【 ဆောင်းပါး 】 လှူလျှင်ထားသည့် စိတ်တစ်ခု

【 ဆောင်းပါး 】 လှူလျှင်ထားသည့် စိတ်တစ်ခု

ကျနော် လမ်းသွားတိုင်း ငွေအကြွေဆောင်သွားလေ့ရှိသည်။

ယခင်ကတော့ ဘတ်စ်ကားစီးသည့်အခါ ပေးရန် ငွေအကြွေ တစ်ထောင်ဖိုးလောက် ဆောင်ထားလျှင် သုံးလေးရက် သွားလို့လာလို့ရသည်။ထိုစဉ်က ဟိုနားဒီနား တစ်ရာ၊ နည်းနည်းလှမ်းလျှင် နှစ်ရာ။တော်တော်လေးခရီးလှမ်းကြောင်းရှည်မှ သုံးရာသာ။ဒီတော့ အကြွေက အမြဲဆောင်ထားရသည်။

အကြွေဆောင်ထားတာက ကျနော့်အတွက် အလှူလည်းဖြစ်သည်။အကြွေရှိခြင်းကြောင့် လာသမျှ အလှူခံပုဂ္ဂိုလ်တိုင်း အများကြီးမဟုတ်သော်လည်း နိုင်သလောက် လှူနိုင်လေသည်။

လှူတယ်ဆိုတိုင်း သူဌေးလို့တော့ အထင်မကြီးကြပါနဲ့။ရှိသလောက်ထဲကနေ နိုင်သလောက်လှူခြင်းဖြစ်ကာ တစ်ခါတလေ လမ်းစရိတ်မကျန်လို့ လမ်းလျှောက်တတ်ရတာလေးတွေလည်းရှိသည်။သို့သော် ဒီလိုဖြစ်ရလို့ လှူတာမှာ စိတ်က ဘယ်တော့မှမပျက်ချေ။

တစ်ခါကဆိုလျှင် တောင်ဒဂုံဘက် သစ်ဆိုင်ကွေ့မှာ လမ်းဘေးဆိုင် ထမင်းစားနေတုန်း အသက်ခပ်ကြီးကြီးတစ်ယောက် ထမင်းစားချိန်မှာ ပိုက်ဆံလာတောင်းတာနှင့် ကြုံသည်။ထိုအဖိုးအိုမှာ ပိုက်ဆံတောင်းသော်လည်း မျက်လုံးက ကျနော်စားနေသည့် ထမင်းပန်းကန်မှာ။အချိန်က လည်း ထမင်းစားချိန်ဆိုတော့ ဗိုက်ဆာနေမည်ဖြစ်မည်။ကျနော့် အိတ်ကပ်ထဲ ကျန်တာ တွက်ပြီး ထိုအဖိုးကြီးကို ထမင်းတစ်နပ် ကျွေးလိုက်သည်။ထိုတုန်းက တစ်ခါပြင် ၅၀၀ ဆိုတော့ ကျနော့်အတွက် သိပ်ပြီးဝန်မလေး။ပြီးတော့ တကယ်ဆာလောင်နေသူကို ကျွေးရတာဖြစ်သဖြင့် စိတ်ထဲဖြစ်ရသည်။ပီတိက  ဘာနှင့်မှ မလဲနိုင်။တကယ်ကို ပြန်တွေးတိုင်း ကိုယ့်အလှူကိုယ် ပီတိဖြစ်ရသည်။

အလှူဆိုတာတွေးတိုင်း ငယ်စဉ်က အလှူတွေကို ပြန်သတိရသည်။ကျနော်တို့ ငယ်စဉ်ကဆိုတာ ၁၉၈၀ ကာလတွေ။ထိုကာလများတွင် အလှူလုပ်နိုင်သည့်လူက ရှားသလို လုပ်လည်း ရပ်ကွက်က ဝိုင်းဝန်းကြသဖြင့် ရပ်ထဲရွာထဲ အလှူရှိပြီဆို အလှူရှင်သာမက တစ်ရပ်လုံး တစ်ရွာလုံး ပင်ပန်းကြသည်။ထိုသို့သော အလှူမျိုးမှာ အလှူမစခင်ကတည်းက ဝက်အရင်ပေါ်ကြသည်။တချို့ကတော့ သန်ရာသန်ရာ။နောက်ပိုင်းမှာ အလှူတွေဆိုတာ အသားကြီးငါးကြီးအစား ငါးသလောက်ပေါင်း၊ ငပိကြော်၊ သရက်ချဉ်သုပ်ဆိုတာတွေနှင့် ဖြစ်လာတော့သည်။ ၁၉၈၀ ဝန်းကျင်ဆိုတာက စီးပွားရေးကျပ်တည်းစပြုလာနေသည့်အချိန်။ဒီလိုအချိန်မှာ အလှူလုပ်နိုင်သူတွေဆိုတာ ရေနံဆီမှောင်ခိုသမားတွေ၊ သမဆိုင်မှာ တာဝန်ခံလုပ်သူတွေ၊ ဆန်ကောက် ဆီကောက် သမစာအုပ် အပေါင်ခံကြသည့်သူတွေ။

မှတ်မှတ်ရရ ကျနော်တို့ အရပ်ဒေသက အလှူတစ်ခုတွင် အလှူပွဲဝင်လို့ အလှူလာသည့် လူတွေကို ကျွေးသည်နေ့တွင် မဏ္ဍပ်ထဲရောက်နေသည့် လူတွေကို အပြင် ပြန်မောင်းထုတ်သည့် ဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။အလှူရှင်က လူကြီးတွေ မကျွေးရသေးခင် အရပ်ထဲက လူတွေက အရင်ဝင်စားကြသဖြင့် ပြန်မောင်းထုတ်ရာကနေ အလှူရှင်နှင့် ရပ်ရွာက ဒေသခံတွေ ပြဿနာတက်သည်။နောက်တော့ ရပ်ရွာက အလျှော့ပေးလိုက်ပြီး ရေစက်ချရာတွင်  ဘယ်သူမှမလာတော့။ဘုန်းကြီးက ရေစက်ချရင်း ထိုဖြစ်ရပ်ကို အကြောင်းပြုပြီး တရားဟောသည်။တရားက တိုတိုတုတ်တုတ်။အလှူဆိုတာ စိတ်ပြတ်မှ လှူဖို့ လိုသလို လှူလျှင်လည်း သံသရာကို အထောက်အပံ့ဖြစ်ဖို့ စိတ်ကရည်သန်ဖို့ လိုကြောင်း၊ အလှူခံပုဂ္ဂိုလ်ဆိုတာကို ဘယ်သူဘယ်ဝါ ဘယ်လိုဖြစ်ရမည်ဟု ပြဋ္ဌာန်းလို့ မသင့်ကြောင်း၊ အလှူခံပုဂ္ဂိုလ်ဆိုသည်မှာ ကိုယ့်ကို ကုသိုလ်ပေးသည့်လူ ဖြစ်သည့်အတွက် ဘယ်လိုပဲဖြစ်ဖြစ် မခွဲခြားရကြောင်း ဟောခဲ့သည်ကို ကြုံခဲ့ရသည်။

ထိုစဉ်တုန်းကတော့ ဘုန်းကြီးဟောသည့် တရားကို သိပ်သဘောမကျ။အလှူရှင်ကို ဒီလောက်ပဲပြောရပါလားဟု စိတ်ထဲက ဘဝင်မကျ။အသက်ရလာသည်အခါ ဘုန်းကြီးပြောသည့် အလှူခံပုဂ္ဂိုလ်ကို ကိုယ်က ဘယ်သူဘယ်ဝါဆိုပြီး ပြဋ္ဌာန်းလို့ မရနိုင်တာကို သိလာသည်။တစ်ခါတလေ ကိုယ်က လှူချင်သည့် သဒ္ဒါစိတ်ဖြစ်နေ တာတောင် အလှူခံပုဂ္ဂိုလ် မရှိသည့်အခါ လှူလို့ မရနိုင်တာကို သိလာသည်။ထို့ကြောင့် နောက်ပိုင်းတွင် ကြုံရင်ကြုံသလို လှူနိုင်ရန် ငွေအကြွေများ ဆောင်ထားတော့သည်။

ယခု ကျနော်နေသည့် အရပ်ဒေသ-သည် အောက်ခြေလူတန်းစားများသော အရပ်ဖြစ်ရာ ကြုံရာကျပန်း လုပ်ကိုင်သူတွေ၊ စျေးရောင်းသူတွေ၊ အထည်ချုပ်သမတွေများသလို ပလုံကောက်သူတွေလည်းများသည်။တစ်ခါတရံ ကလေးငယ်တွေ ဘယ်ကနေမှန်းမသိ ရောက်လာကြသည်။ကလေးက ကလေးကို ပြန်ထိန်းဆိုသလို လေးငါးနှစ်လောက်ရှိသည့် ကလေးက တစ်နှစ်ကျော်ကလေးကို ခါးထစ်ခွင်ချီကာ ပိုက်ဆံလိုက်တောင်းနေတာလည်း ခဏခဏမြင်တွေ့ရသည်။တချို့ကတော့ ဒီလိုကလေးတွေကိုမြင်လျှင် မောင်းထုတ်တတ်သလို ဆိုင်တွေကလည်း အထဲအဝင်မခံ။ကျနော်ကတော့ ကြုံပါက ငွေမလှူဘဲ လဘက်ရည်ဆိုင်ထဲရှိလျှင် စမူဆာလို အကြော် တစ်ယောက် တစ်ခုပေးတတ်သလို တစ်ခါတလေ ငွေလေးရှိပါက မုန့်လေးဝယ်ပေးတတ်သည်။ငွေတော့ ကလေးတွေကို ပေးလေ့ရှိတာ နည်းသည်။

တစ်ရက်ကတော့ မြို့ထဲဘက်သွားရင်း ယခင်နေခဲ့သည့် ရပ်ကွက်ထဲ စောလို့ လမ်းကြုံဝင်မိသည်။ခိုင်ရွှေဝါလမ်းပေါ် လူရှုပ်လမ်းရှုပ်ပေါ်မှာ အမယ်အိုကြီးတစ်ယောက် မရှိဘူးဆို အသက်က ၈၀ ကျော်လောက်။ပလက်ဖောင်းမှာထိုင်ကာ မောနေသည်။ယောဂီရောင်ဖြင့် ပိုက်ဆံလိုက်တောင်းရာမှ နေ့လယ်ဘက်ဆိုတော့ အပူဒဏ်ကြောင့် နွမ်းနွယ်နေသည့်ပုံစံ။လူတွေက အနားကနေ ဖြတ်သွားသော်လည်း ဘယ်သူမှ ထူးပြီး ဂရုမစိုက်။ကျနော်က လဘက်ရည်ဆိုင်ကနေ မြင်နေရသဖြင့် တစ်ခုခုလုပ်ပေးရန် ဆိုင်မှထသည့်အခါ ကလေးမလေးတစ်ယောက်က ထိုအမယ်အိုကို လက်ဖြင့်မကာ အနီးရှိ ဆိုင်ထဲခေါ်သွားပြီး အအေးတိုက်ကာ အမောဖြေခိုင်းနေသည်ကို တွေ့ရသဖြင့် ကျနော်လည်း ဆိုင်မှာ ပြန်ထိုင်လိုက်သည်။

ကျနော့်လိုဘဲ ထိုမြင်ကွင်းကို မြင်နေသည် ဘေးဝိုင်းက လူနှစ်ယောက်အနက် တစ်ယောက်က “ဒီအဖွားကြီး ဒီလိုပဲလုပ်စားနေတာ။မနက်ဆို ကားနဲ့ လာချသွား ညနေဆို လာပြန်ခေါ်နဲ့ လှူလဲ အဖွားကြီးရမှာမဟုတ်လို့ ငါဆိုမလှူတော့ဘူး” ဟု ပြောသည်။နောက်တစ်ယောက်ကတော့ သူ့အသိပြောတဲ့ စကားကို ဘဝင်ကျဟန်မတူ။

“ဘယ်သူရရကွာ။ဒီလောက်အသက်အရွယ်နဲ့ ဒီလို လမ်းမှာ လိုက်တောင်းနေရတာ ငါကတော့ မနေနိုင်ပါဘူး။နိုင်သလောက် လှူမှာပဲ။အနည်းဆုံးတော့ အဲဒီအဖွား နေဖို့စားဖို့တော့ လုပ်စားတဲ့သူက ပေးမှာပေါ့။လှူလိုက်ကတည်းက စိတ်ကဖြတ်ပြီးသား။ဘယ်သူပဲရရ ဘာပဲလုပ်လုပ်” ဟု ပြောလေသည်။

ကျနော်က ထိုစကားကြားတော့ ဘုန်းကြီးပြောသည့် စကားကို ပြန်သတိရသည်။လှူသည့်အခါ စိတ်ကိုဖြတ်ဖို့ဆိုသည့် စကားကိုပင်။ကောင်းဖို့ ပေးကမ်းသော်လည်း ထင်သလိုဖြစ်မလာသည့်အခါ လှူသူ စိတ်ထဲကွက်ပါက ညောင်ပင်လောက်လှူပြီး ညောင်စေ့လောက်တောင်မရသည့် ကုသိုလ်ရှင်တွေအကြောင်းကိုလည်း တွေးမိသည်။

အလှူဆိုသည်မှာ သံသရာအထောက်အပံ့ဖြစ်စေဖို့ထက် အလှူခံပုဂ္ဂိုလ် ပြေလည်စေဖို့သာ ကျနော့်စိတ်က ရည်သန်သည်။ထို့အတွက် မှားချင်မှားမည်။သို့သော် ထိုသို့ စိတ်ကိုထားသဖြင့် လှူလိုက်ရတိုင်း စိတ်ပျက်တာမရှိ၊ အလှူခံသည့်ပုဂ္ဂိုလ် အယုတ်အလတ် အမြတ်မရွေးသလို တွန့်တိုသည်စိတ် မဖြစ်။လှူနေရင်းသာ  ထပ်တိုးလှူချင်နေလေသည်။

မောင်ဦးလွင်