【 ဆောင်းပါး 】 ဘကြီးနဲ့ အရက်

【 ဆောင်းပါး 】 ဘကြီးနဲ့ အရက်

ဘကြီး အရက်စသောက်တော့ အသက် ၂၃ နှစ်လောက် ရှိပြီ။မဆလခေတ်ဦးကာလ တောမှာ အသက် ၂၃ နှစ်ဆိုတာ လူပျိုကြီးလို့ အများသူငါခေါ်ကြတဲ့ အရွယ်။ဘကြီး သူငယ်ချင်း အားလုံးနီးပါး ကလေးတွဲလောင်းတွေချည်း။

တောမှာက ပညာရေးက ၁၀ တန်းလောက်ရောက် ကံကောင်း။တော်တော်များများက ပညာရေးလမ်း မကောင်း။ ၇ တန်း၊ ၈ တန်းလောက်ရောက် ကံကောင်း။အလုပ် လုပ်နိုင်တဲ့အရွယ် စာမေးပွဲကျပြီဆိုတာနဲ့ ကျောင်းထွက် အလုပ် လုပ်။ကိုယ်ပိုင်ဝင်ငွေလေးရှိလာတော့ ရည်းစားတွေဘာတွေရပြီး အလွန်ဆုံး ကြာလှ၊ ၂ နှစ်။မိန်းမယူလိုက်မယ်ဆိုတာချည်း။

အမျိုးသမီးတွေဆိုရင်လည်း ရာသီအလိုက် အလုပ်ရှိတဲ့အခါ သွားလုပ်။များသောအားဖြင့် အိမ်မှုကိစ္စနဲ့ သာရေးနာရေးတွေမှာသာ ကျင်လည်ကြတာမို့ ယူမယ့်လူရှိ စောစောစီးစီး ယူလိုက်ကြတာချည်း။အဲဒီခေတ်အခါကလည်း တားဆေးတွေ ဘာတွေလည်းမရှိ၊ ကွန်ဒုံဆိုတာ ရန်ကုန်မှာတောင် မြင်ဖူးဖို့ မလွယ်တာမို့ ယူပြီးတာနဲ့ ကလေးတွေ မွေးလိုက်တာမှ တစ်ယောက်ပြီး တစ်ယောက်။

ဘကြီးက ကလေးချစ်တတ်သူမို့ သူ့သူငယ်ချင်းတွေနဲ့ အမျိုးအဆွေတွေ မွေးလာတဲ့ ကလေး သိပ်ချီလေ့ရှိတယ်။ကလေးတွေကိုဆို မုန့်တွေခေါ်ကျွေးတာလည်း မကြာခဏ။အဲဒါကို ဘကြီးရဲ့ အဖေ ကျနော့်အဘိုးက မကျေနပ်။မိန်းမကျတော့မယူဘူး၊ သူများကလေးတွေပဲ လျှောက်ချီနေတယ်ဆိုပြီး သူ့သားနောက်ကွယ်မှာ မြည်တွန်တောက်တီး။အဘိုးရဲ့ မြည်တွန်တောက်တီးသံကို အဓိကခံရတာကတော့ အဘိုးရဲ့ မိန်းမ ကျနော့်အဘွား။အဘွားက အေးအေးကြီးဆိုတော့ ဟိုစပ်ဒီစပ်ကလည်း မစပ်ဟပ်တတ်။ကိုယ်ကပေးစားလိုက်ပြီးမှ ကိုယ့်သားနဲ့ အဆင်မပြေဖြစ်မှာလည်း ကြောက်တာဆိုတော့ မစပ်ရဲ။ပြီးတော့ အဘွားရဲ့ မသိစိတ်ထဲမှာလည်း သားကို ချွေးမလက်ထဲ ထိုးထည့်လိုက်ရတာမျိုး မကြိုက်တာ ပါမှာပေါ့။

ဒါပေမဲ့ သူ့ယောကျာ်း ကျနော်တို့ အဘိုးက မြေးချီချင်နေတဲ့သူ။သူ့သူငယ်ချင်းတွေ မြေးချီသွားတာမြင်ရင် သူ့သားကိုချည်း အပြစ်တင်။

“သူများတွေလို အဆင်မပြေလို့ မိန်းမမယူရင် ထားလိုက်ပါတော့ကွာ။ကိုယ့်မှာက ဒီလောက်အဆင်ပြေနေရသားနဲ့ မယူတာကို ငါမကြိုက်တာ။မင်းသားကြီး အဖြစ်မရှိရင်လည်း ငါတို့ပေးစားမယ် ပြောလိုက်” တဲ့။

အဘိုး အဲဒီလို မကြာခဏပွားတော့ အဘွားကလည်း နည်းနည်းတော့ စကားစရတော့တာပေါ့။

“သား၊ အရွယ်လွန်သွားမယ်နော်။မိန်းမမယူသေးဘူးလား” လို့ဆိုတော့ သားလုပ်တဲ့သူက တဟားဟား။တစ်ခါတလေ ကျတော့လည်း “အေးအေးပဲနေပါရစေ အမေ၊ ကျနော်ကြိုက်တဲ့သူလည်း မတွေ့သေးဘူး” တဲ့။

“နင့်အဖေက မြေးချီချင်နေပြီ” လို့ ဆိုတော့ “အဖေ့ကိုသာ နောက်မိန်းမ ပေးစားပြီး ကလေးမွေးပြီး ချီခိုင်းလိုက်”တဲ့။သူ့ယောကျာ်းဘက် လှည့်လာတော့ အဘွားက ဘာမှထပ်မပြောရဲတော့။

အခုလည်း ဘကြီးက အရက်သောက်ပြီဆိုတော့ အဘိုးက မကြည်။ဘကြီးက အရက်ကို တစ်ပတ်မှ တစ်ခါစနစ်နဲ့ သောက်တာမို့ အရက်သောက်တာကို မကြည်တာတော့ မဟုတ်။အဘိုးကိုယ်တိုင် လူပျိုတုန်းက ညနေတိုင်းသောက်ခဲ့ ကဲခဲ့သူမို့ သူ့သားကြီး အရက်ကို စနစ်တကျသောက်တတ်တာကို အံ့ဩသဘောကျပေမယ့် မိန်းမကိစ္စ စိတ်မဝင်စားတဲ့ကြားထဲ အရက်ပါ လာနွယ်ပြန်တော့ အရက်လေးတမြမြနဲ့ လူပျိုကြီးဖြစ်သွားမှာကြောက်လို့ မကြည်တာမျိုး။

ဘကြီး အရက်သောက်တဲ့နေ့ဆို ကိုယ့်ဘာသာ လယ်ထဲက မီးဖိုချောင်ဝင်။လယ်ထဲမှာ စိုက်ထားတဲ့ ဘူးသီးကိုခူး၊ ကြက်တစ်ကောင်ဝယ်ပြီး ကြက်ဗူးအရည်သောက် စိတ်ရှည်လက်ရှည်ချက်လို့။လယ်ထဲမှာ ငါးပြေမလှိုင်လှိုင်တွေ့နေပြီဆို ငါးပြေမ ရွှံ့သုတ် မီးဖုတ်။ငါးပြေမခေါင်းနဲ့ ဆူးတွေကိုဖယ် ရေဆေး။ပြီးရင် ငါးပြေမ တစ်ကိုယ်လုံး ရွှံ့ပါးပါးသုတ်ပြီး မီးဖိုထဲ ပစ်ထည့်လိုက်။ရွှံ့အရောင်ပြောင်းကာ ကျက်သွားပြီဆိုရင် မီးထဲကပြန်ထုတ်။မပူတော့တဲ့အချိန် ရွှံ့တွေကို ဆွဲခွာလိုက်တဲ့အခါ ရွှံ့နဲ့အတူ ငါးပြေမ အရေခွံထူထူက ပါသွားတာမို့ ကျန်ခဲ့တဲ့ ဖြူဖွေးဖွေးအသားက မွှေးမြမြ ကျန်နေရော။ငါးပြေမ ရွှံ့သုတ် မီးဖုတ်ကိုတော့ ဘကြီးကိုယ်တိုင်မလုပ်။ဘကြီးရဲ့ ကြီးတော် အပျိုကြီးက လုပ်ပေးတာတဲ့။

“ဘကြီးတစ်သက် ကြီးတော်ကြီး လုပ်ပေးတဲ့ ငါးပြေမ ရွှံ့သုတ် မီးဖုတ်လောက်ကောင်းတာ မစားဖူးဘူး။ဘကြီးကိုယ်တိုင်လည်း ကြီးတော်ကြီး လုပ်ပေးတာလောက် ကောင်းအောင် မလုပ်နိုင်ဘူး။ကြီးတော်ကြီးက ဓားပြားလေးနဲ့ ရွှံ့ကို ညီနေအောင် သုတ်နိုင်တာဆိုတော့ အထဲက ငါးအသားကလည်း တစ်ညီတည်း ကျက်နေရော” တဲ့။

ငါးပြေမ ရွှံ့သုတ် မီးဖုတ်ရဲ့ အားသာချက်က ရွှံ့နဲ့ အသားကို ကာထားတာကြောင့် ငါးအသား မီးမထိ၊ အတွင်းသားထဲက အနံ့တွေ အပြင်မထွက်။အဲဒါကြောင့် မွှေးမွှေးမြမြနဲ့ စားလို့သိပ်ကောင်း။အဲဒီလို ငါးပြေမအသားကို ငံပြာရည်၊ မန်ကျည်းရည်နဲ့ ကြက်သွန်ဖြူထောင်းထည့်ပြီး စပ်ထားတဲ့ အချဉ်ရည်နဲ့ တို့လိုက်ရင် တကယ့်ကိုတော့ နတ်သုဒ္ဓါတဲ့။

ပြီးတော့ ဘကြီးအကြိုက် နောက်ထပ် အမြည်း ၂ မျိုးက လက်ဖက်ပုစွန်နဲ့ ငါးရှဉ့်အစိုချက်။ဘကြီးရဲ့ ကြီးတော်ကြီး စပ်ထား နှပ်ထားတဲ့ လက်ဖက်အသားက မန္တလေးက အရီးတောင်းလက်ဖက်တောင် မမှီဘူးဆိုလား။အဲဒီလက်ဖက်နဲ့ ဆားမပါတဲ့ ပုစွန်ခြောက်ချိုချို အကောင်ကြီးကြီး။ငါးရှဉ့်အစိုချက်ကျတော့ ဘကြီးကိုယ်တိုင်ချက်။ငါးရှဉ့်ကို မန်ကျည်းသီးနဲ့ နှပ်ပြီးချက်ထားတဲ့ ခပ်ချဉ်ချဉ် အရည်ပျစ်ပျစ်။

ဘကြီး အရက်သောက်တဲ့နေ့မှာ ခပ်ဆတ်ဆတ်ပြင်းတဲ့ တောအရက်ကို ကြိုတင်မှာထားပြီးသား။သောက်ခါစတုန်းက ချက်အရက်အမျိုးမျိုးကို စမ်းသောက်ကြည့်ပေမယ့် နောက်ပိုင်းမှာတော့ ဘကြီးစိတ်ကြိုက် မပြင်းမပျော့နဲ့ မနက်ခင်းနိုးလာရင် ခေါင်းလည်းမကိုက် ဝမ်းလည်းကောင်းတယ်ဆိုတဲ့ ချက်အရက်တစ်မျိုးတည်းကိုသာ မှာသောက်လေ့ရှိသတဲ့။

အရက်သောက်တဲ့နေ့၊ မွန်းလွဲပိုင်းကတည်းက မီးဖိုချောင်မှာ သီချင်းလေးတအေးအေးနဲ့ ချွေးတွေသီးလို့။ညနေစောင်းပြီဆို သေချာရေမိုးချိုးပြီးတော့မှ အရက်ဝိုင်း စထိုင်တော့တယ်။

အရက်ဆိုတာ လူကြီးလူကောင်းလို သောက်တတ်ရတယ်တဲ့။

ဘကြီးရဲ့ အဖေ ကျနော့်အဘိုးက တစ်ခါတလေ အမြင်ကတ်လာရင် ဘကြီးကို တည့်တည့်ပြောတတ်တယ်။

“အေး၊ ယောကျာ်းဆိုတာလည်း အချိန်တန်ရင် မိန်းမယူတတ်ရတယ်” တဲ့။ကဲ…….။

ငြိမ်းဆက်
Photo Credit - AARP