【 ဆောင်းပါး 】 ပူးပေါင်းကင်းလှည့် ကြပ်မတ်နေသည့် မဲခေါင်မြစ်

【 ဆောင်းပါး 】 ပူးပေါင်းကင်းလှည့် ကြပ်မတ်နေသည့် မဲခေါင်မြစ်

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိသော နိုင်ငံလည်းဖြစ်ကြသလို မဲခေါင်မြစ် မိသားစုဝင် နိုင်ငံလည်းဖြစ်ကြပြီး တရားဥပဒေစိုးမိုးရေးအပါအဝင် မြစ်အတွင်း ပူးပေါင်းကင်းလှည့်မှုများကိုလည်း အတူလုပ်ဆောင်လာလျက်ရှိသည်။
 
ပြီးခဲ့သော ဒီဇင်ဘာလအတွင်းကလည်း မဲခေါင်မြစ်အတွင်းတွင် ပူးတွဲကင်းလှည့်ကြပ်မတ်ရေးအစီအစဉ်ကို မြန်မာ၊ တရုတ်နိုင်ငံများအပါအဝင် လာအို၊ ထိုင်း စသည့် နိုင်ငံများ ပူပေါင်း၍လည်း ၁၃၆ ကြိမ်မြောက်အဖြစ် အတူလုပ်ဆောင်ခဲ့ကြသည်။
 
တရုတ်နိုင်ငံတွင် “လန်ချန်း” မြစ်ဟုခေါ်သည့် “မဲခေါင်” မြစ်သည် ဖြတ်သန်းစီးဆင်းရာ မိသားစုဝင်နိုင်ငံများကြား ပထဝီအနေအထားအရ ရစ်ပတ်စုစည်းထားပြီး စီးဆင်းရာ နိုင်ငံများကြား၌ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ တွေးခေါ်မှုနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာများ၊ နေထိုင်စားသောက်မှုများ အစရှိသည့် သွင်ပြင်လက္ခဏာများမှာလည်း ရစ်ပတ်နှောင်ဖွဲ့၍ နေလျက်ရှိသည်။
 
ကမ္ဘာပေါ်တွင် ၁၂ ခုမြောက် အရှည်ဆုံးမြစ်ဖြစ်ပြီး မိုင်ပေါင်း ၂၇၀၀ ကျော် ရှည်လျားသည့် မဲခေါင်မြစ်သည် တရုတ်နိုင်ငံ၊ တိဗက်ကုန်းမြေမြင့်ဒေသတွင် မြစ်ဖျားခံ၍ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများကို ဖြတ်သန်းစီးဆင်းနေလျက်ရှိသည်။မြစ်ကြောင်းတစ်လျှောက် မိသားစုဝင်နိုင်ငံများအတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် လုံခြုံရေးကိစ္စကို ဆောင်ရွက်လာကြပြီး တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း စသည့် လေးနိုင်ငံမှ ပူးတွဲကင်းလှည့်ရေးအစီအစဉ်ကို လုပ်ဆောင်လာခဲ့ကြသည်။ထိုသို့ ပူးတွဲကင်းလှည့်ရေးအစီအစဉ်ကို မဲခေါင်မြစ်ကြောင်းတစ်လျှောက်တွင် ၂၀၁၁ ခုနှစ်မှ အစပြု၍ လက်ရှိအချိန်အထိပင် လုပ်ဆောင်နေကြခြင်းလည်းဖြစ်သည်။
 
မြစ်ကြောင်းတစ်လျှောက် ပူးပေါင်းကင်းလှည့်မှုနှင့်အတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ၊ လုံခြုံရေးတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စများမှာ မိသားစုဝင်နိုင်ငံများကြားတွင် အရေးပါလာသလို ပူးပေါင်းဆောင်ရွက်မှုမှာ ခိုင်မာလာခဲ့ကြသည်။ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ မစတင်မီ မိသားစုဝင် သက်ဆိုင်ရာ နိုင်ငံအသီး သီးရှိ တာဝန်ရှိသူများက မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်မည့်ကိစ္စများအတွက် မိသားစုဝင်နိုင်ငံများကြားတွင် ဗီဒီယိုအစည်းအဝေးဖြင့် ဆွေးနွေး၍ မြစ်ကြောင်းအတွင်း တရားမဝင်လှုပ်ရှားမှုများကို တိုက်ဖျက်ရန် သဘောတူကာ အကောင်အထည်ဖော်လာခဲ့ကြသည်။
 
အထောက်အထား စာရွက်စာတမ်းမရှိဘဲ တရားမဝင် ကူးလူးသွားလာကာ ပို့ဆောင်မှုများ၊ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် သယ်ယူရောင်းဝယ်နေသည့် အခြေအနေများကိုလည်းကောင်း၊ ဆက်သွယ်ရေးဆိုင်ရာ ရာဇဝတ်မှုများကို ဖော်ထုတ်ခြင်းဖြင့်လည်းကောင်း၊ ကျူးလွန်သူများကို ဖမ်းဆီးထိန်းသိမ်းခြင်းဖြင့်လည်းကောင်း စသည့် လုပ်ငန်းများကို မြစ်ကြောင်းတစ်လျှောက်တွင် အတူပူးပေါင်း ဆောင်ရွက်လာခဲ့ကြသည်။
 
မိသားစုဝင်နိုင်ငံများရှိ ဥပဒေပိုင်းဆိုင်ရာ ကိုင်တွယ်လုပ်ဆောင်နေသည့် ဌာနအသီးသီးက ရေယာဉ်များဖြင့် အဆိုပါမြစ်ကြောင်းအတွင်း ပူးပေါင်းကင်းလှည့်မှုကို လုပ်ဆောင်ခဲ့ကြခြင်းလည်းဖြစ်သည်။ထိုအစီအစဉ်များကြောင့်လည်း တစ်ချိန်က မူးယစ်ဆေးဝါးဆိုင်ရာကိစ္စများ၊ တရားမဝင်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ကိစ္စများ၌ နာမည်ဆိုးရှိခဲ့သော လာအို၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံဆုံရာ Golden Triangle (ရွှေတြိဂံဒေသ) ၌ စစ်ဆေးထိန်းသိမ်းသည့်လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ကြသည်။
 
ပြီးခဲ့သော ၂၀၁၃ ခုနှစ်အတွင်းကလည်း အလားတူ ပူးပေါင်းကင်းလှည့်၍ စစ်ဆေးကြပ်မတ်မှုအစီအစဉ်များကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး မော်တော်ယာဉ် စုစုပေါင်း ၁၇၈ စီး၊ လူဦးရေ ၄၅၀ ကျော်နှင့် ကုန်ပစ္စည်းတန်ချိန် ၁၂၀ ကျော်တို့ကို ပူးပေါင်းအဖွဲ့များမှ စစ်ဆေးကြပ်မတ်မှုများကို လုပ်ဆောင်နိုင်ခဲ့ကြသည်။
 
ထိုကဲ့သို့သော ပူးပေါင်းကြပ်မတ်ရေးလှုပ်ရှားမှုအစီအစဉ်များကြောင့်လည်း မဲခေါင်မြစ်ဝှမ်းအတွင်း ဒုစရိုက်မှုများကိုလည်းကောင်း၊ ပြန်ပေးဆွဲကာ လုပ်ဆောင်နေမှုများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာကိစ္စများကိုလည်းကောင်း၊ တရားမဝင်ကုန်သွယ်မှုနှင့် တရားမဝင်ကိစ္စရပ်များစွာကိုလည်းကောင်း ထိရောက်သည့် ဟန့်တားမှုများ ပြုလုပ်နိုင်ခဲ့သလို မြစ်ကြောင်းအတွင်း ကူးလူးဆက်နွယ်လုပ်ကိုင်နေသူများအတွက်လည်း ဘေးကင်းလုံခြုံမှုကို ပေးစွမ်းနိုင်ကာ အကျိုးပြုမှု များပြားစေခဲ့သည်။
 
ပြီးခဲ့သောလအတွင်း ပြုလုပ်ခဲ့ကြသည့် ၁၃၆ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းတို့အတူ မဲခေါင်မြစ် ပူးတွဲကင်းလှည့်ကြပ်မတ်ရေးအစီအစဉ်တွင် ဥပဒေစိုးမိုးရေး သင်္ဘောခြောက်စင်းကို အသုံးပြု၍ လေးရက်နှင့် သုံးညကြာအောင် ပူးပေါင်းကြပ်မတ်သည့် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။ထိုပူးပေါင်းလုပ်ဆောင်သည့် အစီအစဉ်တွင်ပါဝင်သည့် သင်္ဘောခြောက်စင်း၌ တရုတ်နိုင်ငံဘက်မှ သင်္ဘောသုံးစင်းပါဝင်ခဲ့ပြီး စစ်ဆောင်ပဏ္ဏား ကျင်ဟာဆိပ်ကမ်းမှ ခရီးစဉ်ထွက်ခွာ၍ ကင်းလှည့်ကြပ်မတ်မှုအစီအစဉ်များကို အတူတကွလုပ်ဆောင်ခဲ့ကြသည်။ထိုကဲ့သို့သော ပူးပေါင်းကင်းလှည့်မှုများအပြင် တရုတ်နိုင်ငံမှ သင်္ဘောများက မြန်မာနိုင်ငံရှိ ဝမ်ပုံစခန်းသို့ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်ခဲ့ကြသေးသည်။
 
မဲခေါင်ဒေသအတွင်းရှိ နိုင်ငံများကြားတွင် ဖွံ့ဖြိုးမှု ကွာဟချက် လျှော့ချရန် ရည်ရွယ်ချက်များဖြင့် ကြိုးပမ်းဖော်ဆောင်နေသည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များမှာ လက်ရှိတွင် အတော်ပင်ခရီးပေါက်လာသည့် အနေအထားတစ်ရပ်ဖြစ်လာသည်။ထိုအစီအစဉ်များအနက်တွင် ယခုလို လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကလည်း အပါအဝင်ဖြစ်ခဲ့ပြီး မဲခေါင်မြစ်ဝှမ်းအတွင်း ပူးပေါင်းကင်းလှည့်ကာ စစ်ဆေးကြပ်မတ်မှုများဖြင့် တရားဥပဒေစိုးမိုးရေးအတွက် အကောင်အထည်ဖော်ကြခြင်းလည်းဖြစ်သည်။
 
မဲခေါင်မြစ်၏ မြစ်ကြောင်းတစ်လျှောက်တွင် မှီတင်းနေထိုင်သူ ၃၂၆ သန်းကျော်အနက် မဲခေါင်မြစ်ဝှမ်းနိုင်ငံများ၏ တိုးတက်မှုနှုန်းမှာ နှစ်စဉ်ပျမ်းမျှ ၇ ရာခိုင်နှုန်းအထိရှိလာပြီး GDP အနေဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ ကျော် ဖြစ်လာခဲ့သည်။ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများလုပ်ဆောင်နေသလို ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက်လည်း အတူပူးပေါင်းလုပ်ဆောင်နေကြခြင်းလည်းဖြစ်သည်။
 
ထိုကဲ့သို့ ပူးပေါင်းကင်းလှည့် ကြပ်မတ်မှုများဖြင့် မြစ်ဝှမ်းအတွင်း မိသားစုနိုင်ငံများကြားတွင် အပြန်အလှန် လေးစားယုံကြည်မှုများကိုလည်းကောင်း၊ တစ်ဦးအပေါ် တစ်ဦးမှ နားလည်ပေးနိုင်မှုများကိုလည်းကောင်း၊ တန်းတူ ရည်တူရှိမှုအပါအဝင် ချစ်ကြည်ရင်းနှီးမှုကို အခြေခံသော နွေးထွေးသည့် ပေါင်းစည်းမှုများလည်းရှိလာစေခဲ့ကြသည်။
 
ယခုလို ပူးပေါင်းကင်းလှည့်ကြပ်မတ်လုပ်ဆောင်မှုကြောင့် ဒေသတွင်းနိုင်ငံများရှိရာ မြစ်ကြောင်းတစ်လျှောက်တွင် တည်ငြိမ်အေးချမ်းကာ ဒေသခံများအတွက် လုံခြုံစိတ်ချသည့် အခြေအနေရလဒ်များကို ပိုင်ဆိုင်ရစေပြီး အနာဂတ်ကာလအတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများကို အထောက်အကူကောင်းများဖြစ်စေမည်ကို ရေးသားလိုက်ရပေသည်။
 
ဧပရယ်လ်