【 ဆောင်းပါး 】 အမှားကိုမြင်၊ ပြီးရင်ပြင်

【 ဆောင်းပါး 】 အမှားကိုမြင်၊ ပြီးရင်ပြင်

မှားတတ်တာက “လူ”ပါ။မှားမှန်းမသိတာက “လူညံ့” ပါ။သိသိနှင့် ဆက်မှားနေတာကတော့ “လူမိုက်” ပါ။မှားဖို့ပဲ ကြိုးစားနေလျှင် “လူယုတ်မာ” ဖြစ်သွားပါပြီ။

ဘယ်တုန်းကမှ အမှားမလုပ်ခဲ့သောသူသည် ဘာကိုမှမလုပ်ခဲ့သူပဲဖြစ်ရမည်ဟု ရှေးပညာရှိများပြောဖူးသည်။လူဆိုတာ အမှားနှင့်မကင်းနိုင်ဟုလည်း ဆိုထားသည်။လူတိုင်းမဟုတ်သည့်တိုင် လူများစုကတော့ မှားဖူးကြပါသည်။တချို့အမှားက မိမိတစ်ယောက်တည်း ထိခိုက်သော်လည်း တချို့အမှားတွေက တခြားလူတွေကိုပါ ထိခိုက်စေပါသည်။

တချို့က မိမိမှားမှန်းမသိကြပါ။တချို့ကတော့ မိမိမှားနေမှန်း သိသော်လည်း မိမိ၏အမှားကို လက်ခံရမှာ ဝန်ခံရမှာ ကြောက်ပြီး မပြုပြင်ကြပါ။

မိမိ၏ အမှားကို တကယ်သိသည်ဆိုလျှင် မိမိကိုယ်မိမိ အမှားကျူးလွန်မိသူအဖြစ် ရဲရဲဝံ့ဝံ့ လက်ခံရပါမည်။တခြားသူကို ဝန်မခံနိုင်သည့်တိုင် မိမိကိုယ်မိမိ ဝန်ခံရပါမည်။တကယ်မှားမှန်း သိလိုက်ပြီမို့ ထိုအမှားမျိုး ထပ်မံမကျူးလွန်မိစေရန် သတိထား စောင့်စည်းရပါမည်။

အရေးကြီးသည်မှာ အမှားကို တကယ်သိရန်၊ အမှားပြင်ချင်စိတ် အလေးအနက်ထားရန်၊ နောက်ထပ်မမှားဖို့ ဆုံးဖြတ်ချက်ချရန်နှင့် ထိုသို့လုပ်ဆောင်နိုင်သည်ဟု မိမိကိုယ်မိမိ ယုံကြည်ရန်သာ လိုပါသည်။

ဘုရားလောင်းကိုယ်တိုင် တစ်ချိန်က သူတော်ကောင်းတရား အားထုတ်နေသည့်ကြားမှ ခဏတာ သတိလွတ်ကာ ကိလေသာ ကာမဂုဏ်အမှား ကျူးလွန်ခဲ့ဖူးပါသည်။မှားပြီးမှ မှားမှန်းသိခဲ့ပါသည်။အမှားကို ပြင်ခဲ့ရပါသည်။နောင်မမှားရန် ဆင်ခြင်သတိထားခဲ့ရဖူးပါသည်။

ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး စိုးစံသည်။ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုးဖြစ်ပြီး ဟရိတစဟု အမည်ရသည်။မိဘများ ကွယ်လွန်ပြီးသောအခါ သူပိုင်ဆိုင်သည့်ပစ္စည်းများကို စွန့်လွှတ် လှူဒါန်းကာ ရသေ့ဝတ်သည်။ရသေ့ဝတ်နှင့် ဟိမဝန္တာတောသို့ဝင်ကာ တရားအားထုတ်ပြီး မကြာမီ အဘိညာဉ်စျာန်သမာပတ်များရှိသည်။

နှစ်ကာလကြာလာပြီး တစ်နေ့မှာ ချဉ်ဆားမှီဝဲရန်အတွက် ဗာရာဏသီသို့ လာခဲ့သည်။နံနက်ပိုင်း မြို့တွင်းသို့ ဆွမ်းခံကြွသောအခါ ဘုရင်ကြီးမြင်တွေ့ရာမှ လွန်စွာကြည်ညိုမိလေသည်။ထို့ကြောင့် နန်းဆောင်သို့ ပင့်၍ ဆွမ်းကျွေးရုံမျှမက သူ၏ဥယျာဉ်ထဲမှာ ထာဝရသီတင်းသုံးရန်နှင့် နေ့စဉ် သူ၏နန်းဆောင်သို့ ကြွပြီး ဆွမ်းဘုဉ်းပေးပါရန် လျှောက်ထားသည်။ရသေ့လည်း ဘုရင်ကြီး၏ သဒ္ဓါတရားကို အသိအမှတ်ပြု လက်ခံလိုက်သည်။

တစ်နေ့တွင် ဘုရင်ကြီးသည် နယ်ခြားဒေသမှ သူပုန်များကို သွားရောက်နှိမ်နင်းရမည်ဖြစ်၍ ရသေ့ကြီးကို ဆွမ်းဝတ်မပျက်စေရန် မိဖုရားကို အသေအချာမှာပြီးမှ စစ်ထွက်သွားခဲ့သည်။မိဖုရားကလည်း ရသေ့ကြီးကို ဆွမ်းဝတ်မပျက် အချိန်နောက်မကျစေရဘဲ သူကိုယ်တိုင် ဆွမ်းကိစ္စ စီစဉ်ပြီး ရသေ့ကြီးကို ရိုရိုသေသေ ပြင်ဆင် ဆွမ်းကပ်သည်။

တစ်နေ့ မနက်ပိုင်းတွင် ဆွမ်းပွဲများ အသင့်ပြင်ပြီးသော်လည်း ရသေ့ကြီး ကြွမလာသေးသည့်အတွက် မိဖုရားသည် နံ့သာရည်ဖြင့် ရေချိုးဖီးလိမ်းပြင်ဆင်ပြီး လေသာပြတင်းအနီးရှိ ညောင်စောင်းပေါ်မှာ ခေတ္တလှဲလျောင်းကာ ရသေ့ကြီး ဆွမ်းစားကြွအလာကို စောင့်နေသည်။

ရသေ့ကြီးလည်း ကောင်းကင်မှ စျာန်နှင့် ကြွလာသည်။ရသေ့ကြီး၏ သင်္ကန်းလေတိုးသံ ကြားလိုက်ရသောကြောင့် မိဖုရားကြီးသည် လှဲနေရာမှ ရုတ်တရက်ထလိုက်ရာ ခါးဝတ်က လျှောကျသွားသဖြင့် အလျင်အမြန်ထိန်းလိုက်ရသည်။သို့သော်လည်း အမှတ်တမဲ့ မိဖုရား၏ အလှကို မြင်မိရာမှ ရသေ့ကြီးရင်ထဲမှ ကိလေသာတို့သည် အလှအပအာရုံနှင့်ဆုံကာ စိတ်ကိုမထိန်းနိုင်တော့ဘဲ မိဖုရားနှင့် မှားမိလေတော့သည်။ထိုခဏမှာပင် ရသေ့ကြီး ရရှိထားသည့် စျာန်သမာပတ်များ ပျောက်ကွယ်သွားပြီဖြစ်သည်။

အစရှိ အနောင်နောင်ဆိုသလို ရသေ့ကြီးသည် မိဖုရားကြီးနှင့်အတူ ကိလေသာအမှောင်ထဲမှ ရက်အနည်းငယ်ကြာသည်အထိ ရုန်းမထွက်နိုင်ခဲ့ပေ။

ဘုရင်ကြီး ရန်သူများကို တိုက်ခိုက်ပြီး ပြန်လာသောအခါ ရသေ့ကြီးနှင့် မိဖုရားကိစ္စကို သိသော အမတ်များက ဘုရင်ကြီးကို တိုင်ကြားသည်။ပထမတော့ ဘုရင်ကြီးက မယုံကြည်ပေ။မိဖုရားကိုမေးတော့ မိဖုရားက အကျိုးအကြောင်းပြောကာ ဝန်ခံသည်။ရသေ့ကြီးကိုမေးတော့ ရသေ့ကြီးကလည်း ဝန်ခံသည်။ဘုရင်ကြီးက ရသေ့ကြီးကို အားမလိုအားမရဖြစ်ကာ အရှင်ဘုရားသည် တရားကျင့်နေသည့် သူတော်စင်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ရာဂစိတ်ကို ထိန်းရမည့်အစား သတိကိုလွှတ်၍ အာရုံနောက် လိုက်မိသည့်အတွက် အမှားဖြစ်သွားပြီ။အရှင်ဘုရား ဘယ်လိုဆက်လုပ်မည် စိတ်ကူးပါသလဲဟု မေးသည်။

ထိုအခါ ရသေ့ကြီးက အဆိပ်အတောက်များဖြင့် ပြည့်ပြီး အန္တရာယ်ကြီးသော ရာဂကို ပယ်သတ်၍ မူလကလို ဆက်လက်၍ တရားအားထုတ်တော့မည်ဟု ဘုရင်ကြီးကို ကတိပေးလိုက်သည်။ထို့နောက် ရသေ့ကြီးလည်း စိတ်အာရုံကိုစုစည်းပြီး ကသိုဏ်းပြန်ရှုမှတ်ရာမှ စိတ်တည်ငြိမ်လာကာ စျာန်သမာပတ်များ ပြန်ရလာသည်။

ထို့နောက် ရသေ့ကြီးသည် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ ခွေထိုင်နေလျက်မှ မြတ်သောမင်းကြီး ငါသည် မနေအပ်သောအရပ်၌ နေထိုင်မိသောကြောင့် ကဲ့ရဲ့အပ်သော ရှက်စရာအမူအကျင့်မျိုးကို ပြုကျင့် မှားခဲ့မိပြီ။ယခုအချိန်မှစ၍ ကာမဂုဏ် ကိလေသာအာရုံများနှင့် ဝေးရာ ငါ့နေရာသို့ပြန်တော့မည်ဟု ပြောဆိုနှုတ်ဆက်ပြီး ဟိမဝန္တာသို့ ပြန်ကြွသွားလေသည်။

ဟရိတစရသေ့သည် အသိတရားရှိသူဖြစ်သဖြင့် ဥစ္စာစည်းစိမ်အပြည့်နှင့် လောကအရသာ ခံစားနိုင်သော်လည်း စည်းစိမ်အားလုံးကို စွန့်လွှတ်ကာ ရသေ့ဝတ်ခဲ့သူဖြစ်သည်။စိတ်ဓာတ်တည်ငြိမ်စွာနှင့် ကြိုးကြိုးစားစား တရားအားထုတ်၍လည်း လောကီဈာန်သမာပတ်များရရှိပြီး ကောင်းကင်မှပင် သွားလာနိုင်ခဲ့သည်။သို့သော်လည်း ဖိုမဟူသော ဆန့်ကျင်ဘက်ဝိသဘာဂ အာရုံကြောင့် ရုတ်တရက် သတိလွတ်ကာ ကာမဂုဏ်အမှားကြီး ကျူးလွန်မိခဲ့သည်။

ဘုရင်ကြီးက တရားအသိရှိပြီး လောကသဘာဝကိုလည်း နားလည်သူဖြစ်၍ တော်သေးသည်။အထူးသဖြင့် မှားတတ်သော ပုထုဇဉ်သဘာဝကို နားလည်သူဖြစ်သည်။ထို့ကြောင့်လည်း သူကိုးကွယ်သော ရသေ့သည် အမှားကို တမင်ကြံစည်ကျူးလွန်သူမဟုတ်ဘဲ ရုတ်တရက် အတွေ့ကိုမရှောင်နိုင်ဘဲ သတိလွတ်ကာ အမှတ်တမဲ့မှားမိတာမှန်း သိသည်။ထို့ကြောင့်လည်း ရသေ့ကြီးကို အပြစ်မယူဘဲ မူလရည်ရွယ်ချက်အတိုင်း ဆက်ကျင့်နိုင်ရန် သတိပေးခဲ့ခြင်းဖြစ်သည်။

ရသေ့ကြီးကလည်း အမှားကိုမြင်ကာ အရှက်ကြီး ရှက်သွားသည်။မှားတတ်သည့် သဘောကိုလည်း ပိုသိသွားသည်။ထို့ကြောင့် အမှားကိုပြင်ကာ နောင်မမှားအောင် ဆင်ခြင်ပြုပြင်သွားခဲ့သည်။

ပြန်လည်သုံးသပ်ခြင်းမရှိသော ဘဝသည် အချည်းနှီးသာဖြစ်သည်ဟူသော အဆိုအတိုင်း လူတို့သည် မိမိကိုယ်မိမိ အသက်အရွယ် အတွေ့အကြုံတွေအရ ပြန်လည်ဆင်ခြင်သုံးသပ်မှုတွေ လုပ်ရပါမည်။ဖြတ်သန်းခဲ့သည့် ဘဝခရီးတစ်လျှောက်မှာ မိမိအတွက်ရော အများအတွက်ပါ အကျိုးရှိစေခဲ့တာမျိုးရှိသလို ဘယ်သူ့ကိုမှ အကျိုးမရှိခဲ့တာမျိုးလည်း ရှိတတ်ပါသည်။တစ်ခါတလေ သူများအကျိုးယုတ်အောင် လုပ်မိတာတွေလည်း ရှိတတ်သည်။မိမိ၏ မှားယွင်းမှုနှင့်ပတ်သက်၍ အချိန်မီပြင်ဆင်နိုင်ခဲ့တာမျိုးရှိသလို အချိန်မီမပြင်ဆင်နိုင်ခဲ့ဘဲ နောင်တသာရမိခဲ့တာလည်း ရှိတတ်သည်။

အမှားကိုလည်း သိသည်၊ မိမိအမှားကိုလည်း ဝန်ခံရဲသည်၊ ထိုအမှားမျိုး ထပ်မမှားစေရန်လည်း ဆုံးဖြတ်ထားသည်ဆိုလျှင် ထိုအသိ ထိုလုပ်ရပ်သည် မိမိအတွက် အရှုံးထဲက ထွက်လာသော အမြတ်ဖြစ်လေသည်။မိမိအမှားကျူးလွန်ခဲ့သည့် ဖြစ်ရပ်ကို ပြန်ပြင်၍မရသည့်တိုင် အနည်းဆုံး မိမိသည် နောက်ထပ်အမှားမလုပ်မိစေရန် ဆင်ခြင်သတိမြဲလာပါမည်။မိမိအမှားကြောင့် နစ်နာသွားသူရှိခဲ့လျှင်လည်း ထိုသူကို မိမိအမှားအတွက် ဝန်ခံနိုင်မည်။တောင်းပန်နိုင်မည်။

အကောင်းဆုံးက မိမိသည် အမှားကို မြင်နိုင်ခဲ့ပြီ။ပြင်လည်း ပြင်နိုင်ခဲ့ပြီ။

မှားတတ်တာက လူ့သဘာဝပါ။အမှားနည်းတာက လူ့အရည်အချင်းပါ။အမှားတစ်ခုကို သုံးသပ်ပြီး နောက်ထပ်မမှားအောင် ပြုပြင်နိုင်သူက “လူတော်” ပါ။

ရိုက်မောင်း