【 ဆောင်းပါး 】 သောကအပူ ..... ဉာဏ်နဲ့ကူ

【 ဆောင်းပါး 】 သောကအပူ ..... ဉာဏ်နဲ့ကူ

ပူပင်သောကဆိုတာ စိတ်ခံစားမှုဝေဒနာတစ်မျိုးပါ။ပူပင်သောကများလာလျှင် ရုပ်ခန္ဓာကြီးအတွက်ပါ စိုးရိမ်ရပါသည်။တချို့ဆိုလျှင် မအိပ်နိုင် မစားနိုင်ဖြစ်ကာ အသက်သေသည်အထိ ဖြစ်သွားသည်။

သောကဝေဒနာကို လိုတာထက် ပိုလက်ခံထားမိ၍ အတွေးတွေပိုလာလျှင် စိတ်ခံစားမှုကို မထိန်းထားနိုင်တော့ဘဲ ရူးသွားတတ်သဖြင့် အထူးသတိထားရမည်ဖြစ်သည်။

သောကအပူက လူတိုင်းမှာရှိတတ်တာပါ။လူတစ်ယောက်က သူ့အတွက်ရော၊ သူ့မိသားစုအတွက်ရော၊ သူ့ပတ်ဝန်းကျင်အတွက်ပါ သောကရှိသည်။ကြိုတင်ပြီး စိုးရိမ်သောကဖြစ်သည်။လက်ရှိ နဖူးတွေ့ဒူးတွေ့ ကြုံတွေ့နေရသည့်အပေါ် သောကဖြစ်သည်။ပြီးခဲ့သည့်အတိတ်ကို ပြန်တွေးရင်းလည်း သောကဖြစ်သည်။ဘဝတစ်သက်တာလုံး သောကကို ရင်မှာပိုက်သွားရသူတွေရှိသည်။သောကအပူသည် လူကို အတော်ဒုက္ခပေးနိုင်သည်။သောကများခြင်းသည် သာမန်ကိစ္စတစ်ခုတော့ မဟုတ်ပါ။အရွယ်ရောက်ချိန်တွင် တချို့က ရုပ်မလှ၍၊ တချို့က ပိုက်ဆံမရှိ၍၊ တချို့က အတတ်ပညာမရှိ၍ စသဖြင့် သောကတွေဖြစ်ပြီး လူတောမတိုးရဲတာမျိုးဖြစ်သည်။တစ်စုံတစ်ခုကို နှစ်သက်စွဲလမ်းပြီး လိုချင်ပိုင်ဆိုင်ချင်ကာ သောကများသည်။ရရှိပြန်တော့လည်း ပိုင်ဆိုင်ထားတာကို လက်လွတ်သွားမှာ စိုးရိမ်ကာ သောကများပြန်သည်။

သောကအပူ ဖိစီးမှုကို မခံနိုင်သောကြောင့် စိတ်ထွက်ပေါက်ရှာကာ အရက်သောက်၊ ဖဲရိုက်၊ အပျော်လိုက်တာမျိုးလုပ်ရင်း စိတ်ရော လူရော ပျက်စီးဆုံးရှုံးရသည်။တချို့ကျတော့ သောကအပူဒဏ်ကြောင့် စိတ်ဓာတ်ကျပြီး ကျန်းမာရေး၊ လူမှုရေးတွေ ဆုံးရှုံးရသည်။ဘာပဲဖြစ်ဖြစ် သောကစိတ်ကို အသိတရားနှင့် တောင့်မခံနိုင်ဘဲ အလျှော့ပေးလိုက်ခြင်းဖြင့် ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်ရမှာပါ။

သောကဖိစီးပြီး စိတ်ဓာတ်ကျကာ မိမိကိုယ်ကိုပျောက်ဆုံးသည့် အခြေအနေကို ရောက်ရှိသွားတတ်သည်။အဆင်မပြေတာတွေများလာလျှင် ဖြစ်တတ်ပါသည်။ပြန်လည်ဆင်ခြင်သုံးသပ်ဖို့ သတိမကပ်မချင်း ခန္ဓာကိုယ်ကြီးရှိနေလျက်နှင့် ဘဝရှေ့ရေးအတွက် အဓိပ္ပါယ်မဲ့သွားရပါသည်။

စိုးရိမ်စိတ်နှင့် ပူပင်သောကဖြစ်တတ်တာ သဘာဝဖြစ်သည်။ပူပင်သောက မရောက်ဖူးသူ မရှိပါ။လူတိုင်းမှာ သူ့အပူနှင့်သူ ရှိတတ်ပါသည်။လောလောဆယ် အသက်ရှင်နေသေးတာပဲဆိုသည့် အတွေးနှင့် စိတ်ကိုထိန်းရပါမည်။လူတစ်ယောက်က အသက်ရှင်ရပ်တည်နေနိုင်သေးသည်ဆိုလျှင် သူမျှော်လင့်ထားတာရော၊ မမျှော်လင့်ထားတာရော ဘာမဆိုဖြစ်လာနိုင်ပါသည်။

ဘုရားရှင်ပွင့်တော်မူစဉ်က သောကပဋိဒေဝမီးတောက်လောင်ကာ ရူးသွားသော ပဋာစာရီဆိုတာရှိခဲ့ပါသည်။

ပဋာစာရီသည် သာဝတ္ထိပြည်ရှိ ကုဋေလေးဆယ်ကြွယ်ဝသော သူဌေးကြီး၏ သမီးဖြစ်ပြီး ရုပ်ရည်အဆင်း အလွန်လှပချောမွေ့သည်။အရွယ်ရောက်သောအခါ သူ့အိမ်မှ ကျွန်တစ်ယောက်နှင့် ချစ်ကြိုက်သည်။မိဘများက သူတို့ချစ်ခြင်းကို ခွဲမှာစိုး၍ သူ့ချစ်သူ ကျွန်ဒါသနောက်သို့ ခိုးရာလိုက်ခဲ့သည်။မိဘများနှင့်ဝေးသော ရွာတစ်ရွာမှာ နေထိုင်ကြသည်။

ကိုဒါသက မယားဖြစ်သူကို အငှားလယ်ထွန်သမားအဖြစ် လုပ်ကိုင်ကျွေးသည်။ပဋာစာရီက ရေခပ်၊ မောင်းထောင်း၊ ထမင်းချက်ကာ အိမ်ရှင်မတာဝန်ကို မလစ်ဟင်းစေခဲ့ပေ။ပဋာစာရီသည် ဆင်းရဲဒုက္ခရောက်သော်လည်း တစ်ချက်မညည်းညူဘဲ ကျရာဘဝမှာ အဆင်ပြေအောင် နေခဲ့သည်။

သည်လိုနှင့် ကိုယ်ဝန်ရှိလာခဲ့သည်။ကိုယ်ဝန်ရင့်လာသောအခါ ယောင်္ကျားဖြစ်သူကို မိဘများထံ လိုက်ပို့ခိုင်းသည်။ကိုဒါသက မိဘများကို ကြောက်ရွံ့သဖြင့် ငြင်းသည်။နောက်ဆုံး ကိုဒါသ အပြင်သွားနေစဉ် သူတစ်ယောက်ထဲ ထွက်လာခဲ့သည်။ကိုဒါသက သိလျှင်သိချင်း နောက်မှလိုက်လာပြီး အိမ်ပြန်ခေါ်သည်။ပဋာစာရီက ပြန်မလိုက်။ထိုအချိန်မှာပဲ ဗိုက်နာလာပြီး ကလေးမွေးတော့သည်။လင်မယားနှစ်ယောက် သားကိုချီပြီး သူတို့အိမ်ကိုပဲ ပြန်ဖြစ်ခဲ့သည်။

ဒုတိယအကြိမ် ကိုယ်ဝန်ရှိပြန်သည်။ကိုယ်ဝန်ရင့်လာသောအခါ ပဋာစာရီက မိဘအိမ်သို့ သွားရန် ပြောပြန်သည်။ကိုဒါသကလည်း တားပြန်သည်။ကိုဒါသ မရှိတုန်း သားအကြီးကိုလက်ဆွဲကာ ထွက်ခဲ့ပြန်သည်။ကိုဒါသကလည်း သိသိချင်းလိုက်လာပြန်သည်။လမ်းမှာပင်တွေ့ကြပြန်သည်။ထိုအချိန်မှာပင် မိုးက သည်းထန်စွာရွာလာသည်။ကိုဒါသက မိုးရေလွတ်ရာကို လိုက်ရှာရင်း တောင်ပို့တစ်ခုကို အုပ်မိုးထားသော ချုံပုတ်ကိုရှင်းရင်း တောင်ပို့ထဲမှ မြွေထွက်ကိုက်သဖြင့် သေဆုံးသွား၏။ပဋာစာရီက မသိဘဲ ‌ယောင်္ကျားကိုမျှော်နေရင်း မိုးထဲလေထဲမှာ သားလေးမွေးပြန်သည်။

မိုးစဲသွား၍ သားငယ်ကိုပွေ့၊ သားကြီးကိုလက်ဆွဲပြီး ‌ယောက်ကျားကို လိုက်ရှာတော့ သေဆုံးနေသော လင်ယောင်္ကျား၏ အလောင်းကိုသာ တွေ့ရသည်။သို့နှင့် မိဘတို့ထံ ဆက်သွားဖို့ကလွဲပြီး တခြားနည်းလမ်းမရှိပြီမို့ သားတစ်ယောက်ကိုချီ တစ်ယောက်ကိုလက်ဆွဲကာ ခရီးဆက်ခဲ့သည်။

ပဋာစာရီလည်း သားနှစ်ယောက်နှင့်အတူ မိဘများရှိရာသို့ ဆက်သွားရင်း ရေစီးဆင်းနေသော ချောင်းကို တွေ့လိုက်ရသဖြင့် သားကြီးကို ကမ်းစပ်မှာ ခဏထားခဲ့ပြီး သားငယ်ကိုချီကာ ချောင်းတစ်ဖက်သို့ ကူးသွားသည်။ တစ်ဖက်ကမ်းသို့ရောက်တော့ သစ်ရွက်များခင်းကာ သားငယ်ကို ချထားခဲ့ပြီး သားကြီးကိုခေါ်ရန် ချောင်းကို တစ်ဖန်ဖြတ်ကူးခဲ့သည်။ထိုစဉ် စွန်ရဲတစ်ကောင်သည် သားငယ်ကို ထိုးသုတ်ရန်လာသည်ကို တွေ့ရသောကြောင့် လက်နှစ်ဖက်ကိုမြှောက်ပြီး ရွှေးရွှေးဟု မောင်းလိုက်သည်။သို့သော်လည်း စွန်ရဲက သားငယ်ကို သားထစ်အထင်နှင့် ထိုးသုတ်ချီသွားလေတော့သည်။တစ်ဖက်ကမ်းမှ သားကြီးကလည်း သူ့ကိုလှမ်းခေါ်သည်ထင်ပြီး ချောင်းထဲဖြတ်ကူးလာရင်း ရေနစ်သေသွားပြန်သည်။

ပဋာစာရီတစ်ယောက် သောကမီးက ရင်မှာပူလောင်နေလေပြီ။သူ့မှာ တွယ်တာစရာ မိဘများသာရှိတော့သည်မို့ မိဘများထံ လာခဲ့သည်။သာဝတ္ထိသို့ရောက်သောအခါ မိဘနှစ်ပါးနှင့် မောင်ဖြစ်သူတို့၏ သတင်းဆိုးကိုကြားရသည်။တစ်နေ့က လေပြင်းမုန်တိုင်း တိုက်ခတ်သဖြင့် မိဘများ၏ နေအိမ်တစ်ခုလုံး ပြိုကျပျက်စီးကာ သူတို့သုံးယောက်လုံး သေဆုံးသွားကြလေပြီ။

ပဋာစာရီသည် ဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘဲ အသိလွတ်ကာ ခန္ဓာကိုယ်တွင် ထဘီအင်္ကျီ မကပ်နိုင်တော့လောက်အောင် သတိလွတ်ပြီး ခြေဦးတည့်ရာ လျှောက်သွားနေသည်။

ဘုရားရှင်က ပဋာစာရီ၏ ဉာဏ်စဉ်သည် အကျွတ်တရားရဖို့အချိန် ရောက်နေမှန်း သိလိုက်သည်မို့ သူ့ကိုကျောင်းတော်သို့ ရောက်လာစေရန် အာရုံညွတ်သည်။

ပဋာစာရီလည်း သွားလာလှုပ်ရှားနေရင်းမှ ဘုရားရှင်၏ ကျောင်းတော်သို့ ရောက်လာ၏။ကျောင်းတော်ကိုမြင်သည်နှင့် ဘုရားရှင်ကို ဖူးမြင်ရန် သတိတစ်ချက်ဝင်လာပြီး ကျောင်းတော်အတွင်း ဝင်လာသည်။

ပဋာစာရီကို ဘုရားရှင်ရှိရာသို့ မလာစေရန် ပရိသတ်က တားထားသော်လည်း ဘုရားရှင်က လာခွင့်ပေးရန်ပြောသဖြင့် သူ့ကိုလမ်းဖွင့်ပေးလိုက်ရသည်။ဘုရားရှင်က ချစ်သမီး အသိလေး သတိလေး ကပ်ပါဦးဟု ပြောလိုက်သောအခါ ရုတ်တရက်သတိဝင်လာတော့မှ သူ့ကိုယ်မှာ အဝတ်မပါသည်ကို ရှက်သွားပြီး ထိုင်ချလိုက်သည်။ပရိသတ်ထဲမှ အမျိုးသားတစ်ယောက်က လုံချည်ကို လှမ်းပေးလိုက်ရသည်။သည်တော့မှ သူ့ကိုယ်သူ လုံချည်နှင့် ခြုံရရှာသည်။

ဘုရားရှင်က သံသရာတစ်လျှောက်လုံးမှာ မိဘသေ၊ လင်ယောင်္ကျားသေ၊ သားသမီးသေခဲ့ရ၍ ကျခဲ့သည့် မျက်ရည်တွေသာစု ပေါင်းလိုက်လျှင် သမုဒ္ဒရာလေးစင်းထက်ပင် ပိုလိမ့်မည်ဖြစ်ကြောင်း၊ ဘဝတွေ ကျင်လည်နေသမျှကာလပတ်လုံး သည်အဖြစ်မျိုးတွေနှင့် ကြုံရမှာ မလွဲသဖြင့် ဒီဘဝတွေရပ်၊ ခန္ဓာတွေပြတ်ပါမှ အေးချမ်းနိုင်မည်ဖြစ်ကြောင်း ဟောသည်။

တရားတော်ဆုံးသည်နှင့် ပဋာစာရီသည် သောတာပန်ဖြစ်သည်။ဘုရားရှင်ကို ခွင့်ပန်လျှောက်ထားကာ ဘိက္ခုနီ ဝတ်သည်။ဘိက္ခုနီဘဝနှင့် ဘုရားရှင်၏ ဟောပြောလမ်းညွှန်မှု၊ ကိုယ်တိုင်တရားအားထုတ်မှုများကြောင့် မကြာမီမှာပင် ရဟန္တာမဖြစ်လာပြီး ဝိနည်းအရာမှာ အထူးချွန်ဆုံး ဧတဒဂ်ဘွဲ့ ရသည်။

ပဋာစာရီက သောကအပူတွေနှင့် နှစ်တွေကြာမှ တစ်ခုပြီး တစ်ခု ကြုံရတာမဟုတ်ပါ။အချိန်ခဏလေးအတွင်းမှာ သူအချစ်ရဆုံးတွေ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြတာပါ။တကယ်ကြေကွဲစရာပါ။ရှက်ရမှန်း ကြောက်ရမှန်း မသိနိုင်တော့သည်အထိ သောကအပူမီး တောက်လောင်ခြင်းကို ခံခဲ့ရသည်။

သူသည် အသက်ရှင်နေသေးသဖြင့် သူကိုယ်တိုင် သတိမထားမိသော်လည်း သူ့ဘဝအတွက် သူ့မှာမျှော်လင့်ချက်ရှိနေခဲ့သည်။သူ့မှာ အသိတွေ သတိတွေ မရှိသော်လည်း ကံတရားရှိနေခဲ့သည်။သူ့ကုသိုလ်ကံအရ ဘုရားရှင်၏ ကျောင်းတော်ကို ရောက်ခဲ့သည်။အခြားအရာတွေ သတိမရသော်လည်း ဘုရားရှင်ကို ဖူးမြင်ရန်တော့ သတိရခဲ့သည်။ထို့ကြောင့် ဘုရားရှင်ကို ဖူးမြင်သည်။တရားနာသည်။တရားကျင့်သည်။ရဟန္တာဖြစ်သည်။

လူတစ်ယောက်မှာ အနန္တတန်ဖိုးရှိလေသည်။ဘာမဆိုဖြစ်နိုင်လေသည်။လူတိုင်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားသင့်သည်။အသက်ရှိနေသေးသမျှ၊ အသိရှိနေသေးသမျှ၊ သတိရှိနေသေးသမျှ လုပ်နိုင်သည့် စွမ်းအားတွေရှိပါသည်။သူများဒုက္ခ၊ သူများသောကကို လျော့သွားအောင်၊ မရှိတော့အောင် ကူညီနိုင်သည်။အကယ်၍ သူတို့ကို မကူညီနိုင်လျှင်လည်း စိတ်သောက အဖိစီးမခံဘဲ ကိုယ့်ကိုယ်ကို သတိထားနိုင်မည်ဖြစ်သည်။

သတိလေးကပ်ပြီး ကိုယ့်အတွက်ရော သူတို့အတွက်ရော အသိလေးနှင့် နှလုံးသွင်းရပါမည်။

“လောကကြီးက မမြဲပါလား။သူတို့လည်း မမြဲ၊ ငါလည်း မမြဲပါလား။လူဆိုတာ သေမျိုးချည်းပါလား။သူတို့သေသလို ငါလည်း တစ်နေ့ သေရမှာပါလား။သူတို့ အခုသေသွားပေမယ့် တခြားဘဝတစ်ခု စတင်နေပြီပဲ။ကောင်းစားချင် ကောင်းစားနေမှာပဲ။သူတို့တွေ ကောင်းရာဘဝရောက်ပါစေ။ရောက်ရာဘဝမှာ အစစအရာရာ အဆင်ပြေပါစေ” ဟု။

ရိုက်မောင်း