【 ဆောင်းပါး 】 မြန်မာ့ဓလေ့ ဘုရားပွဲတော်များထဲက အာနန္ဒာဘုရားပွဲတော်

【 ဆောင်းပါး 】 မြန်မာ့ဓလေ့ ဘုရားပွဲတော်များထဲက အာနန္ဒာဘုရားပွဲတော်

မြန်မာနိုင်ငံတွင် ရှေးအခါကတည်းက ပွင့်လင်းရာသီရောက်ပြီဆိုလျှင် ဘုရားပွဲတော်များကို  ကျင်းပလေ့ရှိသည်မှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုလိုပင်ဖြစ်ပါသည်။မိုးလေကင်းလွတ်စပြုလာသည့် တန်ဆောင်မုန်းလမှ တန်ခူးလအထိ ဒေသအနှံ့ ဘုရားပွဲဈေးများကို တွေ့မြင်ရမည်ဖြစ်သည်။

ရှေးအခါက ဘုရားပွဲဈေးများတွင် စားသောက်ကုန်၊ လူသုံးကုန်စည်များကို ယခုခေတ်ကဲ့သို့ ငွေကြေးဖြင့် ဝယ်ယူခြင်းမဟုတ်ဘဲ ကုန်စည်များ ဖလှယ်ခြင်းဖြစ်သည်။တောင်ယာလုပ်ကိုင်သူများသည် မိမိတို့၏ လယ်ယာထွက်ပစ္စည်းများကိုလည်ကောင်း၊ ငါးပိ၊ငါးခြောက်လုပ်သူ၊ ဆားချက်သူတို့က ၎င်းတို့ထုတ်ကုန်များကိုလည်းကောင်း ပွဲဈေးတွင် ခင်းကျင်းကြသလို လက်မှုလုပ်ငန်းနှင့် အစားအသောက် အသုံးအဆောင်ပစ္စည်းပြုလုပ်သူတို့ကလည်း ဘုရားပွဲဈေးကို အဓိကထား၍ လာရောက်ခင်းကျင်းကြသည်။ရှေးအခါက ငွေအသပြာဖြင့် ရောင်းချခြင်းထက် ကုန်ပစ္စည်းအချင်းချင်း ဖလှယ်ကြခြင်းကို အဓိကပြုလုပ်ကြသည်။

မြန်မာနိုင်ငံသည် ဘုရား၊ စေတီပုထိုးကျောင်းကန်များ ပေါများသည့် အားလျော်စွာ ဓလေ့ထုံးစံအရ ဘုရားပွဲတော် ကျင်းပခြင်းများက ဒေသအနှံ့တွင်ရှိပါသည်။ဗုဒ္ဓပူဇနိယပွဲတော်နှင့် ယှဉ်တွဲ၍ ဘုရားပွဲတော်များကို ကျင်းပလေ့ရှိကြသည်။

ရပ်ရွာများတွင် ကျင်းပလေ့ရှိသည့် ဘုရားပွဲတော်များကို ရပ်ရွာလူကြီးများက ကမကထပြုလုပ်၍ ဦးဆောင်ကြသည်။ဘုရား၊ ပုထိုးစေတီများတွင် အရုဏ်ဆွမ်းကို မုန့်မျိုးစုံ၊ သစ်သီး၊ ချိုချဉ်ခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဆွမ်းတော်ကြီးပွဲများ ကပ်လှူပူဇော်ကြပြီး မှောင်ရီပျိုးစတွင် ဆီမီးများဖြင့် ဘုရားအား ကြည်ညိုဖွယ်ရာ ပူဇော်ကြသည်။ထို့နောက် အတီးအမှုတ်၊ အဆိုအကများဖြင့် ပျော်ပွဲရွှင်ပွဲများ၊ အငြိမ့်ပွဲများ၊ ဇာတ်ပွဲများ ပြုလုပ်ကြသည်။

ဘုရားပွဲတော်များကို အများအားဖြင့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများနှင့် တပို့တွဲ၊တပေါင်းလများတွင် ကျင်းပလေ့ရှိပြီး ပြာသိုလတွင်လည်း ကျင်းပသည့် ဘုရားပွဲတော်များရှိသည်။ပြာသိုလတွင် ကျင်းပလေ့ရှိသော ပွဲတော်များထဲတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသမှ အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်က အထင်အရှားဖြစ်ပါသည်။၎င်းဘုရားပွဲတော်သည် နှစ်စဉ် ပြာသိုလဆန်းမှ ပြာသိုလကွယ်အထိ ကျင်းပလေ့ရှိသော အညာဒေသ၏ ဓလေ့ထုံးစံများကို လေ့လာခံစားနိုင်သည့် အစည်ကားဆုံး ပွဲတော်ဖြစ်သည်။မြန်မာလများတွင် ၁၀ လမြောက်ဖြစ်သော ပြာသိုလသည် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်းဖြစ်သည်။

မြန်မာ့ ၁၂ လရာသီ ပွဲတော်များထဲတွင် ပြာသိုလသည် ရှေးယခင်က မြန်မာဘုရင်များ မြင်းခင်သဘင်ပွဲကို ကျင်းပလေ့ရှိသော လဖြစ်သည်။ထင်ရှားသော ပုဂံ အာနန္ဒာဘုရားပွဲကိုလည်း ပြာသိုလတွင် ကျင်းပပြုလုပ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ အာနန္ဒာဘုရားသည် အလွန်ခမ်းနားသည့် ဘုရားတစ်ဆူဖြစ်ပြီး ပုဂံဒေသသို့ သွားရောက်လည်ပတ်သူတိုင်း အာနန္ဒာဘုရားကို ရောက်ရှိကြသည်။အာနန္ဒာဘုရားသည် အခြားစေတီပုထိုးများထက် တစ်မူထူးခြားပြီး မုခ်ဦးလေးခုတွင် ကြီးမားထည်ဝါသော ဗုဒ္ဓဆင်းတုတော်လေးဆူ တည်ရှိသည်။ယင်းဗုဒ္ဓရုပ်ပွာတော် လေးဆူမှာ မြောက်ဘက်မုခ်တွင် ကကုသာန်မြတ်စွာဘုရား၊ တောင်ဘက်မုခ်တွင် ကဿပမြတ်စွာဘုရား၊ အရှေ့ဘက်တွင် ကောဏဂုံမြတ်စွာဘုရားနှင့် အနောက်ဘက်တွင် ဂေါတမမြတ်စွာဘုရားတို့ ဖြစ်ကြသည်။

အာနန္ဒာဘုရားကို ကောဇာသကရာဇ် ၄၅၂ ခု၊ ခရစ်သက္ကရာဇ် ၁၀၉၁ ခုနှစ်တွင် ကျန်စစ်သားမင်းကြီးက တည်ထားခဲ့ခြင်းဖြစ်သည်။အာနန္ဒာဘုရားပွဲတော်သည် ပုဂံဒေသ၏ ဘုရားပွဲတော်များထဲမှ အထင်ရှားဆုံးနှင့် အစည်ကားဆုံး ဘုရားပွဲတော်တစ်ခုဖြစ်သည်။

ဒေသခံများ၏အဆိုအရ အနော်ရထာမင်း လက်ထက်ကတည်းက ဗုဒ္ဓပူဇနိယပွဲတော်ရှိပြီး ပွဲဈေးကတော့ နှစ်ပေါင်း ၃၀၀ ကျော်မျှမှသာ ပေါ်ပေါက်လာသည်ဟု သိရသည်။အာနန္ဒာဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ရက်သည်  ပြာသိုလပြည့်နေ့တွင် ကျင်းပခြင်းဖြစ်ပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းသပိတ်လောင်းလှူခြင်း၊ မဟာပဌာန်း ရွတ်ဖတ် ပူဇော်ခြင်းတို့ဖြင့် ပူဇော်ကြခြင်းဖြစ်သည်။

ပုဂံဒေသ၌ အာနန္ဒာဘုရားအပါအဝင် လောကနန္ဒာစွယ်တော်မြတ်ကြီး၊ ရွှေစည်းခုံစေတီ အစရှိသည့် ဘုရားစေတီများတွင်လည်း ဗုဒ္ဓပူဇနိယပွဲတော်များကို ပြုလုပ်ကျင်းပနေကျကာလ အစဉ်အလာအတိုင်း ကျင်းပကြပြီး ဆွမ်းသပိတ်လောင်းလှူခြင်းများ ပါဝင်ခဲ့သည်။

ဆွမ်းသပိတ်လုံးလောင်းလှူခြင်းမှာ ဆွမ်းသပိတ်လုံးထဲတွင် အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဆန်၊ ဆီ စသည့် လှူဖွယ်ပစ္စည်းအပါအဝင် အလှူရှင်များ၏ ခြံထွက်သီးနှံများနှင့် လှူဖွယ်ပစ္စည်းများစွာကို ထည့်၍ သံဃာတော် အရှင်သူမြတ်များအား လောင်းလှူခြင်းဖြစ်သည်။

ဆွမ်းသပိတ်လောင်းလှူပွဲသည် လပြည့်နေ့ နံနက်စောစောတွင် ဘုရားဝန်းအတွင်း သတ်မှတ်နေရာဆီသို့ သပိတ်လုံးများ ပို့ဆောင်ပေးရပြီး ယင်းသပိတ်လုံးများကို တစ်မြို့နယ်လုံးရှိ သံဃာတော်များအား ပင့်ဆောင်၍ ဆပ်ကပ်လှူဒါန်းခြင်းဖြစ်သည်။

အာနန္ဒာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဘုရားပွဲဈေးကို မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြသည်။ကိုဗစ်ကာလမတိုင်ခင်က ဘုရားပွဲဈေး တစ်လနီးပါးမျှ ကျင်းပလေ့ရှိခဲ့ပြီး ကိုဗစ်ကာလပြီးနောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အကျဉ်းရုံးသာ ကျင်းပခဲ့ကြသည်။

ယခင်က အာနန္ဒာဘုရားပွဲတော်ကို အနီးနားရွာများမှ ရွာသူရွာသားများက ပေါင်းမိုးလှည်းများနှင့်စု၍ ဘုရားလာဖူးကြပြီး ဇာတ်ပွဲများ ကြည့်ရှုကြသည်။ရှေးအခါက တောင်သူများသည် တောင်ယာအလုပ်နားခိုက် မိသားစုအလိုက် ဘုရားဖူးထွက်ကြပြီး နောက်ရာသီအတွက် ပွဲခင်းတွင် လုပ်ငန်းသုံးပစ္စည်း စုံစုံလင်လင် ဝယ်ကြသည်။ပွဲတော်ကာလတစ်လျှောက်လုံးတွင် အခြားရပ်ရွာများမှ လာရောက်သည့် ဘုရားဖူးများသည် နွားလှည်းကြီးများဖြင့် စခန်းချပြီး ပွဲတော်ရက်ကာလပြီးမှ မိမိတို့ရပ်ရွာသို့ ပြန်ကြခြင်းဖြစ်သည်။

ပွဲခင်းထဲတွင် ဒေသထွက်အစားအစာများကို စိတ်ကြိုက်ဝယ်ယူ စားသုံးကြပြီး ဇာတ်ပွဲ၊ အငြိမ့်ပွဲများ ကြည့်ရှုကြသည်။ထိုကဲ့သို့  ဘုရားပွဲတော်ဓလေ့သည် ယနေ့ခေတ်တွင်တော့ တဖြည်းဖြည်းပျောက်ကွယ်လာလေပြီဖြစ်သည်။အာနန္ဒာဘုရားပွဲဈေးတွင် လူသုံးကုန်ပစ္စည်း၊ တောင်သူလုပ်ငန်းခွင်သုံးပစ္စည်း၊ အဝတ်အထည်များ၊ ငါးပိငါးခြောက်နှင့် စားသောက်ကုန်များ၊ ကလေးကစားစရာပစ္စည်းများ၊ ရိုးရာအစားအသောက်များ ပရိဘောဂများ အစရှိသည်တို့ကို ရောင်းချပြီး ဆိုင်ခန်းအရေအတွက်လည်း များပြားသည်။

ပုဂံဒေသသည် နိုင်ငံတကာတွင် ထင်ရှားသော ဒေသတစ်ခုဖြစ်သည့်အတွက် ပြည်ပခရီးသွားဧည့်သည်များ အထူးအလေးထား၍ လာရောက်လည်ပတ်သော ဒေသတစ်ခုဖြစ်သည်။ကိုဗစ်ကပ်ရောဂါမတိုင်မီက တရုတ်ခရီးသွားဧည့်သည်များအပါအဝင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များဖြင့် အထူးပဲစည်ကားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၂ ဒသမ ၃၂ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။တရုတ်ခရီးသွားဧည့်သည်များသည် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးဒေသများသို့ အများဆုံးသွားရောက် လည်ပတ်ကြသည်။ယခုဆိုလျှင် တရုတ်နိုင်ငံမှ မြို့ကြီးများနှင့် မြန်မာနိုင်ငံမှ ရန်ကုန်၊ မန္တလေးမြို့များရှိ လေကြောင်းလိုင်းများ တိုက်ရိုက်ချိတ်ဆက်ထားသဖြင့် တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ကြသည်။တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များသည် မြန်မာတို့၏ ရိုးရာဓလေ့ကို နှစ်သက်ကြပြီး စိတ်ဝင်တစား လာရောက်လည်ပတ်ကြလေ့ရှိသည်။တရုတ်နိုင်ငံတွင်လည်း ရာသီအလိုက်၊ လအလိုက် ထင်ရှားသော ပွဲတော်များစွာရှိသည်။

လူတို့၏သဘာဝအတိုင်း တစ်နေရာမှ တစ်နေရာသို့ ခရီးသွားလာခြင်း၊ စူးစမ်းလေ့လာခြင်းကို နှစ်သက်ကြသဖြင့် မိမိတို့နိုင်ငံတွင် ပျော်ရွှင်စရာပွဲတော်များ မည်ကဲ့သို့ပင်ရှိနေပါစေ အခြားနိုင်ငံ၊ မြို့ရွာများသို့ သွားလာလည်ပတ်သော ခရီးသွားများထဲတွင် တရုတ်ခရီးသွားဧည့်သည်လည်း အပါအဝင်ဖြစ်သည်။ထို့ကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသော ပုံရိပ်တစ်ခုဖြစ်သည့် ပုဂံဒေသတွင် ဇန်နဝါရီလအတွင်း ကျင်းပသော အာနန္ဒာဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကြီးနှင့် ဘုရားပွဲဈေးသည် တရုတ်ခရီးသွားဧည့်သည်များအတွက် အထူးလေ့လာ လည်ပတ်ချင်စရာကောင်းသော ပွဲတော်တစ်ခုအဖြစ် ရှိနေပါသည်။

အမွန်