【 ဆောင်းပါး 】 လန်ချန်း-မဲခေါင် ဒေသတွင်း သစ်သီးဝလံထုတ်ကုန်များမှ စီးပွားရေးမြှင့်တင်ရေးဆီသို့

【 ဆောင်းပါး 】 လန်ချန်း-မဲခေါင် ဒေသတွင်း သစ်သီးဝလံထုတ်ကုန်များမှ စီးပွားရေးမြှင့်တင်ရေးဆီသို့

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် အဆိုပါဒေသတွင်း သစ်သီးဝလံထုတ်ကုန်များဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး သုတေသနစီမံကိန်းကို လက်ရှိတွင် အကောင်အထည်ဖော်ကာ လုပ်ဆောင်နေကြပြီဖြစ်သည်။

ထိုစီမံကိန်းတွင် အစားအစာတီထွင်ဆန်းသစ်မှုဌာနကို ဆောက်လုပ်ခဲ့ရာ ပြီးစီးခဲ့ပြီဖြစ်သလို လက်ရှိတွင် စတင်အသုံးပြုလုပ်ဆောင်နေကြပြီး သစ်သီးအခြောက်ခံမှုနှင့်ပတ်သက်၍ လေ့ကျင့်ပေးမှုများကိုလည်း လုပ်ဆောင်လာကြသည်။

မြို့ပြဖြစ်လာကာ လူနေထိုင်မှုသိပ်သည်းလာမှုနှင့်အတူ အစားအသောက်အတွက်လည်း သုံးစွဲမှုများလာခဲ့သည်။အစားအသောက်များ စားသုံးရာတွင် ခေတ်မီဆန်းသစ်လာမှု၊ နည်းပညာတိုးတက်လာမှုနှင့် သတင်းအချက်အလက်များကို ကျယ်ပြန့်စွာ ရယူသုံးစွဲနိုင်မှုတို့ကြောင့်လည်း ကျန်းမာ၍ ဘေးကင်းသော အစားအစာများကို ရွေးချယ်စားသုံးလာကြသည်။ယင်းအနက်တွင် ပိုးသတ်ဆေးအပါအဝင် ဓာတုဓာတ်ကြွင်းများအန္တရာယ်မှ ကင်းဝေးကာ သန့်ရှင်းလတ်ဆတ်သည့် သစ်သီးဝလံများကလည်း အပါအဝင်ဖြစ်ခဲ့သည်။

သာမန်အားဖြင့် သစ်သီးဝလံများကို စားသုံးလာရင်း သစ်သီးဝလံများမှ အဆင့်မြှင့်တင်ကာ ပြုပြင်ထုတ်လုပ်ထားသည့် အစားအသောက်များကိုလည်း ပိုမိုစားသုံးလာကြပြီး ပြုပြင်ထုတ်လုပ်သည့် ထုတ်ကုန်များလည်း တွင်ကျယ်လာကာ စျေးကွက်အတွင်း၌လည်း လူကြိုက်များ၍ စျေးကွက်အလားလာကောင်းများ ပိုင်ဆိုင်လာကြသည်။ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုမှ စျေးကွက်တစ်လျှောက် အချိတ်အဆက်မိမိဖြင့် အရည်သွေးကောင်းအောင် လုပ်ဆောင်နိုင်လာသည့်အခါ စျေးကွက်အခိုင်အမာရလာသလို ဝင်ငွေများလည်း တိုးတက်ရရှိစေပြီး စျေးကွက် Supply Chain တစ်လျှောက် လုပ်ကိုင်သူများအတွက် အကျိုးရှိစေသော အခြေအနေမျိုးကို ကြုံလာခြင်းလည်းဖြစ်သည်။

ထိုသို့ အောက်ခြေစိုက်ပျိုးသူများအထိပါ လူနေမှုဘဝဖွံ့ဖြိုး၍ အကျိုးရှိစေသည့် အထောက်အကူကောင်းများဖြစ်ရန် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဒေသအတွင်းရှိ နိုင်ငံများအတွင်း သစ်သီးဝလံထုတ်ကုန်များဖြင့် စီပွားရေးဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးကို ဆောင်ကျဉ်း၍လာရာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်လာခဲ့သည်။

ထိုပံ့ပိုးမှုအကူအညီဖြင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အစားအစာတီထွင်ဆန်းသစ်မှုဌာန (Food Innovation Center) ကို ရန်ကုန်မြို့တွင် တည်ဆောက်ပေးနိုင်ခဲ့ပြီး ဆောက်လုပ်ပြီးစီးမှု အခမ်းအနားတစ်ရပ်ကိုလည်း ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်က ကျင်းပနိုင်ခဲ့သည်။

ထိုစင်တာဖွင့်လှစ်မှုနှင့်အတူ သစ်သီးအခြောက်ခံမှု လေ့ကျင့်ရေးကိုလည်း စတင်ဆောင်ရွက်ကာ နည်းပညာများကို ပံ့ပိုးမှု စတင်ခဲ့သည်။သစ်သီးအချောကိုင်ထုတ်ကုန် အရည်အသွေးနှင့် တန်ဖိုးများကို ထိရောက်စွာ ကူညီမြှင့်တင်နိုင်ကာ Industry chain ဖြန့်ကျက်၍ လုပ်ငန်းခွင်ဝင်မှုတိုးမြှင့်ပြီး ပြည်သူလူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုနေကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Zheng Zhihong က ပြောကြားခဲ့သည်။

ထိုသို့ပြောကြားမှုနှင့်အညီ တရုတ်နိုင်ငံမှ တိုးတက်သည့် နည်းပညာများဖြင့် အကူအညီပေး၍ အဆိုပါအစားအစာ တီထွင်ဆန်းသစ်မှုဌာနတွင် မိုက်ခရိုဝေ့ဖ် ဖုတ်ခြင်း၊ အခြောက်ခံခြင်း အစရှိသည့် အဆင့်မြင့်နည်းပညာများဖြင့် လတ်ဆတ်သည့် ပုစွန်များကို အချောထည်အဖြစ် ပြုပြင်ထုတ်လုပ်လာနိုင်ခဲ့ကြသည်။

ထိုနည်းပညာသည် အလွန်အဆင့်မြင့်သော နည်းပညာမျိုးဖြစ်ခဲ့သလို အချိန်ကြာမြင့်စွာ သမားရိုးကျ အခြောက်ခံလုပ်ဆောင်ရသည့် အခြေအနေမှ ၁၆ မိနစ်သာကြာမြင့်သော အခြေအနေအဖြစ်သို့ ပြောင်းလဲ၍ လူမှုဘဝတိုးတက်စေရန် ပံ့ပိုးပေးနိုင်သော အနေအထားမျိုး ရောက်လာစေခဲ့သည်။

မြန်မာလူမျိုးများ၏ စားသောက်ဖွယ်ရာများအနက်တွင် ပုစွန်ခြောက်မှာလည်း အလေးထားစားသုံးရသည့် အခြေအနေမျိုးဖြစ်သလို မိုးရာသီကာလ လေးလတာတွင် ပုစွန်ခြောက် အခြောက်လှန်းသည့် လုပ်ငန်းများ၌ အခက်အခဲများစွာ ကြုံရလေ့ရှိသည်။မိုးရာသီ၏ သဘာဝအရ အစိုဓာတ်မြင့်မားနေခြင်းကြောင့်လည်း အခြောက်လှန်းရန် ခက်ခဲခြင်းသာမက သိမ်းဆည်းထားသိုရန်ပင် အခက်အခဲဖြစ်ကြရသည်။ထိုအခြေအနေများကို ၁၆ မိနစ်သာ ကြာမြင့်သည့် နည်းပညာဖြင့် လုပ်ဆောင်နိုင်ခြင်းကြောင့်လည်း သမားရိုးကျ မိရိုးဖလာနည်းဖြင့် နေလှန်းလိုက် ပြန်သိမ်းလိုက်လုပ်ရင်း အရည်အသွေးများပါ ကျဆင်းမှုကို မဖြစ်စေရန် အရည်အသွေးထိန်းသိမ်းပေးရာလည်း ရောက်စေခဲ့သည်။

“လုပ်ငန်းစဉ်တစ်ခုလုံး ၁၆ မိနစ်လောက်နဲ့ လတ်ဆတ်တဲ့ ပုစွန်လေးတွေကို အရသာရှိတဲ့ ပုစွန်ခြောက်အဖြစ် ပြောင်းလဲပေးပါတယ်၊ ကျွန်မတို့နိုင်ငံရဲ့ စျေးကွက်မှာ ဒီလို မိုက်ခရိုဝေ့ဖ် ဖုတ်ခြင်းနဲ့ အခြောက်ခံခြင်း နည်းပညာကိုသုံးပြီး ပုစွန်ခြောက်ပြုလုပ်တာမျိုး မရှိသေးဘူး” ဟုလည်း မြန်မာနိုင်ငံရှိ အစားအစာတီထွင်ဆန်းသစ်မှုဌာနမှ ဌာနမှူးဖြစ်သူ ဒေါက်တာကေသွယ်ခိုင်က ပြောကြားခဲ့သည်။

ထိုနည်းပညာအသုံးပြု၍ လုပ်ဆောင်သည့် ပုစွန်ခြောက်များမှာ အခြောက်ခံရာတွင် အခြားသော ဖြည့်စွက်ပစ္စည်းမျိုး ထပ်မံဖြည့်စွက်သုံးစွဲရခြင်းမရှိသလို အနည်းဆုံးတစ်နှစ်လောက် အထားခံသည့်အတွက် သမားရိုးကျ အခြောက်ခံရာတွင် သုံးစွဲရသော ကြာရှည်ခံဆေးဝါးများ၊ ဆိုးဆေးများ၊ ခဲ အစရှိသည့် စားသုံးသူ ဘေးဖြစ်စေသော ဓာတုဗေဒအန္တရာယ်များမှလည်း ကင်းဝေးစေမည့် အခြေအနေမျိုး ဖြစ်စေခဲ့သည်။

မြန်မာနိုင်ငံသည် စိုစွတ်သည့် ရာသီဥတုမျိုး ပိုင်ဆိုင်ထားသော်လည်း မြေဆီလွှာကောင်းမွန်သည့်အတွက် လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အများအပြားကို ပြည်ပနိုင်ငံများအထိ တင်ပို့ကာ လုပ်ဆောင်လျက်ရှိသည်။

သို့ရာတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ အသားများကို အခြောက်ခံပြုလုပ်ခြင်း၊ အေးခဲခြင်း၊ ဖုတ်ခြင်း စသည်ဖြင့် အချောထည် ပြုပြင်မှုလုပ်ငန်းများတွင် ဖွံ့ဖြိုးတိုးတက်မှုမှာ အားနည်းနေသည့် အခြေအနေမျိုးရှိသည်။တီထွင်ထုတ်လုပ်ရန် စိတ်ကူးစိတ်သန်းများရှိသော်လည်း စက်ပစ္စည်း၊ နည်းပညာနှင့် အခက်အခဲများစွာလည်း ရှိနေသေးသည့်အတွက် ယခုလိုပံ့ပိုးကူညီမှုများက များစွာအကျိုးပြုစေခဲ့ခြင်းဖြစ်သည်။

“လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကျွန်မတို့က ပံ့ပိုးကူညီမှုများနဲ့ စက်ပစ္စည်းများ ပိုမိုရရှိခဲ့ပါတယ်။ဒါကြောင့်လည်း ပြည်သူတွေကို တီထွင်ထုတ်လုပ်မှုရလဒ်တွေ ပိုပြီးပြသနိုင်ပါတယ်၊ ပြည်သူတွေကိုလည်း အများကြီးအကျိုးပြုနိုင်ပါတယ်” ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဓာတုနည်းပညာသုတေသနဌာန၏ ဌာနမှူးဖြစ်သူ ဒေါက်တာသဇင်ဟန်က ဝမ်းသာအားရဖြင့် ပြောပြခဲ့သည်။
အစားအစာတီထွင်ဆန်းသစ်မှုဌာနတွင် လက်ရှိအချိန်အထိ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက သင်တန်းများကို လေ့ကျင့်ပြုလုပ်ပေးနေလျက်ရှိပြီး ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင် ၂၀၀ ကျော်တို့ကလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။

ထိုသင်တန်းတက်ရောက်ခဲ့ကြသည့် အစားအစာအချောထည်ပြုလုပ်သည့် လုပ်ငန်းများမှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ၇၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။နယ်ဒေသများတွင် ဒေသ၏ အစားအစာ အချောထည်ပြုပြင်ထုတ်လုပ်ရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးနိုင်သလို မြန်မာနိုင်ငံမှထုတ်လုပ်သည့် လယ်ယာထွက်ကုန်အချောထည်များကိုလည်း ထုတ်လုပ်တင်ပို့နိုင်ရန် နည်းပညာများ မြှင့်တင်ပေးရာ ဖြစ်စေခဲ့သည်။

ယခုလို အကျိုးပြုမှုများစွာ ပေးစွမ်းသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်နိုင်ငံက မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်တို့နှင့်အတူ တည်ထောင်ထားသည့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှု ယန္တရားပုံစံသစ်တစ်ခုလည်းဖြစ်သည်။ထိုယန္တရားကို ၂၀၁၆ ခုနှစ် မတ်လတွင် စတင်ဖော်ဆောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံလုံခြုံရေးဆိုင်ရာကိစ္စများ၊ စီးပွားရေးဆိုင်ရာကိစ္စများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများ၊ လူမှုယဉ်ကျေးမှု မဏ္ဍိုင်ကြီးများတွင် ထိရောက်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်လာနိုင်ခဲ့သည်။

လက်ရှိတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးကူညီမှုဖြင့် အစားအစာတီထွင်ဆန်းသစ်မှုဌာနကို ယခုလိုတည်ထောင်ခြင်းဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ အသားများ စသည့် အစားအသောက်များကို အခြောက်ပြုလုပ်ခြင်းအပါအဝင် အချောထည်ပြုပြင်ထုတ်လုပ်၍ ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာသစ်များဖြင့် တီထွင်ဖန်တီးကာ လုပ်ဆောင်ခြင်းဖြင့် သစ်သီးဝလံများ၏ အချောထည်ထုတ်ကုန်နှင့် အရည်အသွေး၊ ထပ်တိုးတန်ဖိုးတို့ကို မြှင့်တင်ပေးနိုင်သလို လုပ်ကိုင်ရာလုပ်ငန်းစဉ်တစ်လျှောက်၌ အလုပ်အကိုင်အခွင့်လမ်းများကိုလည်း တိုးပွားစေရန် ဖန်တီးပေးလာနိုင်ခြင်း၊ စားသုံးသူပြည်သူများအားလုံးအတွက် ဆိုးဆေးများအပါအဝင် ဓာတုဗေဒ ဓာတ်ကြွင်းများ၏ ဆိုးကျိုးများ အန္တရာယ်များမှ ကင်းဝေးစေကာ အစားအစာဘေးကင်း၍  အကျိုးပြုမှုများပြားစေသည်ကိုလည်း ရေးသားဖော်ပြလိုက်ရပေသည်။

ဧပရယ်လ်