【 ဆောင်းပါး 】 သားနှစ်ယောက်အမေ မျက်ရည်တွေနဲ့

【 ဆောင်းပါး 】 သားနှစ်ယောက်အမေ မျက်ရည်တွေနဲ့

သား ၂ ယောက် မွေးထားတဲ့ အဘွားက သူ့သားတွေ အရွယ်ရောက်လာတော့ ကိုယ့်ရပ်ကိုယ်ရွာကို စွန့်ခွာသွားမှာ သိပ်စိုးရိမ်ခဲ့တယ်။ကိုယ့်ဒေသမှာကိုယ် ကြီးကြီးပွားပွားနဲ့ နေနိုင်နေပြီဆိုတော့ ကိုယ့်အရပ်မှာပဲ ဥမကွဲသိုက်မပျက် ဆက်လက်ကြီးပွားစေချင်တာ အဘွားရဲ့ မျှော်လင့်ချက်။ဒါ့ကြောင့် သူ့သား ၂ ယောက် တခြားဒေသက မိန်းမတွေနဲ့ရပြီး ဆံထုံးနောက်ယောင်ပါ ပြောင်းရွှေ့သွားမှာမျိုးကို မလို။

မိန်းမ မယူနဲ့လို့ တားလည်း ရမှာမဟုတ်တော့ ကိုယ့်ရပ်ကိုယ့်ရွာက မိန်းကလေးကို ရှာကြလို့ အလျဉ်းသင့်တိုင်း ပြောလေ့ရှိတယ်။ကိုယ့်ရပ်ကိုယ့်ရွာတောင် ဖြစ်နိုင်ရင် ကိုယ်နဲ့အတွင်းသိ၊ကိုယ့်နီးနီးနားနားက မိန်းမရှာယူနိုင်ရင် အကောင်းဆုံးလို့လည်း နောက်ထပ်ညွှန်ကြားချက် ထပ်ပေးတယ်။

အဘွားရဲ့ သား ၂ ယောက်စလုံးက ရပ်ထဲရွာထဲ လူငယ်သဘာဝဆိုပြီး မူးယစ်ရမ်းကားတာမျိုး မရှိ။မိဘက ပိုက်ဆံရှိလို့ သုံးဖြုန်းလေလွင့်နေတာမျိုးလည်း မရှိရုံတင်မက တောမှာ အတန်းပညာ ၁၀ တန်းအဆင့်ရှိတာတောင် ပိပိပြားပြားနဲ့ အောက်ခြေသိမ်းအလုပ်တွေ လုပ်ကိုင်ကြသူတွေဆိုတော့ အဘွားအတွက် ဂုဏ်ရှိတာပေါ့။

ပြောရရင် သားမက်တော်ချင်သူတွေက ခပ်များများ။တချို့ရင်းနှီးတဲ့ အပျိုလေးတွေက သားတွေရဲ့ နောက်ကွယ်မှာ ယေက္ခမကြီးလို့ ခေါ်တာကိုလည်း အဘွားက ကျေနပ်နေတတ်တယ်။ဒါပေမဲ့ ချွေးမလိုက်စပ်တာမျိုး မရှိ၊ လျှောက်အောင်သွယ်တာမျိုး ဝါသနာမပါ။သားတွေ သူတို့ကြိုက်ရာ ယူလာခဲ့ကြ။ကိုယ့်ဒေသကဆိုရင် ကျေနပ်ပြီဆိုတာမျိုး။

ဒါပေမဲ့ အဘွားကသာ စိတ်ပူနေတာ သူ့သား အကြီးကောင်က ၁၀ တန်း တစ်နှစ်ကျပြီးနောက် ကျောင်းဆက်မတက်ဘဲ မိဘလယ်ယာမှာ ဝင်လုပ်နေတဲ့အထိ ရည်းစားသနဆိုတာလည်းမရှိ၊သူကြိုက်နေတာလည်း တစ်ယောက်မှမရှိ၊ မိန်းမကိစ္စ  စိတ်မဝင်စားသလိုလို။သူ့ဘာသာ စိုက်ပျိုးရေးလုပ်ငန်းကို ပိပိပြားပြားလုပ်၊ စာတွေပေတွေဖတ်၊ ရပ်ရေးရွာရေး အားတက်သရောကူညီပေး၊ လယ်ထဲမသွားဘဲ ရွာမှာရှိနေတဲ့အချိန် မနက်ပိုင်း လက်ဖက်ရည်ဆိုင်လေးဘာလေးထိုင်၊ အဲဒီလောက်ပဲ။လူပျိုလှည့်တယ်တွေ ဘာတွေလည်း မကြားမိ။

သားအငယ်ကောင်ကျတော့ ၉ တန်းနှစ်ကတည်းက သူတို့အထက်တန်းကျောင်းက ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်။အဲဒီတစ်ယောက်နဲ့ ပြတ်ပြီးတော့ နောက်တစ်ယောက်ကို ထပ်ချိန်နေတဲ့အသံ ကြားနေရတော့ မိန်းမရမှာ မပူရမယ့် အစားထဲက။

အဲဒါကြောင့် သူတို့အဖေ ကျနော့်အဘိုးက သူ့သား အကြီးကောင်ကို သူတို့လူကြီးတွေ ပေးစားမှသာ မိန်းမရမယ့်ကောင်ကို တစ်ဆုံးတွေးထားခဲ့တယ်။ဘာပဲဖြစ်ဖြစ် သူတို့သား အကြီးကောင် လယ်အလုပ်ကို စိတ်ဝင်တစား ကြိုးကြိုးစားစားနဲ့ လုပ်ကိုင်နေတော့ အဘိုးလည်း အနားရ။အကြီးကောင် လယ်လုပ်ပြီး ၂ နှစ်အကြာ မှာ လုံးဝလှည့်ကြည့်စရာမလိုဘဲ လွှဲလိုက်နိုင်ရုံတင်မက ခေတ်အမြင် ဆန်းသစ်မှုတွေနဲ့ လုပ်ကိုင်တာကြောင့် စပါးအထွက်နှုန်းလည်း တိုးလာကာ အတိုင်းထက်အလွန် ကျေနပ်ကြရ။

အဘွားက “အမေ့သားကြီး အလုပ်အကိုင်လည်း အတည်တကျဖြစ်ပြီ။မိန်းမမယူသေးဘူးလား” လို့ မိသားစုထမင်းဝိုင်းမှာ နောက်သလိုပြောင်သလိုနဲ့ စကားစကြည့်တော့ “အမေ ကိုယ်စားရမယ့်ဟာကို တခြားမိန်းမတစ်ယောက်ကို တော်တော်ကျွေးချင်နေလား” လို့ သူ့သားအကြီးကောင်က ပြန်ပြောတာခံရ။မိဘကို လုပ်ကျွေးနေတဲ့ သားအဖြစ် ကျေနပ်ရပြန်တယ်။

သားအငယ်ကတော့ ၁၀ တန်းရောက်တဲ့နှစ်မှာ သူကြိုက်နေတဲ့ အမျိုးသမီးက ရန်ကုန်မှာ အလုပ်သွားလုပ်ပြီဆိုတော့ သူလည်း အဲဒီခေတ် ၉ တန်းအောင်တွေကိုပေးတဲ့ တန်းမြင့် ကျောင်းထွက်လက်မှတ်ထုတ်ကာ ရန်ကုန်လိုက်သွားတော့တယ်။

သူတို့ သား ၂ ယောက်စလုံးက မဆိုးမတေပေမယ့် အဖေတူ ထင်ရာဇွတ်လုပ်တတ်တာမို့ ဘယ်လိုမှ ပြောမရ။ရန်ကုန်မှာ အဘိုးရဲ့ အစ်မနဲ့ တူမ သူဌေးတွေက ရှိပြီးသားမို့ သားအငယ် နေရေးစားရေး ပူစရာမလို။ဘယ်လိုတားတား ရမှာမဟုတ်မှန်းသိတဲ့ အဘိုးက သူ့သားအငယ်နဲ့အတူ ရန်ကုန်လိုက်သွားပြီး ရန်ကုန်မှာ အလုပ်အကိုင်ရရှိရေး ကြိုးစားပေးတော့တယ်။

သူတို့ သားအငယ်က လယ်ယာလုပ်ငန်း စိတ်မဝင်စားတဲ့သူ။တခြားစီးပွားရေးလုပ်ငန်းတွေလည်း မလုပ်ချင်။အဘိုးရဲ့ အစ်မနဲ့ တူမတို့ ရန်ကုန်မှာ သူဌေးကြီးဖြစ်တဲ့အထိ ကြီးပွားနေတဲ့ စက်မှုလုပ်ငန်းလည်း မလုပ်ချင်။အဲဒီခေတ် လူအထင်ကြီးတဲ့ ဘောပင်ကိုင်တဲ့ စာရေးစာချီအလုပ်ပဲ လုပ်ချင်တယ်ဆိုတော့ အသိုင်းအဝိုင်းအားကိုးနဲ့ ရှာရဖွေရ။ရန်ကုန်ရောက်ပြီး ၆ လလောက်ကြာတော့ စာရေးအလုပ် ရပြီတဲ့။

ရိုးသားကြိုးစားတဲ့ စာရေးလေးတစ်ယောက် အလုပ်ရပြီးတာနဲ့ ရုံးကလွှတ်တဲ့ နယ်မြို့တစ်မြို့ကို ရောက်သွားတယ်။အဘွားခမျာ သူ့သားအငယ်ကို တားမရလို့ ရန်ကုန်လွှတ်လိုက်ရတာ။ဟော အခုအလုပ်ရပြီးတာနဲ့ ပုသိမ်ကို ပြောင်းရပြီဆိုတော့ စိတ်မချ၊စိတ်တွေ ဆင်းရဲရ။သူ့သားကတော့ ငယ်တုန်းရွယ်တုန်း မိန်းမမရခင် ရုံးကလွှတ်သမျှ နယ်တကာ အနာခံသွားထားမှ နောက်ပိုင်း ရာထူးတိုးမြန်မယ်။လွှတ်ချင်ရာလွှတ် အတွေ့အကြုံရမယ်၊ သွားမယ်ဆိုတာချည်း။

အလုပ်ရပြီး ၁ နှစ်ကျော်ကြာတော့ သူ့ရည်းစားနဲ့ မြန်းထားချင်ပြီတဲ့။သားအငယ်ရဲ့ အမျိုးသမီးက ခပ်ချောချော။သူလည်းပဲ ရန်ကုန်မှာ လက်နှိပ်စက်စာရေး အလုပ်ရနေပြီမို့ ယူပြီးရင် ရန်ကုန်မှာပဲ အခြေချကြမယ်ပေါ့။

မြန်းပြီးတဲ့နှစ်၊ စပါးသိမ်းလို့ ငွေပေါ်ပြီဆိုတာနဲ့ အဘိုးက သူ့သားအငယ် မိန်းမယူပြီးရင် နေဖို့ ရန်ကုန်က တောင်ဥက္ကလာမြို့သစ်မှာ အိမ်တစ်လုံး ဝယ်ပေးလိုက်တယ်။အဘိုးက သမီးမိန်းကလေးမရှိသူမို့ ချွေမချောကို သမီးသဖွယ်။မယူခင်ကတည်းက ရန်ကုန်ရောက်တာနဲ့ သားနဲ့ ချွေးမကိုခေါ်ကာ ချွေးမအတွက် ရွှေတွေလုပ်ပေး၊ မုန့်ဖိုးတွေပေး၊ အဝတ်အစား ကြိုက်တာဝယ် ငွေထုတ်ပေး။

သူ့အစ်ကိုကြီး လယ်သမားကြီးကလည်း သူ့ညီရဲ့ မိန်းမလောင်းကို ရန်ကုန်ရောက်တာနဲ့ နင့်နေအောင် မုန့်ဖိုးတွေပေးလို့။အဘွားကတော့ သူနဲ့အတူ တောမှာမနေတော့မှာ သေချာတဲ့ သားအငယ်အတွက် နောက်ကွယ်မှာ မျက်ရည်တွေ ကြိတ်ကျရတယ်။

ဘာပဲဖြစ်ဖြစ် သားအကြီးရှိနေသားပဲလို့ ဖြေတွေးရတယ်။သူ့သားအကြီးကတော့ သားအငယ်သာ မိန်းမယူသွားတယ်။သူကတော့ တုပ်တုပ်မလှုပ်။သူ့လယ်အလုပ်၊ သူ့စာအုပ်တွေနဲ့ သူရှုပ်လို့။

ငြိမ်းဆက်