【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၃)

【 ဆောင်းပါး 】 နိုင်ငံရေးပြေးလမ်းပေါ်က စာရေးဆရာ သခင်မြသန်း (၃)

ပုံစံသမား ထောင်မှူးတစ်ယောက်ကို အတိုက်အခံပြုရာက ခုတ်ရာတခြား ရှရာတလွဲဖြစ်၍ သခင်စိုးနှင့် သခင်သန်းထွန်း သုံးလတိုက်ပိတ်ခံရသည်မှာ ယခု တစ်လခွဲခန့်ရှိလာလေပြီ။

ယခုမှ နောက်ထပ် တစ်ပွဲတိုက်ရန် တာစူမိတော့၏။

ထောင်မှူးလာ၍ လူရေတွက်သောအခါတိုင်း ကုတင်ပေါ်ကဆင်းကာ မတ်တပ်ရပ်ပြရသည်ကို သူတို့မကျေနပ်ကြ။ယခုတစ်ခါ လာလျှင် ကုတင်ပေါ်ထိုင်နေကြမည်။အရေးယူလျှင် အစာငတ်ခံမည်ဟု ဆုံးဖြတ်ထားကြသည်။

ဆုံးဖြတ်ထားသလို ထောင်မှူးလာသောအခါ မတ်တပ်မရပ်ကြ၊ ထောင်ဥပဒေ ချိုးဖောက်သည်ဆိုကာ အရေးယူဖို့စီစဉ်ရာ သခင်မြသန်းတို့ နိုင်ငံရေးသမားများကလည်း အစာငတ်ခံမည်ဟု ကြေညာလိုက်သည်။

ထောင်အာဏာပိုင်တို့က နွားနို့ပုံးကြီးများကို သံတံခါးအနီးတွင် လာချထား၏။ရေတောင်းလျှင် ရေမပေး ဂလူးကို့စ်ပေးသည်။မကြာမီ အချုပ်ကားများ လက်ထိပ်ကိုင်ပုလိပ်များ ရောက်လာကြ၏။ယခုထောင်ကလေးမှာ တိုက်ပိတ်ရန် ဆယ်ခန်းမျှသာရှိသည်။အခန်းတစ်ရာခန့်ရှိသော ထောင်ကြီးဘက်သို့ ရွှေ့ဖို့ဖြစ်သည်။လက်ထိပ်မှာ အသာတကြည် အဖမ်းမခံလျှင် လက်ထိပ်ခတ်ဖို့ဖြစ်သည်။အသာတကြည် အဖမ်းခံကြသည်။ထောင်ပြောင်းရာ တစ်လမ်းလုံးမှသည် တိုက်ပိတ်သည်အထိ တို့ဗမာသီချင်းကို သီဆိုကြသည်။သခင်မျိုးဟေ့ တို့ဗမာဟု ကြွေးကြော်ကြသည်။

တိုက်ပိတ်ရာရောက်လျှင် တစ်ယောက် တစ်ခန်းစီ တိုက်ပိတ်ခံရသည်။ထောင်က လက်ဘက်ရည်နှင့် ပေါင်မုန့်ထောပတ်သုတ် ပေးသည်။အနံ့အသက်မွှေးသော ထမင်းဟင်းများ စားချင်ဖွယ်ရာ လာချထားသည်။သူတို့ ဘာမျှ မစားသောက်ကြ၊ ဂလူးကို့စ်လည်းမသောက်၊ သောက်လိုက်လျှင် ထမင်းကို ပိုစားချင်လိမ့်မည်၊ မကြာမီ အစာငတ်ခံတိုက်ပွဲ ကျရှုံးသွားစရာရှိသည်။ (ဗိုလ်ခင်ညွန့်လက်ထက်တွင် အစာငတ်ခံသည်နှင့် ရေအိုးကို သိမ်းသည်။ ဘာမှလည်းမကျွေးပါ)။

သခင်မြသန်းတို့ နိုင်ငံရေးအစုသည် အရှုံးမပေးဘဲ တင်းခံထားကြရာ ခန္ဓာကိုယ်ထဲက ဆီးလက်ကျန်အညိုအမည်းတွေ ကုန်သွားသည်။အသံတွေပျော့လာကြသည်၊ တစ်ညတွင် သခင်မြသန်းကို တစ်ဖက်က ခေါ်သံကြားသည်။

“ဟေ့ သခင်တင်ဖေ၊ ဟေ့ သခင်မြသန်း”

ခေါ်သူမှာ သခင်သန်းထွန်းဖြစ်သည်၊ သူတို့ အားပျော့ပြီး ငြိမ်နေမှပင် တစ်ဘက်ကအသံကို ကြားရခြင်းဖြစ်သည်။လူခြေတိတ် ညဘက်ရောက်မှသာ အသံကိုကြားရသည်။တစ်ညတွင် သခင်စိုး၊ သခင်သန်းထွန်းတို့ အသံကို ကြားရသည်။

“ရဲဘော်တို့ ကျုပ်တို့အကြံပေးချင်တာက ဒီတိုက်ပွဲကို ရပ်လိုက်ဖို့ပဲ။အချိန်ကို အကျိုးရှိအောင်သုံးဖို့ လိုတယ်၊ နိုင်ငံရေးသဘောတရားတွေ ရင့်ကျက်အောင် လေ့လာရမယ်။သင်တန်းတွေဖွင့်ရမယ်။ကျုပ်တို့ တိုက်ပိတ်က လွတ်တော့မှာပါ။ ခင်ဗျားတို့ အစာပြန်စားပြီး ကျုပ်တို့ကိုစောင့်နေပါ။ကျုပ်တို့ လုပ်စရာရှိတာတွေ လုပ်ကြမယ်။”

တစ်ယောက် တစ်ခန်းစီဖြစ်နေသော သူတို့တတွေ စကားပြောကြ ညှိကြသည်။ခေါင်းဆောင်နှစ်ဦးတို့ ညွှန်ကြားသည့်အတိုင်း အစာငတ်ခံသပိတ်ကို လှန်ရန် ဆုံးဖြတ်ကြသည်။ခေါင်းဆောင်နှစ်ဦး တိုက်ပိတ်ခံ သုံးလပြည့်သောအခါ ပြန်၍ဆုံကြသည်။ရေရှည် နိုင်ငံရေးအတွက် ဘာမျှမလေ့လာလျှင် မဖြစ်နိုင်၊ အရေးကြီးတာတွေ ထောင်ထဲမှာပဲ လေ့လာကြ တည်ဆောက်ကြသည်။

နိုင်ငံရေးသင်တန်းများ နံနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် ဖွင့်သည်။သခင်စိုးက လီနင်ရေးသော “ငါတို့ဘာလုပ်ကြမည်နည်း” စာအုပ်နှင့် “ရှေ့တစ်လှမ်းတိုး နောက်နှစ်လှမ်းဆုတ်” စာအုပ်တို့ကို ပို့ချပြီး သခင်သန်းထွန်းက “ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ ရာဇဝင်ခေါ် ဘော်ရှီဗစ်ရာဇဝင်အကျဉ်း” ကို ပို့ချသည်။စာအုပ်မှာ ထိုအခါက မြန်မာပြည်တွင် တစ်အုပ်ထဲရှိသည်။ထိုစာအုပ်မှာ ဒေါက်တာဘမော် နိုင်ငံခြားကဝယ်လာသော စာအုပ်ဖြစ်ပြီး သခင်သန်းထွန်းက တောင်းယူရရှိလာခြင်းဖြစ်သည်။

နောက်များမကြာမီ ရန်ကုန်ထောင်မှ ပြောင်းရွှေ့လာရသော သခင်နု၊ သခင်ဗစိန်၊ သခင်ကျော်စိန်တို့ ထပ်မံရောက်ရှိလာသည်။ထောင်ထဲမှာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိနေလေသည်။သခင်စိုးက သူ့အယူအဆတစ်ခုကို ချပြလာသည်။သခင်စိုး၏ အယူအဆသည် လှုပ်ခတ်စမြဲဖြစ်၏။ထောင်ထဲမှာနေရသည်ထက် အပြင်လောကတွင်နေရသည်မှာ တစ်ရက်စောလျှင် တစ်ရက်အလုပ်ပိုလုပ်နိုင်ကြောင်း တင်ပြလာခြင်းဖြစ်သည်။ထောင်မှာက အနေအထိုင်ကောင်းလျှင် ကောင်းသည့်အလျောက်၊ အလုပ်-လုပ်နိုင်လျှင် လုပ်နိုင်သလောက် စည်းမျဉ်းစည်းကမ်းလိုက်နာလျှင် လိုက်နာသလောက် လျှော့ရက်တွေရှိသည်။ဤသို့လိုက်နာကြရန် ထောင်ပိုင်ထံမှာ အလုပ်တောင်းသည်၊ ပေကပ်ကပ် နိုင်ငံရေးသမားတွေ အလုပ်တောင်းလာသဖြင့် ထောင်ကို ဇောက်ထိုးမလုပ်လျှင် တော်လှပြီဟု ထောင်ပိုင်ကမြင်ပုံရသည်။

သခင်စိုးက ဥယဉ်စိုက်ပျိုးအလုပ် တောင်းသည်။‌သခင်မြသန်းက အော်ဒလီထွက်သွားသော ဆေးရုံအတွက် အလုပ်ရသည်။သခင်သန်းမြိုင်မှာ ယခင်ကတည်းက ဖိုဘက်တွင်လုပ်နေသူဖြစ်သည်။ယခုမူ ဖိုခေါင်းဟူသော နာမည်ဖြင့် တရားဝင်ရသည်။သခင်စိုး၏ ဥယဉ်စိုက်ပျိုးမှာ ဘာမှမဟုတ်၊ ပေါက်တူးတစ်လက်ဖြင့် တူးဆွ၊ မျိုးစေ့ကို ထောင်ကရ၊ အပင်ပေါက်လျှင် ကိုယ်တိုင်ခူးစားရုံသာဖြစ်သည်။ကိုယ်စီ အလုပ်နှင့်အကိုင်နှင့် ဖြစ်လာကြသည်။ထောင်ထုံးစံ လျှော့ရက်များမှာ အလုပ်ကောင်းလျှင် တစ်လ နှစ်ရက်၊ အနေကောင်းလျှင် နှစ်ရက်၊ ဘုတ်ကိုင်ဖြစ်လျှင် ၁၂ မှတ်၊ ထောင်ပိုင်အခွင့်အရေး စိတ်ကြိုက်ပေးသော အမှတ်တွေလည်းရှိသေး၊ တစ်နှစ်ခွဲ ထောင်ကျသူသည် တစ်နှစ် တစ်လခွဲတွင် ထောင်ကလွတ်နိုင်သည်။

ထောင်ဒဏ်နှစ်များမှာ သခင်သန်းထွန်းက တစ်နှစ်၊ သခင်စိုးက တစ်နှစ်ခွဲ၊ သခင်နု နှစ်နှစ်၊ သခင်တင်မြ ကိုးလတို့ဖြစ်၏။သခင်မြသန်း၏ ဆေးရုံတာဝန်မှာ ဆေးလိုလျှင်ဖြည့်ပေးရခြင်း ဆေးတိုက်ရခြင်းနှင့် ဆရာဝန်ကို ကူညီရခြင်းသာဖြစ်သည်။ဆေးရုံတက်သူများကလည်း ထောင်ထဲမှာ မနေချင်၍ ဆေးရုံမှာလာနေကြသော ထူထူထောင်ထောင်များဖြစ်ပါသည်။ကောင်းသည့်အချက်မှာ ဆရာဝန်က နံနက်ပိုင်းသာလာ၍ ပြန်သွားရာ နေ့ခင်းတစ်ပိုင်းလုံး နိုင်ငံရေးသင်တန်းကျောင်းအဖြစ် သုံး၍ရလာသည်။စာရေး စာဖတ်ရာလည်း ဖြစ်လာသည်။

သခင်နု၏ “ရက်စက်ပါပေ့ကွယ်” နှင့် “ပုတုဇနော ဥမ္မတ္တကော” စာအုပ်များမှာ အင်းစိန်ထောင်၌ရေးသော စာအုပ်များဖြစ်သည်။သခင်စိုးက “ကျမ ချစ်လင် ကိုလီနင်” စာအုပ်ကို ဘာသာပြန်ရာ သခင်စိုးက နှုတ်တိုက်ပြော၍ သခင်မြသန်းက လိုက်ရေးပေးရသည်။သခင်သန်းထွန်းက “ဘော်ရှီဗစ်ရာဇဝင်” ကို ဘာသာပြန်သည်။မည်သို့ဖြစ်စေ ထောင်ထဲမှာ အကျိုးရှိစွာ နေနိုင်ခဲ့ကြပါသည်။သခင်မြသန်းသည်လည်း အင်္ဂလိပ်စာရော နိုင်ငံရေးပညာပါ ဆည်းပူးခွင့်ရခဲ့ပါသည်။

သိုသော် သင်တန်းတွင် အနှောင့်အယှက်များပေါ်လာသည်မှာ စိတ်မကောင်းစရာတော့ဖြစ်ရ၏။ထောင်အမှုထမ်းများနှင့် မကျေမလည်ရှိသည်ဟု ထင်ကြပေလိမ့်မည်။မဟုတ်ပါ။ထောင်ကျနိုင်ငံရေးသမားချင်း အနှောင့်အယှက်ပေးခြင်းဖြစ်ပါသည်။နိုင်ငံရေးသင်တန်းဖွင့်ခြင်းနှင့် မာ့က်စ်ဝါဒလေ့လာခြင်းကို ဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်ပါသည်။

ထိုအချိန်က မာ့စ်ဝါဒမှာ မြန်မာပြည်သို့ စတင်ရောက်ရှိခါစပင် ရှိပါသေးသည်။ဆန့်ကျင်သူများမှာ သခင်ဗစိန်၊ သခင်သိန်းဟန်တို့ဖြစ်သည်။သခင်ဗစိန်မှာ သခင်အစည်းအရုံး-ဂိုဏ်းခွဲတစ်ခု၏ ခေါင်းဆောင်မျှသာဖြစ်၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်သော အစည်းအရုံးကို တိုက်ခိုက်နေသူဖြစ်သည်။သခင်ဗစိန်နှင့် သခင်ထွန်းအုပ်မှာ တို့ဗမာအစည်းအရုံး၏ လူနည်းစု ဂိုဏ်းကွဲတစ်ခုဖြစ်သည်။

ဗန္ဓုလဦးစိန်မှာ “ဆင်းရဲသား ဝံသာနုအဖွဲ့” ခေါင်းဆောင်ဖြစ်ပြီး မာ့က်စ်ဝါဒကို ဆန့်ကျင်သည်။မာ့က်စ်ဝါဒ သင်တန်းတက်သူများမှာ ဧရာဝတီတိုင်း၏ သခင်အများစုဖြစ်သည်။သခင်နုနှင့် သခင်လေးမောင်တို့မှာ ဌာနချုပ်ခေါင်းဆောင်များဖြစ်ကြပြီး ဝါဒကို မကြိုက်သည့်တိုင် အနှောင့်အယှက်မပေးကြဘဲ ပြောဟောစရာရှိလျှင် အချိန်တောင်းကာ ပြောဟောတတ်သည်။

 ဌာနချုပ် ဥက္ကဋ္ဌတစ်ဦးဖြစ်သူ သခင်လှဘော်ကြီးသည်ကား သင်တန်းကို မဆန့်ကျင်ဘဲ လူကြီး‌တစ်ဦးလည်းဖြစ်သဖြင့် “စတုတ္ထမြန်မာနိုင်ငံ ထူထောင်ရေး” ကိုသာလျှင် သူ့ဘာသာ တွင်တွင်ပြောနေသူဖြစ်ပါသည်။

မာ့က်စ်လီနင်ဝါဒသဘောတရားကို သင်ကြားပို့ချနေသူ သခင်စိုးနှင့် သခင်သန်းထွန်းတို့ကို အဓိကနှင့် အပြင်းထန်ဆုံး တိုက်ခိုက်နေသူမှာ သခင်ဗစိန်ဖြစ်သည်။

တစ်နေ့တွင် သခင်ဗစိန်က သခင်မြသန်းကို “မင်းရောသင်တန်းတက်နေသလား မာ့က်စ်ဝါဒကို မင်းယုံသလား” ဟု မေးလာသဖြင့် သခင်မြသန်းက “လက်ခံယုံကြည်ကြောင်း” ပြန်ပြောလေသည်။

“မာ့က်စ်ဝါဒ လက်ခံတယ်ဆိုတာ ဒီလောက်နဲ့ မရသေးဘူးကွ၊ ဒီဝါဒဟာ ဘာသာရေးကို ဆန့်ကျင်တဲ့ ဝါဒကွ၊ ဒီဝါဒဟာ ဘာသာကိုစော်ကားတယ် မိဘကိုလည်း စော်ကားဖို့ ဝန်မလေးဘူး” စသဖြင့် ပြောဆိုလာလေသည်။

သခင်ဗစိန်သည် ထိုမျှသာမက သင်တန်းတက်နေသူများ၊ နိုင်ငံရေးအကျဉ်းသားများကြားတွင် ထိုအတိုင်းပြောလေ့ရှိပြီး သခင်စိုး၊ သခင်သန်းထွန်းတို့ကိုလည်း အပြစ်ပြောခြင်းကို မရပ်မနားပြုလေသည်။ ထောင်ကျသံဃာများထဲကိုလည်း လျှောက်တင်ဝင်ပြောကာ ရန်တိုက်ပေးသည်။ကြိမ်ဖန်များစွာ လျှောက်ထား၍ နာမည်ဖျက်သည်။

သခင်စိုးသည် အစပထမတွင် သခင်ဗစိန်နှင့် ရင်ဆိုင်ကာ ငြင်းခုံမှုများ ပြုလုပ်ခဲ့သည်။

ခေါင်းမာသော သခင်ဗစိန်ကလည်း ကွယ်ရာတွင် သံ‌ဃာများအကြား၌ ဘာသာရေးကို အသုံးပြု၍ ဆက်လက်တိုက်ခိုက်နေလေသည်။အဆက်မပြတ်လည်း လှုံ့ဆော်နေ၏။သူ၏ဆိုးဆိုးဝါးဝါး လုပ်ဆောင်မှုကြောင့် သခင်မြသန်းတို့ အလွန်အမင်းစိတ်ဆိုး ဒေါသထွက်မိကြရလေသည်။

(ဆက်လက်ဖော်ပြပါမည်။)

လင်းထင်