【 ဆောင်းပါး 】 သင်္ကြန်ကာလ…..ရှမ်းတောင်ခရီး

【 ဆောင်းပါး 】 သင်္ကြန်ကာလ…..ရှမ်းတောင်ခရီး

နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ကျရောက်သည့် တန်ခူးလ၏ နွေသည် တစ်နှစ်ထက် တစ်နှစ် ပို၍ပူလာသည်။
 
သင်္ကြန်ကာလ ခရီးထွက်သူများသည် တချို့က အပူသက်သာသော ဒေသများသို့ ခရီးထွက်သူများလာသည်။
 
ယခုနှစ် သင်္ကြန်ကာလတွင် ကလော၊ တောင်ကြီး၊ အင်းလေးဒေသများသို့ ခရီးထွက်ကြသူများ သည်။
 
သစ်တောသစ်ပင်များနှင့် စိမ်းစိုသာယာလှပပြီး ဆိတ်ငြိမ်ရာ ခရီးစဉ်နေရာများသည် ကိုဗစ်ကာလ နောက်ပိုင်းတွင် ခေတ်စားလာသည်။မြို့ပြဒေသများ၌ နေထိုင်သူများသည် ဥယျာဉ်၊ တောတွင်း၊ တောင်ပေါ်ခရီးစဉ်များကို သွားရောက်လည်ပတ်သူများလာကြသည်။
 
          ကလောမြို့
 
ကလောမြို့သည် သုံးရာသီပတ်လုံး အေးချမ်းသော တောင်ပေါ်မြို့လေးတစ်မြို့အဖြစ် ထင်ရှားသည်။ထို့ကြောင့် နွေရာသီ အပူရှောင်ချင်သူများသည် ကလောမြို့ကို သွားရောက်လည်ပတ်ကြသည်။ကလောမြို့ Trekking ခရီးစဉ်သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအကြား အလွန်ထင်ရှားသော ခရီးစဉ်ဖြစ်သည်။ကိုဗစ်ကာလ မတိုင်မီက ကလောမြို့မှ အင်းလေးကန်သို့ တောလမ်းခရီးဖြင့် သွားရောက်လည်ပတ်သည့် Trekking ခရီးစဉ်များ ရှိခဲ့သည်။
 
နွေရာသီတွင် အပူရှောင်ချင်သူများအတွက် တောင်တက်ခရီးစဉ်များ ခေတ်စားလာသည်။ဆင်တောင်၊ အိုးစည်တောင်၊ ဗျိုက်တောင် စသည့် တောင်တက်ခရီးများကို ခရီးသွားလုပ်ငန်းတို့ ခရီးစဉ်ရောင်းချရာတွင် ထည့်သွင်းလာကြသည်။တောင်တက်ခရီးစဉ်များကို သွားလာရင်း ပအိုဝ့်၊ တောင်ရိုး၊ ဓနုတိုင်းရင်းသားများ၏ ဓလေ့များကို လေ့လာနိုင်သဖြင့် ခရီးသွားသူများ စိတ်ဝင်စားလာကြသည်။
 
ကလောဘူတာ၊ ကလောနာရီစင်၊ ကလောမြို့မဈေးနှင့် View Point သည် ကလောမြို့ရောက်သူတိုင်း သွားလာလည်ပတ်သော နေရာများဖြစ်သည်။
 
ကလောမြို့လေးသည် တောင်တန်းများ ဝန်းရံထားပြီး ထင်ရှူးပင်များစွာ လွှမ်းခြုံနေသော ထင်းရှူးမြို့တော်လည်းဖြစ်သည်။ပန်း၊ နှမ်းစိုက်ခင်းများ၊ လိမ္မော်စိုက်ခင်းများနှင့် နွေဦးမှာ ပွင့်တတ်သည့် စိန်ပန်းပြာများ၏ အလှတရားများက ရှုမငြီးတမ်း လှပနေသလို တိမ်ခိုးတိမ်ငွေ့များ၏ သဘာဝအလှတရားများကလည်း လာရောက် အပန်းဖြေသူတို့အတွက် အလှတရားများ ပေးစွမ်းသည်။
 
ယခုနှစ် သင်္ကြန်တွင် ကလောမြို့သို့ သွားရောက်လည်ပတ်သူများပြီး သင်္ကြန်မကျခင်ကတည်းက ဟိုတယ်၊ တည်းခိုခန်းများသည် ကြိုတင်ဘိုကင်များနှင့် ပြည့်နေကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သိရသည်။သင်္ကြန်ပိတ်ရက်တွင် ကလောမြို့၏ အလှတရားများကို လေ့လာရင်း အေးချမ်းစွာဖြင့် အပန်းဖြေ၍ရသော အကောင်းဆုံးနေရာအဖြစ် တည်ရှိပါသည်။ကလောမြို့မှ ပုဂံညောင်ဦးသို့ အလွယ်တကူသွားလာ နိုင်သလို တောင်ကြီး၊ အင်းလေးသင်္ကြန်သို့ ခရီးဆက်နိုင်သည်။
 
          တောင်ကြီးမြို့
 
သင်္ကြန်ကာလတွင် ရှမ်းပြည်တောင်ပိုင်းခရီးစဉ်များက ပြည်တွင်းခရီးသွားဧည့်သည်များကြားတွင် ထင်ရှားနေပါသည်။တောင်ပိုင်းခရီးစဉ်များတွင် ကလော၊ တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ပင်းတယ၊ ရွာငံ၊ အောင်ပန်း ခရီးစဉ်များက ခရီးသွားများသော ခရီးစဉ်များဖြစ်သည်။ကလော၊ တောင်ကြီးနှင့် အင်းလေး ခရီးစဉ်များကို တစ်ဆက်တည်း လည်ပတ်ကြသူများလည်းရှိသည်။
 
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့တွင်  ဟိုတယ်နှင့် တည်းခိုရိပ်သာ ၂၆၀ ကျော်ရှိပြီး ၂၀၂၄ ခုနှစ် သင်္ကြန်ကာလအတွက် ဟိုတယ်များ ကြိုတင်ဘိုကင်ပြည့်ခဲ့သည်။တောင်ပေါ်ဒေသတွင် ကျင်းပသော သင်္ကြန်တွင် တောင်ကြီးသင်္ကြန်ကလည်း အလွန်စည်ကားသော သင်္ကြန်ဖြစ်သည်။
 
တောင်ကြီးမြို့တွင် ရှမ်း၊ ဗမာ၊ တရုတ်၊ မူဆလင်နှင့် ဂေါ်ရခါး လူမျိုးအစုံ နေထိုင်ကြသည်။ပူပြင်းသော နွေရာသီတွင် တောင်ကြီးမြို့ကတော့ မြေပြန့်ဒေသထက် အပူလျော့သဖြင့် သင်္ကြန်ကာလ ပိတ်ရက်များတွင် အပန်းဖြေခရီးထွက် သူများအတွက် အဆင်ပြေသော ဒေသဖြစ်သည်။ 
 
သင်္ကြန်ကာလတွင် တောင်ကြီးမြို့ရှိ မွေတော်ကက္ကူဘုရား၊ ရွှေဘုန်းပွင့်စေတီ၊ ရပ်တော်မူဘုရား အစရှိသည့် ရှေးဟောင်းဘုရားစေတီများကို ဖူးမျှော်နိုင်သလို တောင်ကြီးသင်္ကြန်ပွဲမှာလည်း ပါဝင်ဆင်နွှဲနိုင်သည်။ထိုမှတစ်ဆင့် ပင်းတယမြို့နှင့် ရွာငံမြို့ရှိ ထင်ရှားသော နေရာများဆီ တစ်ဆင့်သွားလာနိုင်သော ခရီးစဉ်ဖြစ်သည်။
 
          အင်းလေးကန်
 
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအားလုံး စုံညီစွာကျင်းပသော အတာသင်္ကြန်ကာလတွင် အင်းလေးသင်္ကြန်ကလည်း ဆန်းကြယ်စွာ ကျင်းပသော သင်္ကြန်ဖြစ်၍ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ စိတ်ဝင်တစား သွားရောက်လည်ပတ်သော ခရီးစဉ်ဖြစ်သည်။
 
အင်းလေးရေပေါ်သင်္ကြန်သည် အင်းလေးကန်ရေပြင်ပေါ်တွင် လှေသမ္ဗန်များ၊ ဖောင်များဖြင့် ရေပက်ကြခြင်းဖြစ်ပြီး ရေပေါ်ဂီတရှိုးပွဲများ၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ယိမ်းအကများ၊ တိုင်းရင်းသားများ၏ ရိုးရာအကပြိုင်ပွဲ အစီအစဉ်များစွာ ပါဝင်ကြသည်။
 
သင်္ကြန်ကာလတွင် အင်းလေးသင်္ကြန်ကို ပါဝင်ဆင်နွှဲရင်း အင်းလေးဖောင်တော်ဦးဘုရား၊ အလိုတော်ပြည့်ဘုရား၊ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများ၊ ရှေးဟောင်းသမိုင်းဝင်ဘုရားများကို လေ့လာနိုင်သည်။အင်းလေးဒေသရှိ ရေပေါ် စိုက်ခင်းများသည် လှပပြီး စိတ်ဝင်စားဖွယ်ကောင်းသဖြင့် ခရီးသွားဧည့်သည်တိုင်း သွားရောက်ပြီး အလှဓာတ်ပုံများ ရိုက်ကူးသော နေရာဖြစ်သည်။
 
ထို့ပြင် ရှုခင်းအလှအပတို့ဖြင့် ပြည့်စုံသော မိုင်းသောက်တံတားသည်လည်း အင်းလေးဒေသသို့ သွားလာလည်ပတ်သူတို့အတွက် နှစ်သက်စရာ နေရာတစ်ခုဖြစ်သည်။အင်းလေးဒေသ၏ ရိုးရာလုပ်ငန်းများဖြစ်သော ရက်ကန်းလုပ်ငန်း၊ အင်းလေး ငွေထည်လုပ်ငန်းများသည် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ တကူးတကသွားရောက်လေ့လာသော လုပ်ငန်းများဖြစ်သည်။ 
 
ရှမ်းတောင်တန်းများ၏ နောက်ခံအလှတရားတို့ဖြင့် လှပနေသော အင်းလေးကန်တွင် နံနက်ခင်းနှင့် ညနေခင်း အင်းရေပြင်ပေါ်၌ စက်လှေဖြင့်သွားလာရသည့် ခံစားမှုသည် ပူပြင်းသောနွေရာသီကာလတွင် သာယာအေးချမ်းခြင်းတစ်မျိုးဖြစ်သည်။
 
ရှမ်းပြည်နယ်သို့ ၂၀၂၃ ခုနှစ် သင်္ကြန်ကာလအတွင်းက ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ခုနစ်ခွဲသောင်းကျော် ဝင်ရောက်ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (တောင်ကြီးရုံးခွဲ) မှ သိရသည်။ပြည်ပခရီးသွားဧည့်သည်များထဲတွင် တရုတ်ခရီးသွားဧည့်သည် အများဆုံးဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားဧည့်သည်များသည် ပုဂံ၊ တောင်ကြီး၊ အင်းလေးသို့ လည်ပတ်မှုအများဆုံးဖြစ်ကြောင်း သိရသည်။
 
စိမ်းညို့သောတောင်တန်းများ၊ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းများ၊ သစ်တောသစ်ပင်များ၊ ချယ်ရီပန်း၊ စိန်ပြာပန်းများနှင့် တိမ်စိုင်၊ တိမ်လိပ်တို့၏ စုံလင်သော အလှတရားရှိနေသော ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်များသည် နွေရာသီ၏ အိုအေစစ်များအဖြစ် သင်္ကြန်ကာလပိတ်ရက်များတွင် အပန်းဖြေအနားယူချင်စရာကောင်းသော ဒေသများအဖြစ် တည်ရှိနေသည်။
 
အမွန်