【 ဆောင်းပါး 】 နေ့စဉ်ဘဝထဲက လက်ဖက်ရည်ကြမ်း ယဉ်ကျေးမှု

【 ဆောင်းပါး 】 နေ့စဉ်ဘဝထဲက လက်ဖက်ရည်ကြမ်း ယဉ်ကျေးမှု

မြန်မာလူမျိုးများတွင် ဧည့်သည် အိမ်လာသည့်အခါ လက်ဖက်ရည်ကြမ်းနှင့် လက်ဖက်၊ စားစရာများတို့ ဧည့်ခံကြသည်မှာ ရှေးခေတ်အခါကတည်းကဖြစ်သည်။

ယနေ့ခေတ်အထိ ပုံမှန် နေအိမ်တစ်ခုမှာ လက်ဖက်ရည်ကြမ်းအိုး (သို့မဟုတ်) အခေါ်အဝေါ်ရှိသည့် ရေနွေးဓာတ်ဘူး၊ ရေနွေးခရားတို့နှင့် ခွက်ငယ်များရှိကြသည်။အလွယ်တကူ ရေနွေးကြမ်းသောက်သုံးခြင်းဟု ခေါ်ဆိုကြသည်။

မိသားစုဝင်များကိုယ်တိုင်သော်လည်းကောင်း၊ ဧည့်ခံရန်အတွက်သော်လည်းကောင်း ရေနွေးကြမ်းကို အသုံးပြုကြသည်။ခေတ်အဆက်ဆက်ပြောင်းလာသည့်အခါမှာလည်း ရေနွေးကြမ်းသောက်သုံးသောဓလေ့က ပြောင်းမသွားသည့်အပြင် မတူညီသော ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့တစ်ခုသဖွယ်ရှိနေပါသည်။ ရေနွေးကြမ်းသောက်ခြင်းကို ကဗျာဆန်ဆန် ခံစားနိုင်သည်။  

လမင်းကြီးထိန်ထိန်သာသည့် လပြည့်ညများတွင် ခြံထဲရှိ ကွပ်ပျစ်ပေါ်က ရေနွေးကြမ်းဝိုင်းသည် လမင်းကြီး၏ အေးမြသော အလင်းရောင်အောက်တွင် ပန်းချီကားသဖွယ် လှပနေသည်။ယခုလိုပုံရိပ်မျိုးကို ကျေးလက်ဒေသတို့တွင် ရာသီဥတုသာယာသည့် နေ့ရက်တို့၌ အများဆုံးတွေ့ရှိရသည်။

ရပ်ရေးရွာရေး ဆွေးနွေးကြသော လူကြီးဝိုင်း၊ လူပျို၊ အပျိုတို့၏ စကားဝိုင်းထဲတွင် ရေနွေကြမ်းနှင့် လက်ဖက်အပါအဝင် ဒေသအစားအစာတို့နှင့်အတူ ချစ်ကြည်ရင်းနှီးမှုပုံရိပ်တို့ကို မြင်တွေ့ရသည်။နေ့လယ်နေ့ခင်း နေအိမ်စကားဝိုင်းများတွင်လည်း ရေနွေးကြမ်းက အဓိကပါဝင်သည်။ပြောင်းလဲလာသောခေတ်တွင် လရောင်အောက်က ရေနွေးကြမ်းဝိုင်းသည် အလွန်ရှားပါးနေပြီလားဟု တွေးမိသည်။

မြို့ပြက ရေနွေးကြမ်းစကားဝိုင်းသည် လက်ဖက်ရည်ဆိုင်များမှာ အများဆုံးဖြစ်သည်။ဧည့်ခံခြင်းနှင့် စကားဝိုင်းတို့တွင် မပါမဖြစ်က ရေနွေးကြမ်းအပါအဝင် လက်ဖက်ရည်နှင့် ကော်ဖီတို့လည်းအပါအဝင်ဖြစ်လာသည်။လက်ဖက်ရည်ဆိုင်က  ရေနွေးကြမ်းဝိုင်းသည် အရေးတကြီး ဆွေးနွေးတိုင်ပင်မှု၊ စကားစမြည်ပြောဆိုရန် တွေ့ဆုံရာ နေရာတစ်ခုလည်းဖြစ်သည်။လူအများအနားယူခြင်း၊ တစ်ဦးနှင့် တစ်ဦး ရင်းနှီးကျွမ်းဝင်ခြင်း၊ မိသားစုကြား၊ မိတ်ဆွေများကြား စုစည်းညီညွတ်ခြင်းကိုပြသော ပြုယုဂ်တစ်ခုလည်းဖြစ်ပါသည်။  

မြို့ပြများတွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင် အများအပြားရှိသည်။လက်ဖက်ရည်၊ ကော်ဖီသောက်ပြီးသည့်အချိန်၊ စားသောက်ဖွယ်ရာများ စားသုံးပြီးသည့်အချိန်မှာ ရေနွေးကြမ်းက အဓိကပါမြဲဖြစ်သည်။

မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်များတွင် ရေနွေးကြမ်းအခမဲ့ သောက်သုံးနိုင်ကြသည်။မန္တလေးမြို့က လက်ဖက်ရည်ဆိုင်ကြီးအချို့မှာ လက်ဖက်ခြောက်ကောင်းကောင်းဖြင့် ရေနွေးကြမ်းကို ပြင်ဆင်ရောင်းချကြသူများလည်းရှိသည်။လက်ဖက်ခြောက် အရသာကောင်းမွန်မှုပေါ် မူတည်၍ ဆိုင်နာမည်ရသည်။

လက်ဖက်နှပ်နှင့် လက်ဖက်ရည်ကြမ်းသည် ရှေးမြန်မာမင်းများလက်ထက်ကတည်းက တော်ဝင်စားသောက်ဖွယ်ရာများဖြစ်ခဲ့သည်။နန်းတော်တွင် လက်ဖက်ရည်တော်ရာထူးနှင့် လက်ဖက်ရည်အိုးကိုင်ရာထူးတို့ရှိသည်။ထိုသူတို့ ရာထူးနေရာကို ယုံကြည်စိတ်ချရသူများသာ ခန့်အပ်ကြသည်။ထို့ကြောင့် လက်ဖက်ရည်ကြမ်းသည် ဘုရင်မှစ၍ အမတ်၊ ကုန်သည်၊ သူကြွယ်၊ ဆင်းရဲသားလူတန်းစားအထိ မြတ်မြတ်နိုးနိုး သောက်သုံးကြသည်။

မြန်မာတို့၏ လူမှုဘဝတွင် လက်ဖက်သည် မရှိမဖြစ် ရိုးရာအစားအစာတစ်ခုအနေဖြင့်ရှိပြီး ဘုရားပွဲ၊ နတ်ပွဲ၊ အခမ်းအနားပွဲတို့တွင် လက်ဖက်ကလည်း မပါမဖြစ် အရေးပါသည်။လက်ဖက်သုပ်နှင့် ရေနွေးကြမ်းသည် ရပ်ရေး၊ ရွာရေးအစည်းအဝေးများနှင့် သာရေး၊နာရေးတို့တွင် မပါမဖြစ်သည့် အစားအစာဖြစ်သည်။

လက်ဖက်ရည်ကြမ်းသောက်သည့် ယဉ်ကျေးမှုသည် လူမှုဘဝ၏ နေ့စဉ်ဘဝထဲက ဓလေ့တစ်ခုပင်ဖြစ်ပေသည်။လက်ဖက်ပင်မှ လက်ဖက်စိုနှင့် လက်ဖက်ခြောက်တို့ ခွဲခြားအသုံးပြုကြသည်။ရင့်လို့မသုံးသင့်သည့် အရွက်များကို ရေနွေးကြမ်းလုပ်သည့် လက်ဖက်ခြောက် (အခါခြောက်) နှင့် လက်ဖက်ရည်လုပ်သည့် လက်ဖက်ခြောက် (အချိုခြောက်) တို့ ပြုလုပ်ကြသည်။

လက်ဖက်ရည်ကြမ်းကို နိုင်ငံတကာမှာ Green Tea ဟု လူသိများသည်။လက်ဖက်ရည်ကြမ်း သမိုင်းအစက တရုတ်နိုင်ငံလို့ သိရပြီး လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်ကဟူ၍ သိရပါသည်။မြန်မာတို့၏ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်း အစကတော့ အလောင်းစည်သူမင်း လက်ထက်ကဟူ၍ သိရသည်။

ရေနွေးဆူဆူထဲ လက်ဖက်ခြောက် အနည်းငယ်ထည့်ပြီး သောက်ရသည့် အရသာကို လူငယ်၊ လူကြီး တော်တော်များများ ကြိုက်နှစ်သက်ကြသည်။ရေနွေးကြမ်းက လူ့ခန္ဓာကိုယ် ကျန်းမာရေးအတွက်လည်း များစွာသော အကျိုးကျေးဇူးများကို ပေးသည်။ရေနွေးကြမ်းပုံမှန်သောက်ပါက ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို လျော့ကျစေပြီး အစာအိမ်ကင်ဆာ၊ အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာဖြစ်ပွားမှု လျော့ကျစေသည်ဟု ဆေးပညာရပ်ဆိုင်ရာ ဆရာဝန်များက ပြောသည်။ သွေးတိုးရောဂါရှိသူများအနေဖြင့် ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးပါက သွေးပေါင်ချိန်ထိန်းနိုင်သလို သွားကျန်းမာရေးကိုလည်း ကောင်းစေပါသည်။ အသက်အရွယ်ကြီးသူများတွင် ဖြစ်ပွားတတ်သည့် အယ်လ်ဇိုင်းမားရောဂါကိုလည်း ကာကွယ်နိုင်သည်။ထို့အပြင် ကိုယ်တွင်းအဆီများကို ချေဖျက်မှုကောင်း၍ ကိုယ်အလေးချိန် မတက်အောင် ထိန်းထားနိုင်ပါသည်။သို့သော် ဘယ်အရာမဆို “တန်ဆေးလွန်ဘေး” ဖြစ်သည်။

ရေနွေးကြမ်းကို အလွန်အကျွံသောက်သုံးပါက နှလုံးခုန်မြန်ခြင်းနှင့် ခန္ဓာကိုယ်အတွက် လိုအပ်သော သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေပါသည်။သွေးအားနည်းရောဂါ ဖြစ်ပွားနိုင်သည်။ ပြည်တွင်းဈေးကွက်တွင် တံဆိပ်မျိုးစုံဖြင့် လက်ဖက်ခြောက်အမျိုးမျိုးရှိပါသည်။လက်ဖက်ကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှုများသည်။ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်မှအပ ကျန်ဒေသတော်တော်များများမှာ လက်ဖက်စိုက်ပျိုးကြသည်။

နေ့စဉ် လူနေမှုဘဝထဲမှာ လက်ဖက်ရည်ကြမ်းသောက်ခြင်းကို သတိမူလိုက်သည့်အခါ ယဉ်ကျေးမှုတစ်ခု၊ အနုပညာတစ်ခုအဖြစ် ရှုမြင်လို့ ရနေပါပြီ။မြန်မာနိုင်ငံမှာလိုပင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့တွင်လည်း လက်ဖက်ရည်ကြမ်း သောက်သုံးသည့် သမိုင်းစဉ်လာ ယဉ်ကျေးမှုများရှိပါသည်။

ဂျပန်နိုင်ငံ၏ ရိုးရာဓလေ့တစ်ခုထဲတွင် ရေနွေကြမ်းဟုခေါ်သည့် လက်ဖက်ရည်ကြမ်းလည်း ပါဝင်ပါသည်။ဂျပန်နိုင်ငံ၏ မြို့တော် တိုကျိုမြို့၊ အမျိုးသားပြတိုက်၏ ပန်းခြံထဲမှာလည်း ၁၇ ရာစုက တည်ဆောက်ခဲ့သည့်  လက်ဖက်ရည်ကြမ်းတည်ခင်းရာ အိမ်လေးကို ပြသထားသည်။၎င်းအိမ်သည် ၁၉ ရာစုနှောင်းပိုင်း ယိုယွင်းပျက်စီးခဲ့ပြီးနောက် ခေတ်အဆက်ဆက် ပြန်လည်ထိန်းသိမ်းခဲ့သည်။ယခုလိုထိန်းသိမ်းထားခြင်းက ဂျပန်ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်သော လက်ဖက်ရည်ကြမ်း တည်ခင်းမှု ပညာရပ်ဖြစ်ပြီး အိမ်ရှင်နဲ့ ဧည့်သည်တို့ကြားမှာ စိတ်သဘောထားချင်း ဖလှယ်ကြသည့် သင်္ကေတကို မြင်သာအောင် ပြသခြင်းဖြစ်သည်။

ယခုအခါတွင် လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းကို အနုပညာတစ်ရပ်အဖြစ် ပုံဖော်ပြီး ခရီးသွားကဏ္ဍဖွံ့ဖြိုးမှုထဲတွင်လည်း ထည့်သွင်းလာသည်။

ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့မှ တရုတ်နိုင်ငံရှိ တရုတ်ရိုးရာ လက်ဖက်ပြုလုပ်မှုလက်ရာနှင့် သက်ဆိုင်ရာ ဓလေ့ထုံးစံများကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၂၂ ခုနှစ်က ထည့်သွင်းသတ်မှတ်ခဲ့သည်။အထူးသဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတွင် လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းနှင့်ပတ်သက်၍ သမိုင်းအစဉ်အလာကြီးမားခြင်းက အတူတူဖြစ်သည်။

ယူနန်လက်ဖက်ရည်ကြမ်း ယဉ်ကျေးမှုသည် နက်နဲသိမ်မွေ့ပြီး ယူနန်လူမျိုးတို့၏ လူသားဆန်မှုနှင့် ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုတို့က လက်ဖက်ရည်ကြမ်းထဲတွင် ပျော်ဝင်လျက်ရှိပါသည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် လက်ဖက်ရည်ကြမ်းသောက်သုံးသည့် ယဉ်ကျေးမှုကို ကြားခံကာ လူမှုယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ စီးပွားကုန်သွယ်ရေး အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိနေသည်။

လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းကို သာမန်အားဖြင့် ရသတစ်ခုအဖြစ် ရှုမြင်နိုင်သူရှားမည်။သို့သော် ၎င်း၏ယဉ်ကျေးမှု၊ အနုပညာသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ခရီးသွားလာရေး၊ ချစ်ကြည်ရေးအထိ ကျယ်ပြန့်နေပါသည်။

မင်္ဂလာအဖြာဖြာ ဆုံစည်းရာ လက်ဖက်ရည်ကြမ်းအနုပညာနှင့် တရုတ်နိုင်ငံခရီးသွားလာရေး မိတ်ဆက်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်၊ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့သည်။

လက်ဖက်ရည်ကြမ်း ယဉ်ကျေးမှုမှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အေးအတူပူအမျှ နှစ်နိုင်ငံယဉ်ကျေးမှု ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ သက်ဝင်လှုပ်ရှား ဆောင်ရွက်နေပြီဖြစ်သည်။

လက်ဖက်ရည်ကြမ်း (ခေါ်) ရေနွေးကြမ်းသောက်ခြင်းသည် လူမျိုးတိုင်းတွင် မတူညီသော ယဉ်ကျေးမှုများနှင့် သိမ်မွေ့စွာ ပျံ့နှံ့နေရာယူလျက်ရှိနေပါတော့သည်။

အမွန်
Photo Credit - BestPrice Travel