ တစ်ခုအပါအဝင်။လစာက ဘယ်လောက်ကောင်းသလဲဆို ကော်ဖီမစ်ကုမ္ပဏီမှာ လုပ်ခဲ့စဉ်က လစာတစ်သောင်းခွဲလောက်ရတဲ့အခြေအနေကနေ စီးကရက်စက်ရုံရောက်တော့ အချိန်ပိုကြေးအပါအဝင် ၈ သောင်း၊ တစ်သိန်းလောက်အထိ ရတဲ့အထိ ကွာခြားချက်က အဲဒီလိုကြီးကြီး။

စီးကရက်စက်ရုံက ၂၄ နာရီလည်ပတ်တဲ့ စက်ရုံမို့ နေ့စဉ် ဝန်ထမ်းအဆိုင်း ၃ ဆိုင်း။စက်ရုံဖယ်ရီကားက ကိုယ့်အိမ်နဲ့ အနီးဆုံးနေရာအထိ လာပို့ကြိုလေ့ရှိတာမို့ ဝန်ထမ်းမိန်းကလေးတွေအတွက်လည်း ပြဿနာမရှိ။တချို့ အိမ်နဲ့နည်းနည်းလှမ်းတဲ့သူတွေကျ ဒုတိယအဆိုင်း အိမ်ပြန်ချိန် ည ၁၁ နာရီဝန်းကျင်နဲ့ တတိယအဆိုင်း စက်ရုံအသွား ဖယ်ရီစောင့်ချိန် ည ၉ နာရီကျော်တို့မှာ အိမ်က တစ်ယောက်ယောက်က ဖယ်ရီစောင့်တဲ့နေရာနား လိုက်စောင့်ပေးရတဲ့ မဆိုသာတဲ့ အားနည်းချက်သာရှိရဲ့။

စီးကရက်စက်ရုံရဲ့ နောက်ထပ်အားသာချက်တစ်ခုက ဝန်ထမ်းတိုင်းကို ထမင်းကျွေးတာပါ။ကျွေးတဲ့ ထမင်းဟင်းက စက်ရုံဒါရိုက်တာကအစ စက်ရုံကန်တင်းမှာသာစားတဲ့အဆင့် ထမင်းကောင်းဟင်းကောင်း။အသားဟင်းတစ်မျိုး၊ အရွက်ကြော်တစ်ပွဲနဲ့ အရည်သောက်။ဟင်းကုန်သွားရင် ထပ်တောင်း။နောက်တစ်ခါတောင်းတဲ့အခါ အသားတုံးကြီးကြီး မရတော့တာကလွဲလို့ စားပျော်သောက်ပျော်။ထမင်းစားပြီးတဲ့အခါ အချိုပွဲအဖြစ် မြန်မာမုန့် ကောက်ညှင်းရွှေကြည်တစ်တုံးလိုမျိုး၊သီးမွှေးဌက်ပျောသီးတစ်လုံးလိုမျိုး။

ဆိုတော့ စက်ရုံဝန်ထမ်းတိုင်းဟာ ထမင်းချိုင့်ထည့်လာစရာမလို။ထမင်းချိုင့်ထည့်တယ်ဆိုတာ ပြောတော့သာ လွယ်တာ။လုပ်ရတာက အချိန်ပေးရတာမို့ မစားသာ။အိမ်ကတစ်ယောက်ယောက် လုပ်ပေးတယ် ထားဦးတော့။မနက်အစောကြီးထ ချက်ရပြုတ်ရ။ချက်ရင်းပြုတ်ရင်းနဲ့ မီးပျက်သွားတယ်ဆို ပြာပြာသလဲ မီးသွေးမီးဖိုရ။ကိုယ့်ဘာသာချက်ရတဲ့သူဆို မနက် ၈ နာရီလောက် ရုံးသွားဖို့အရေး မနက် ၆ နာရီမထိုးခင်ကတည်းက ချွေးဒီးဒီးကျ။ပြီးတော့ ထမင်းချိုင့်တစ်ဖက်နဲ့ လိုင်းကားတိုးစီးရတာကလည်း စွန့်စားခန်းကြီးတစ်ခုပမာ ခက်လှ။အဲဒါကြောင့် ထမင်းကျွေးတဲ့ ကုမ္ပဏီက ဝန်ထမ်းတွေဟာ အချိန် ၃ နာရီဝန်းကျင်လောက်တော့ အချိန်ကုန်သက်သာသွားတာ အမှန်။

စီးကရက်စက်ရုံ ဝန်ထမ်းတိုင်းကို ထမင်းတစ်နပ်တော့ စက်ရုံကန်တင်းမှာ ကျွေးတယ်။ညဆိုင်းဝန်ထမ်းတွေကိုလည်း တစ်နပ်တော့ ကျွေးမြဲ။ထမင်းဟင်းကို ကန်ထရိုက်ပေးထားတာမို့ ကန်ထရိုက်က စားပွဲထိုးကအစ သူတို့လူနဲ့ သူတို့။စက်ရုံတာဝန်ရှိသူတွေအတွက်လည်း ခေါင်းမနောက်ရ။

ကျနော်တို့ အင်ဂျင်နီယာဌာနကျတော့ လူနည်းတဲ့အတွက် နေ့စဉ်အချိန်ပိုဆင်းပေးရတယ်။ပုံမှန်အားဖြင့် မနက် ၇ နာရီကနေ ည ၇ နာရီအထိ။ညဆိုင်းသမားကလည်း ည ၇ နာရီကနေ မနက် ၇ နာရီ။ကိစ္စရှိလို့ ည ၇ နာရီအထိ မဆင်းနိုင်ဘူးဆိုရင်တောင် မနက် ၇ နာရီကနေ ညနေ ၅ နာရီအထိတော့ ဆင်းဆိုတော့ ကျနော်တို့ အင်ဂျင်နီယာဌာနကလူတွေက နေ့စဉ် ကန်တင်းမှာ တရားဝင် ထမင်း ၂ နပ် စားခွင့်ရတယ်။

ကန်တင်း ထမင်းဟင်းက ကောင်းပေမယ့် ကြာလာတဲ့အခါကျတော့ ငြီးငွေ့လာတယ်။ကန်တင်းမှာ ထမင်း ၂ နပ်စလုံး မစားချင်တော့။အိမ်ပြန်ရောက်မှ ညစာကို အိမ်ထမင်းဟင်းစားချင်တာမို့ နောက်ပိုင်းမှာ ညစာ စက်ရုံမှာ မစားဖြစ်။ကန်တင်းက ထမင်းမစားတဲ့လူကို အသင့်စား ခေါက်ဆွဲ/ကြာဇံထုပ် ၃ ထုပ် (သို့မဟုတ်) ကြက် ဥ ၅ လုံး ပေးလေ့ရှိတယ်။ဒါနဲ့ ဘာရယ်မဟုတ် ထမင်းမစားဖြစ်တဲ့ညတွေမှာ ခေါက်ဆွဲထုပ်တွေ ယူလာလေ့ရှိတယ်။

အိမ်မှာက အဖေရော ကျနော်ပါ အဲဒီအသင့်စားခေါက်ဆွဲတွေ မကြိုက်လို့ တောက ဆွေမျိုးတွေအတွက် စုထားဖြစ်တယ်။သက္ကရာဇ် ၂၀၀၀ လောက်က ကျနော်တို့တောမှာ ခေါက်ဆွဲထုပ်ဆိုတာက ရှားရှားပါးပါးဖြစ်နေသေးတာမို့ တောကအမျိုးတွေ ကြိုက်မှကြိုက်။

ရန်ကုန်လူကြုံရှိရင် ခေါက်ဆွဲထုပ်ထည့်ပေးလိုက်ဖို့ လှမ်းမှာကြတယ်။တစ်နှစ်တစ်ခါ သင်္ကြန်ရက် ရွာပြန်တယ်ဆို ဆွေမျိုးတွေက တခြားဘာမှမဝယ်လာနဲ့ နင်အလကားရတဲ့ ခေါက်ဆွဲထုပ်သာ မမေ့နဲ့တဲ့။တချို့အခေါက်တွေမှာ စုထားတဲ့ ခေါက်ဆွဲထုပ် သုံး၊ လေးရာကို ကတ်ထူပုံးထဲ သေချာထည့်ပိတ်ပြီး သယ်သွားတယ်ဟေ့ဆို တောကဆွေမျိုးတွေ ပျော်မှပျော်။တစ်အိမ်ကို အထုပ် ၂၀ အနည်းဆုံး ဝေရတာလည်း ပျော်စရာကြီး။

အဲဒီစက်ရုံမှာ နေပျော်လုပ်ပျော် ငွေရပျော်လို့ ရေရှည်လုပ်သင့်တဲ့ စက်ရုံဖြစ်ပေမယ့် ကိုယ့်ဝါသနာမပါတဲ့ အလုပ်မို့ ကြာကြာမခံနိုင်။တစ်နှစ်ကျော်လောက်လုပ်ပြီးတော့ ထွက်လိုက်တယ်။စီးကရက်စက်ရုံဟာ ကျနော့်ရဲ့ ကယောင်ကတမ်း အင်ဂျင်နီယာဘဝ နောက်ဆုံးပါပဲ။

ငြိမ်းဆက်