【 ဆောင်းပါး 】 ရထားလမ်းဘေး … နှစ်များစွာ

【 ဆောင်းပါး 】 ရထားလမ်းဘေး … နှစ်များစွာ

ရထားခုတ်မောင်းသည့် အသံများ ကြားသည့်အခါတိုင်း ကျနော် ငယ်စဉ်ဘ၀ကို ပြန်သတိရသည်။
 
ယခု ကျနော်အသက်ကကြီးလာပြီ။တချို့အရာတွေ အခုတလောမတွေးဘဲ ပြန်မှတ်မိနေသည်။အလုပ်အားနေတာလဲ ပါသည်။ယခုနှစ်ပိုင်း စာသင်ဝိုင်းက သိပ်လက်မခံဖြစ်။ယခင်သုံးလေးနှစ်လောက်က ဘယ်သွားသွား အသက်အန္တရာယ် မစိုးရိမ်ရသဖြင့် တောင်ဒဂုံဘက်က စာသင်ဝိုင်းတွေအထိ စာလိုက်သင်သည်။ယခုတော့ အနီးနား တောင် ည ၆ နာရီကျော်လျှင် သွားရလာရတာ သိပ်မကောင်း။ဒါကြောင့် စာသင်သည့်ဝိုင်းမှန်သမျှ အချိန်နှင့် နေရာကိုကြည့်ပြီး လက်ခံရသည်။စိတ်တော့မကောင်း။သို့သော် အခုချိန်သည် အသက်ထက် ဘာမှအရေးမကြီးသည့် အချိန်။
 
အသက်ရှင်နေမှ ကိုယ်ချစ်သည့်လူတွေ ကိုယ့်ကိုအားကိုးနေသည့် လူတွေအတွက် လုပ်ပေးချင်တာ လုပ်ပေးနိုင်မည် စောင့်ရှောက်ပေးနိုင်မည်ဖြစ်သည်။အသက်ရှင်ဖို့ဆိုတော့ ငယ်စဉ်ကအကြောင်းတွေက ခေါင်းထဲ တစ်ထွေးကြီး ရောက်လာသည်။ 
 
ကျနော် ငယ်စဉ်က ရထားလမ်းဘေးတွင်ရှိသော ရပ်ကွက်မျိုးတွင် နေလာရသဖြင့် ယခုလို နွေရာသီဆို ကစားဖို့နေရာသည် ရထားလမ်းသာရှိသည်။ရထားလမ်းဆိုလို့ အခုလို ရထားသံလမ်းနှစ်ခုသာရှိတော့သည့် နေရာကျဉ်းကျဉ်းလေးမျိုး မဟုတ်။ရထားလမ်းဘေးဝဲယာတွင် မြေကွက်လွတ်တွေရှိသည်။တချို့နေရာတွေမှာ မိုးအခါ ကန်စွန်းခင်းတွေဖြစ်ပြီး နွေအခါ ဒီအတိုင်းထားသဖြင့် ကျယ်ပြောသော ကွင်းကျယ်များဖြစ်ရာ ဘောလုံးကောင်းကောင်းကန်လို့ရအောင် ကျယ်သည်။ထိုကွင်းများထဲ ဘောလုံးကန်ကြသည်အခါ မြေတာဘောင်ပေါ်ရှိ ရထားသံလမ်းမှာ ဘောလုံးပွဲကြည့်ရာ ပွဲကြည့်စင်များဖြစ်လာသည်။
 
ရထားလမ်းပေါ် ညဘက်ထိုင်ကာ စကား‌ပြောရသည့်အရသာကလည်း ကျနော်တို့ အရပ်သားတွေအတွက် ဘာအရသာနှင့်မတူသော အရသာဖြစ်သည်။နွေပူပူမှာ ကက္ကိုပင်အောက် လေတဟူးဟူးတိုက်နေသော အရသာက အခုပြန်တွေးကြည့်တော့ လွမ်းစရာ။
 
တကယ်တော့ ရထားခုတ်မောင်းသံက အတော်ကို ဆူညံသည်။တစ်ခါတရံ လူတွေ့သဖြင့် ဖယ်ပေးရန် ကြိုတင်ဆွဲသည့် ဥဩသံက အတော်ဆူသဖြင့် ရထားလမ်းဘေးမှာ မနေဘူးသူများအဖို့ နေလို့ရမည်မဟုတ်။ညဘက် ရထားဥဩသံ သည် ခပ်ဝေးဝေးကနေ ကြားရသူအဖို့ လွမ်းဆွတ်စရာဖြစ်နိုင်သော်လည်း ရထားလမ်း အနီး ရပ်ကွက်တွင်ရှိသည့် အိပ်နေသူအဖို့ လိပ်ပြာလွင့်လောက်အောင် ဆူညံလှသည်။သို့သော် ကြာတော့ ရိုးသွားသည်။  
 
ရထားဆိုတာက ကျနော်တို့ဘ၀၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ငယ်စဉ်ကဆို အိပ်မက်ထဲထိတောင် ရထားက ကြီးစိုးလှသည်။ညဘက် ရထားကြီး ရပ်ကွက်ထဲဝင်လာလို့ ပြေးရသည့် အိပ်မက်တွေဆိုတာ ရထားလမ်းဘေးနေဖူးသည့် လူတိုင်း၏ ငယ်ဘ၀ထဲကတွင် တစ်ည (သို့မဟုတ်) တစ်ည ကြုံခဲ့ကြဖူးသည့် အိပ်မက်ဆိုးတွေ ဖြစ်သည်။အခုပြန်တွေးကြည့်တော့ ဒါတွေက ရယ်စရာ။ထိုတုန်းကတော့ ညဘက်လန့်နိုးပြီး အမေရင်ခွင်ထဲတိုးကာ ရထား လမ်းထဲဝင်လာလို့ ပြေးလိုက်ရတာဟုဆိုသည့်အခါ အမေကရယ်ပြီး ညဘက် ရထားလမ်းဘက်သွားလို့ ဖြစ်မှာပေါ့ဟု ဆိုကာ တင်းတင်းကျပ်ကျပ် ဖက်ထားလေ့ရှိသည်။အခုနေများ ပြန်တွေးတော့ ရထားလမ်းဘက် ညဘက်သွားဖြစ်လား၊ မသွားဖြစ်လားဆိုတာထက် ရထားကို သက်ရှိလိုမြင်ပြီး ကြောက်တဲ့စိတ်ပါလားဟု တွေးမိသည်။
 
ရထားလမ်းတစ်လျှောက် ကုက္ကိုပင်ကြီးများရှိသည်။ကျနော်တို့နေသည့်နေရာက ရန်ကုန်-ပြည် ရထားတွေ၊ မြို့ပတ်တွေသာ ပြေးဆွဲသည့် ရထားလမ်းဖြစ်ပြီး လွန်ခဲ့သော လေးနှစ်လောက်ကလို ရထားပြေးဆွဲတာ မများသေးသဖြင့် ရထားလမ်းမှာ လွတ်မြောက်နယ်မြေလို လွတ်လပ်သည်။ပြီးတော့ ရထားတိုက်တာဆိုတာက ကြားရခဲလှသည်။တကူးတက လာအတိုက်ခံကြမှာသာ သေသည်အထိဆိုတော့ ရထားလမ်းမှာ ကစားတာ၊ နေကြထိုင်ကြတာ၊ နေ့လယ်ဘက် ရထားလမ်းဘေး ကုက္ကိုရိပ်မှာထိုင်ပြီး စကားဝိုင်းဖွဲ့ပြောကြတာက တခြားသူအတွက် စိုးရိမ်စရာဖြစ်သော်လည်း ရထားလမ်းဘေးမှာနေသူတွေအတွက် နေရိုးနေစဉ်သာ။
 
ညနေဘက်ဆို ရထားလမ်းမှာ လမ်းလျှောက်ရင်း တို့စရာ အတို့အမြုပ်တွေ ဟင်းစားအဖြစ် အရွက်တွေ ဟင်းချိုခပ်သောက်ဖို့ အရွက်တွေက ဘယ်နေရာခူးခူး။စပါးလင်လိုလည်း ရထားလမ်းဘေးက သစ်ရွက်လိုလည်း ရထားလမ်းဘေး၊ကန်စွန်းရွက် တစ်ခါချက်လောက်က ဘယ်အခင်းမှာ ဝင်ခူးခူး ဘယ်ပိုင်ရှင်မှမပြော။အသားငါးဆို တာလည်း ရထားလမ်းဘေးက ကန်မှာ ငါးမျှားသူဆီကနေ ဝယ်မလား၊ ကိုယ်တိုင်မျှားမလား၊ မြောင်းကိုပိတ်ပြီး ငါးဖော်မလား။ဒီလိုနေလိုရသည့် နေရာတွေဖြစ်သည်။ဒီတော့ ကျနော်တို့ငယ်စဉ်ကဆို ဆန်လောက်သာ အခက်အခဲရှိပြီး ဟင်းစားကတော့ ရထားလမ်းတစ်လျှောက်ကိုသွားလျှင် တစ်ခုမဟုတ် တစ်ခုရသည်။တစ်ခါတလေ ဝက် အမဲ ခိုးပေါ်နေတာနှင့် တိုးလျှင် ဟင်းစားတစ်တွဲကတော့ တောင်းလို့ရသည်။
 
အခုတော့ ဒါတွေ ပြန်တွေးရတာနှင့် လွမ်းစရာ။နွေရာသီ ကျောင်းပိတ်သည်နှင့် ရထားလမ်းဘေးက ကက္ကိုပင်ရိပ်အောက်ကို ကျနော်တို့ကလေးတွေ ရောက်ကြပြီ။စွန်လွှတ်သည်လူက စွန်လွှတ်၊ ကက္ကိုစေ့ကောက်ကာ ထုရိုက်ပြီး ကက္ကိုစေ့လှော်ကာ ရောင်းဖို့ ကြံသူကကြံ။ကျနော်တို့က ရထားလမ်းဘေး နေ့လယ်ဘက် ကုလားထိုင်ခင်းကာ လာထိုင်သည့် လူကြီးတစ်ယောက်၏ဘေးမှာ ထိုင်ပြီး သူတို့တုန်းကပြောတာ နားထောင်ရင် နား ထောင်၊ နားမထောင်ရင် ရထားလမ်းဘေးက ကွင်းမှာ ကစားလျှင်ကစား။ဒီလိုမှ မကစားလျှင် သင်္ဘောကျင်းဘက် ခွဲထွက်သွားသည့် ရထားလမ်းဟောင်းဘက်မှာ ငှက်ပစ်လျှင်ပစ်။အဲဒီဘက်မှာ ခရမ်းကစော့သီးတွေများသည်။ထိုအသီးကို အမေက ငပိအတို့အမြုပ်နှင့်စားရတာ ကြိုက်သည်။ထိုဘက်သွားသည့်အခါတိုင်း ခရမ်းကစော့သီးတွေကို ကျနော်ကခူးသည်။ဆူးပါသည့် အပင်ကြောင့် ကျနော်က အမြဲဆူးသည်ကို ယခုထိ သတိရနေတုန်း။  
 
ဒီလိုအချိန်ဆို ကန်စွန်းခင်းတွေက ရေခမ်းပြီ။ကန်စွန်းခင်းတွေက ယခုလို ထိုင်ဝမ်ကန်စွန်းတွေ စိုက်ကြသေးသည် မဟုတ်။ကန်စွန်းကြီးလို့ခေါ်သည့် မြန်မာကန်စွန်းတွေကို စိုက်ကြသည်ဖြစ်ရာ ယခုချိန်ဆို ကန်စွန်းခင်းတွေက နွေမှာ ရွက်နုထွက်လို့ နွေကန်စွန်းအဖြစ် စားဖို့သာ ထားကြသည်။ကျန်တာက ဒီအတိုင်းပစ်ထားရာ ကန်စွန်းကြီး တစ်ခုတလေ ကျန်ရာကနေ အမြစ်မှာ ကန်စွန်းက ဥရှိနေတတ်သည်။ကျနော်တို့ကလေးတွေက ဒီလိုရှိတာ သိတော့ ကန်စွန်းခင်းမှာ ကစားဖို့ ကစားနည်းတွေ ကုန်ပြီဆို ကန်စွန်းခင်းမှာ တုတ်တစ်ချောင်းဖြင့် တူးကြဖော်ကြသည်။ကန်စွန်းခင်းပိုင်ရှင်ကလည်း ဘာမှမပြော။သူ့အတွက် မြေလှန်သလိုဖြစ်သဖြင့် အကျိုးတောင်ရှိသေးသည်။
 
ကျနော်တို့ ကလေးတွေမှာ ကန်စွန်းတစ်ခင်းမှရသည့် ကန်စွန်းဥ လေးငါးဆယ်ဥဖြင့် ပျော်ရသည့်အရသာကို ယခုထိမမေ့နိုင်။ထိုတုန်းက အခုလို ဓာတုဗေဒအပင်ဆေးတွေဆိုတာလည်း မရှိသေးတော့ တူးလို့ ကန်စွန်းဥရသည်နှင့် ဖုတ်ဖတ်ခါကာ ဒီအတိုင်း အစိမ်းကိုက်စားကြသည်။တစ်ယောက် တစ်ကိုက်နှင့် စားလို့ချိုသည့်အရသာက ယခုထိတိုင် မမေ့နိုင်။
 
ယခုရထားလမ်းဘေးက ရပ်ကွက်မှာ မနေတာကြာပြီဖြစ်သည်။မရှိဘူးဆို နှစ်ပေါင်းသုံးလေးဆယ်များရှိနေမလား။ယခင်က မြို့ပတ်ရထားလမ်းသည် မြို့စွန်မှာ။ယခု မြို့လယ်ကိုရောက်နေပြီ။ရထားလမ်းဘေး ကွင်းများသည် ကွန်ဒိုမီနီယံများဖြစ်နေပြီဟု ကြားသည်။ရထားလမ်းတစ်လျှောက် ကုက္ကိုပင်ကြီးများကို မတွေ့ဖြစ် သည်မှာ နှစ်ပေါင်းများစွာကြာပြီ။ရထားလမ်းမြေ မကျူးကျော်ရဆိုသော ဆိုင်းဘုတ်ရှိရာ နေရာပင် ကန်ထရိုက်တိုက်များအလယ်တွင် ရောက်နေပြီ ဟု ဆိုသည်။
 
အကယ်၍များ သိခွင့်ရှိမည်ဆိုလျှင် ကျနော်တို့ ငယ်ငယ်ကလို ရထားကြီး လမ်းထဲဝင်လာတဲ့ အိပ်မက်မျိုး ထိုနေရာမှ ကလေးတွေ မက်လေ့ရှိသလားဟု ကျနော်တွေးနေမိတော့သည်။
 
မောင်ဦးလွင်