【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၄

【 ဆောင်းပါး 】 မေတ္တာစိမ့်စမ်းရေ - ၄

ရီဝေဝေဝိုင်းဆိုတာ၊ သူတို့စုသောက်ကြတဲ့ အရက်ဝိုင်းကို ကျမပေးထားတဲ့နာမည်။

တစ်ခါက အသိစာရေးဆရာတစ်ယောက်က မြို့ထဲမှာ သူ့စာအုပ်မိတ်ဆက်ပွဲလုပ်တယ်။အစအစတို့လည်း အဲဒီပွဲကို ချီတက်ကြပါတယ်။ပွဲပြီးတော့ ၃ နာရီကျော်ပြီ။ခါတိုင်းလိုပဲ ကကစုငှားပြီး ပြန်ကြမယ်ထင်တာ။

ယဉ်မင်းပိုက်က “ကျနော်တို့မပြန်သေးဘူး။အိပ်မက်စိမ်းကို ဆက်သွားမှာ၊ ဆရာမလိုက်ဦးမလား” တဲ့။

ကျမသိတာက အိပ်မက်စိမ်းဆိုတာ ဖိနပ်ဆိုင်။မိန်းမစီးဖိနပ်ဆိုင်။

“ဘာကိစ္စ မိန်းမစီးဖိနပ်ဆိုင် သွားကြမှာလဲ” ပြန်မေးမိတာကို အားလုံးကပြုံးစိစိ။ယဉ်မင်းပိုက်က “ဆရာမကတော့ ခက်တာပဲ။ဒီနေရာမှာ .... ဆိုပွဲပြတ်နေပြီ” တဲ့။

ယဉ်မင်းပိုက် ရွတ်ပြတဲ့ နာမည်တွေကြားတော့ ပျားရည်ကြိုက်ကြောင်း နာမည်ကြီးတဲ့ ဆရာမနှစ်ယောက်နာမည်။ဒီတော့မှ ကျမလည်း သဘောပေါက်ပြီး၊ “မြန်မာဘီယာဆိုင်သွားမယ်ဆို သဘောပေါက်တယ်။ အိပ်မက်စိမ်းဆိုတော့ ဖိနပ်ဆိုင်လို့ ထင်တာပေါ့။ကြွတော်မူကြ ရီဝေဝေဝိုင်းဖို့”  လို့ အငေါ်တူးပြီး၊ ကျမတစ်ယောက်ထဲ ကကငှားပြန်ခဲ့ရတာကို ခြံထဲထိုင် စာဖတ်ရင်း ပြန်သတိရလာပါတယ်။တကယ်ပဲ အိပ်မက်စိမ်းနာမည်နဲ့ ယမကာဆိုင် မြို့ထဲမှာရှိသတဲ့။အတော်နာမည်ကြီးဆိုပဲ။ခဏကြာတော့ ဆရာလေးထွက်လာပါတယ်။

“ကျနော် ရောဂါကြောင့် သောက်လို့မရတော့ဘူး။ဒီနားလေးမှာ လက်ဖက်ရည်ဆိုင်ရှိတယ်။သွားကြမယ်” ဆိုတာနဲ့ ကျမတို့ ခြံပြင်ကိုထွက်လာကြပါတယ်။

ကျမကိုယ်တွေ့ ကင်ဆာရောဂါခံစားရသူတွေဟာ အသိနောက်ကျလို့ ထင်ပါရဲ့။အနှေးနဲ့ အမြန် ကွယ်လွန်သွားကြပါတယ်။ကျမတို့ ဆရာဦးသန်းထွတ် (တိုက်စိုး)၊ စာရေးဆရာ မိုးဟိန်း။မောင်တင်ဆင့် စတဲ့ ဆရာတွေ ခံစားသွားကြရပုံ၊ ငွေကုန်ကြေးကျများပုံတွေကို မြင်ထားရတော့ ကျမရောဂါရမယ်ဆိုရင်၊ ကင်ဆာနဲ့ လေဖြတ်တာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

ကျမက အခါးကြိုက်ပြီး ဗုဒ္ဓနည်းကျ သြဠာရိက-သုခုမ တိုင်းရင်းဆေးကို အနည်းအကျဉ်းသိထားလို့ ကျမ ဘယ်တော့မှ လေမဖြတ်ဘူးဆိုတာ သိတယ်။ဒါကြောင့် ကင်ဆာအတွက် ခံစစ်ပြင်ဖို့ ကင်ဆာမဖြစ်ဖို့။ဖြစ်လာရင် မခွဲမစိပ်ဘဲ၊ ကီမိုမသွင်းဘဲ၊ ဓာတ်မကင်ဘဲ ကိုယ့်ဘာသာကိုယ်ကုဖို့၊ ဒါမှမဟုတ် တရားမှတ်ရင်း သေဖို့ ပြင်ဆင်ထားပါတယ်။

ဆရာလေးက လက်ဖက်ရည်ဆိုင်သွားမယ်ဆိုတော့ ကျမအတော်ပျော်သွားပါတယ်။ဖိုးဇော်တို့ အိမ်ထဲမှာဆို ဆရာလေးကို ကျမပြောချင်တာတွေပြောဖို့ လူများနေတယ်။အခုတော့ ဟန်ကျပြီ။ဆိုင်ထဲရောက်တော့ ဆရာလေးက လက်ဖက်ရည်၊ ကျမက အအေးတစ်ခွက် မှာပါတယ်။ဆရာလေးကို ကျမရိုက်မယ့် လက်ချာအတွက် နိဒါန်းပျိုးလိုက်ပါတယ်။ဆရာလေးလက်ထဲက တက်ဘလက်ကိုကြည့်ပြီး
“ဆရာလေး ဖေ့စ်ဘုတ်အကောင့်က ဘာနာမည်လဲ” လို့ မေးလိုက်ပါတယ်။

ဆရာလေးက “ကျနော့်မှာ အချိန်သိပ်မရှိတော့ဘူး။ဒါကြောင့် ဖေ့စ်ဘုတ်မသုံးဘူး” ဖြေရင်း၊ သူ့တက်ဘလက်ကိုဖွင့်နေပါတယ်။ကျမလည်း ရိုက်မယ့် လက်ချာ ဘယ်လိုလုပ်ရပါ့ အကြံထုတ်နေပါတယ်။

ဆရာလေးက တက်ဘလက်ကို ကလိရင်း “ကျနော်ရေးခဲ့ချင်တာတွေ တက်ဘလက်နဲ့ဖတ်ပြီး၊ ရေးနေတယ်” တဲ့။

ကျမဆွံ့အနေတုန်း ဆရာလေးက “တကယ်တော့ ကျနော့်အနေနဲ့ ဒီအသက်အရွယ်မှာ၊ အိမ်လေးတခန်း၊ ကားလေးတစီးတော့ ရှိသင့်တာ။ ဒါပေမဲ့ ဒါကျနော်ရွေးခဲ့တဲ့လမ်းမို့ ကျနော်ကျေနပ်ပါတယ်” သူစီးပွားမရှာခဲ့လို့ နေစရာ ကိုယ်ပိုင်မရှိဘူး ပြောတာကို၊ ကျမလည်း စိတ်မကောင်းဖြစ်မိပါတယ်။

“အခု ကျနော်နေနေတာ ဟိုတုန်းက ကုပေးခဲ့တဲ့ လူနာတစ်ယောက်က ပေးထားတဲ့ တိုက်ခန်းပါ။အတူနေနေတဲ့ ကောင်လေးက ၃၀ ကျော် သန်သန်မာမာကြီး။ဒါပေမဲ့ ဟိုတလောက နှလုံးရောဂါနဲ့ ဗြုန်းစားကြီးဆုံးသွားတယ်။ဒီနှလုံးရောဂါအကြောင်း လူတွေသိပ်တောင်မသိကြသေးဘူး” လို့ ပြောပြီး၊ ဖွင့်ထားတဲ့ တက်ဘလက်ကို ကျမဘက်လှည့်ပေးပါတယ်။ပါးစပ်ကလည်း သူပြောနေတဲ့ နှလုံးရောဂါနာမည်ကို အင်္ဂလိပ်လို ရွတ်ပြတယ်။

တက်ဘလက်ထဲမှာ နှလုံးက ရုတ်တရက် တဖြည်းဖြည်းဖောင်းကားလာပြီး ပျက်စီးသွားတာကို တွေ့လိုက်ရပါတယ်။အော် ယူကျုထဲက ဖွင့်ပြနေတာပဲဆိုပြီး ကျမလက်ချာအတွက် လမ်းစရသွားပါတယ်။ကျမအထင် ဆရာလေးမှာ ဘာသာရေးယုံကြည်မှုမရှိဘူးဆိုတော့၊ တရားထိုင်ရင် ကင်ဆာဆဲလ်ပြန့်နှုန်း နှေးတယ်ဆိုတာကို မပြောမိအောင် သတိထားပါတယ်။ ကျမလက်ချာစပါပြီ။

“ဆရာလေး အသံနည်းနည်းထွက်တာ အားနည်းတာကလွဲလို့၊ ကျန်းမာနေတာပဲ။ပြန်ကောင်းမှာပါ။ဆရာလေး ထမင်းမစားပါနဲ့လား”

“ကျနော် ထမင်းမစားတာ ၃ နှစ်ရှိပြီ”

“ကောင်းလိုက်တာ၊ ဆရာလေး ဘာအစားထိုးစားနေလဲ”

“ကောက်ညှင်းငချိတ်”

“ဟာ အဲဒါကလဲ ကစီဓာတ်လေ။မတည့်ဘူး”

“ကျနော်တွက်ချက်စားတာပါ။ငချိတ်က ဆန်ထက် ကယ်လိုရီနည်းတယ်။ပြီးတော့ဝမ်းမချုပ်ဘူး”

“ကောင်းတာပေါ့။ဒီထက်ကောင်းတဲ့ နည်းတွေရှိသေးတယ်။ဆရာလေးကို ပြောပြချင်နေတာ”

သူ့တက်ဘလက်ကို ခွင့်တောင်းပြီး ကျမဖွင့်လိုက်ပါတယ်။ပြီးတော့မှ အနောက်တိုင်းဆေးဆရာဝန်တချို့ သုံးနေတဲ့ Functional Medicine (ကျိုးကြောင်းဆက် ကုသနည်း) ဖိုင် ၃ ခုကို ဖွင့်ပြပါတယ်။

တစ်ခုက ကင်ဆာအကြောင်း။တစ်ခုက ဟင်းရွက်တွေစားပြီး ကုသနည်း၊ နောက်တစ်ခု ဆီနဲ့ နနွင်းမှုန့်သောက်ပြီး ကုသနည်းတွေကို ဖွင့်ပြပါတယ်။

ဆရာလေးကို ဆက်ဆက်ဖွင့်နားထောင်ဖို့၊ လိုက်နာဖို့ ဆရာဝန်မဟုတ်သူက ဆရာဝန်ရင့်မာကြီးကို ဆရာလုပ်ပြီးချိန်မှာတော့ ဧရာမလုပ်ငန်းကြီးတစ်ခု ပြီးမြောက်သွားသလို ခံစားလိုက်ရပါတယ်။

“ငါဟဲ့။ဆရာလေး ကင်ဆာပျောက်စေရမယ်” ဆိုတဲ့ စိတ်နဲ့ ကျေနပ်နေပါတယ်။

ဆရာလေးကို ကျမရိုက်တဲ့ လက်ချာ ဝက်ဝက်ကွဲအောင်မြင်ကြောင်း သိပ်မကြာခင် သိလိုက်ရပါတယ်။ကျမ ဆရာလေးကို လက်ချာရိုက်ပြီး ရက်ပိုင်းလောက်အကြာ၊ ဆရာရှမ်း သမီး ထွေးလေးက စာပို့လာပါတယ်။

“အန်တီရေ ဒီနှစ် ဖေဖေ့နှစ်ပတ်လည်ကို ဘုန်းကြီးကျောင်းမှာ ဆွမ်းမကျွေးတော့ဘူး။ကုန်ကျမယ့် ငွေအားလုံးကို ဆရာလေး ဆေးဖိုးအဖြစ် ဆရာလေးကိုပေးမယ်။ခါတိုင်း ဖေဖေ့အတွက် အလှူကိုလာနေကြလူအားလုံးကို ဖိတ်ပါတယ်။သမီးတို့အိမ်မှာပဲ လုပ်မှာပါ။အန်တီလာခဲ့ပါတဲ့”

ဆရာရှမ်း စပြီး နာမကျန်းဖြစ်ကတည်းက ဆရာလေးက အိမ်ထိသွားကုပေးခဲ့တာကို ကျန်ရစ်သူ ဆရာ့မိသားစုက အလွန်တန်ဖိုးထားပါတယ်။ဆရာလေးကိုလဲ တော်တော်ခင်မင်ကြပါတယ်။
၂၆ ရက် ဖေဖော်ဝါရီ ၂၀၂၂ ဟာ ဆရာရှမ်း ကွယ်လွန်တာ ၆ နှစ်ပြည့်တဲ့နေ့ပါ။မဆုံဖြစ်ကြတဲ့ အစအစတွေရော၊ တခြားနေရာက စာရေးဆရာတွေရော၊ အင်းစိန်တောရမှာ ဆရာနဲ့အတူနေခဲ့သူတွေရော လာကြပါတယ်။

ကျမတို့ ဒီလိုမဆုံဖြစ်ခဲ့ကြတာ ကြာပါပြီ။ဆရာလေးက ဆက်တီကုလားထိုင်ပေါ်မှာ။ကျမတို့က ဒူးနာလို့ ကြမ်းပေါ်ကထဖို့ခက်တဲ့ မရီဝေနဲ့ မနွေကို ငဲ့ပြီး ကြမ်းပေါ်မှာပဲ ထိုင်ကြပါတယ်။ဆရာလေးနားမှာ မြသွေး၊ မနွေ၊ မရီဝေနဲ့ ကျမရှိနေကြတယ်။ကျမက
“ဆရာလေး ကျမပြလိုက်တာတွေ နားထောင်ပြီးပြီလား” လို့ စမေးတော့၊ ဆရာလေး ပြန်မဖြေပါဘူး။

ဆရာလေးကို နည်းလမ်းပြောင်း ကုကို ကုရမယ်ဆိုတဲ့စိတ်က ကြီးစိုးနေတော့၊ ကျမဖုန်းကိုဖွင့်ပြီး ဟင်းသီးဟင်းရွက်စားကုသနည်း အသံဖိုင်ကို ဖွင့်လိုက်ပါတယ်။ဖုန်းကို ဆရာလေး ကုလားထိုင်လက်တန်းပေါ် တင်ပေးလိုက်တော့ ဆရာလေး မျက်နှာနည်းနည်းပျက်သွားပြီး၊ “ကျနော် နောက်မှ နားထောင်မယ်” တဲ့။

ကျမလည်း ငါလွန်သွားပြီဆိုတဲ့ အသိပြန်ဝင်လာပြီး၊ ဖုန်းကိုပိတ်လိုက်ပါတယ်။ဆရာရှမ်း ဇနီးနဲ့ သမီး ပြင်ဆင်ပေးတာတွေစားကြ၊ ဆရာရှမ်းအကြောင်း တစ်ယောက်စီထပြောကြနဲ့ ပွဲလေးက စိုစိုပြေပြေရှိလှပါတယ်။ဆရာလေး မတ်တတ်ရပ်ပြီး အားရပါးရစကားပြောနေပုံကို ကျမတို့ဓာတ်ပုံရိုက်ယူကြပါတယ်။ဆရာလေးရဲ့အသံ ရှတတ အက်တက်တက်ဖြစ်နေပေမယ့် ကြိုးစားစကားပြောရှာပါတယ်။သဘက်ခါ ဆရာလေး ဂရင်းဟံသာ ဆေးရုံတက်ပြီး လည်ချောင်းထပ်ခွဲရမယ်ဆိုတာ နောက်နေ့မှ ကျမသိပါတယ်။ကျမလိုပဲ သူ့ကို ငွေလှူတဲ့ ဆရာရှမ်းမိသားစု၊ မမြငြိမ်း (သန့်စင်အေး) အပါအဝင် ကျန်တဲ့လူတွေလဲ မသိကြပါဘူး။ဆရာလေးက တမင်အသိမပေးတာဖြစ်မယ်လို့ ထင်ပေမယ့်၊ သူဆေးရုံတက်ပြီး နောက်နေ့မှာ အခြေအနေသိရအောင် ကျမဖုန်းဆက်ကြည့်လိုက်ပါတယ်။ယောကျာ်းတစ်ယောက်က ဖုန်းပြန်ထူးတယ်။ဆရာလေး ခွဲစိတ်တဲ့ အခြေအနေသိချင်လို့ဆိုတော့ “အောင်မြင်တယ်။အဆင်ပြေတယ်။ဒီညနေ ဆေးရုံကဆင်းပြီး အိမ်ပြန်မယ်။ကျနော်က သူ့သူငယ်ချင်းပါ” ပြန်ဖြေလို့ စိတ်အေးသွားပါတယ်။

တစ်ပတ်လောက်ကြာတော့ ဆရာလေးဆီ ဖုန်းဆက်လဲမကိုင်၊ စာပို့ရင်လဲ အကြောင်းမပြန်တော့ပါဘူး။သူနဲ့ပိုရင်းနှီးတဲ့ မြသွေးကို လှမ်းမေးတော့
“ဟုတ်တယ် အမရေ။မခွဲခင်ကထက် အသံအခြေအနေ ပိုဆိုးသွားလို့ ဖုန်းမကိုင်တာဖြစ်မယ်။ကျမလည်း တစ်ခါပဲ သွားကြည့်ဖြစ်တယ်” တဲ့။

အော် - သတ္တဝါတစ်ခု ကံတစ်ခုဆိုတဲ့ စကားရှိတာပဲ။ပြန်နေကောင်းပါစေ ဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ပြီလို့ ကျမစိတ်ကို လျှော့ချလိုက်ပါတယ်။ဆရာလေးကို ဖုန်းဆက်တာ စာတိုပို့တာ လုံးဝမလုပ်တော့ပါ။

ဒီလိုနဲ့ ၂၀၂၃ ထဲ ကူးလာပါပြီ။ဧပြီလကုန်ခါနီး တစ်ရက်မှာ ကိုဝင်းချို (ဓူဝံစာပေ) တင်ထားတဲ့ ပို့စ်ကိုကြည့်ပြီး ကျမလန့်သွားပါတယ်။ဆရာလေး လည်ပင်းအပေါက်ဖောက်ထားရပြီ။လည်ပင်းနဲ့ လက်တွေမှာ ပိုက်တန်းလန်းနဲ့ ဆေးရုံကုတင်ပေါ်မှာ ထိုင်နေတဲ့ ဆရာလေးပုံ။သူ့ကုတင်ဘေးမှာ ကိုဝင်းချို၊ ဆရာမောင်သာချိုနဲ့ နောက်တစ်ယောက်က မတ်တတ်ရပ်လို့။ဆရာလေး ဒီတစ်ခေါက်တက်နေရတာက ပင်လုံဆေးရုံပါ။

မနေ့က မေတ္တာစိမ့်စမ်းရေ အမှတ်စဉ် - ၁၅ ရေးတင်လိုက်တော့၊ ဆရာမောင်လင်းယုန် (ရှမ်းပြည်) ရဲ့ သမီးငယ် နံ့သာက ကျမကိုလှမ်းပြောပါတယ်။

“အန်တီရေ အန်တီအမှတ်မှားတာလား။သမီးပြောတာ မရှင်းတာလား မသိဘူး။အဲဒီနေ့က ဖေဖေ့ ၆ နှစ်ပြည့်ပွဲကို၊ သမီးတို့က လူပဲစိုက်ရတာပါ။ဆရာလေးက သူနေဖို့ ၆ လပဲ ကျန်တော့လို့၊ ဖေဖေ့ ၆ နှစ်ပြည့် သူကျင်းပပေးပါစေပြောပြီး၊ ကုန်ကျတာ ဆရာလေး ပေးတာပါ။ဆရာလေး စကားပြောပြီးမှ အန်တီမမြငြိမ်းတို့က ဆရာလေးကို သပ်သပ်ဆေးဖိုးလှူတာ။မေမေကတော့ ဆရာလေး ဆေးရုံကဆင်းမှ သွားပေးတာ” လို့ ရှင်းပြပါတယ်။

အော် - ဒါကြောင့် လက်ဖက်ရည်ဆိုင်သွားတဲ့နေ့က “ကျနော့်မှာ အချိန်သိပ်မရှိတော့ဘူး” ပြောတာကိုးလို့ တွေးမိပြီး၊ ကျမပြောတာတွေကို လုပ်လဲမထူးဘူး ယူဆပုံရတယ်လို့ ဆက်တွေးမိပါတယ်။

           (ဆက်လက်ဖော်ပြပါမည်။)

ခင်နှင်းဦး