【 ဆောင်းပါး 】 တိုင်းရင်းအလှ ပင်းတယ

【 ဆောင်းပါး 】 တိုင်းရင်းအလှ ပင်းတယ

ရန်ကုန် အလှူပွဲ၊ ဘုရားပွဲ၊ ကထိန်ပွဲတွေမှာ အတီးအကများ ပါတတ်သည်။

တီးသူကသက်သက်၊ ကသူကသက်သက်၊ ပရိသတ်က သက်သက်၊  သက်သက်စီနှင့် တခြားစီဖြစ်သည်။

အခု “ကမဲ” ဘုရားပွဲကတော့ ဤသို့မဟုတ်။ပွဲတော်လာ အရွယ်သုံးပါးလုံး  အိုးစည်တီးချက်နှင့်အညီ လိုက်ကနေကြခြင်းဖြစ်သည်။ကျနော်တို့အတွက်တော့ ပွဲတော်လာ ထောင်နှင့်ချီသော ပရိသတ် တစ်ပြိုင်တည်းကနေကြသည်မှာ မျက်တောင်မခတ်တမ်း ကြည့်စရာဖြစ်နေသည်။

တိုင်းရင်းသူလေးတွေရဲ့ ခေါင်းပေါင်းပုဝါက လှသလို တိုင်းရင်းသားလေးတွေ ဘောင်းဘီခေါက်တင်ထားသည်မှာလဲ ကြည့်ကောင်းလှသည်။နောက်ခံ တောင်တန်းစိမ်းစိမ်းကြီးအရှေ့ ပွဲတော်ကျင်းပရာမှာတော့ ပဒေသာပင်နှင့်တူသော အပြင်အဆင်တစ်ခုကို တွေ့နေရသည်။ဓာတ်ပုံမှတ်တမ်းတင်ဖို့လည်း နေရာရှာရသည်။ဘယ်ရပ်ကွက်၊ ဘယ်ရွာ၊ ဘယ်အုပ်စုက လှူသည်ဟု ရေးထားတာ တွေ့သည်။သူတို့ပဒေသာပင်က ကျနော်တို့ အောက်အရပ် ပဒေသာပင်ထက် ကြီးသည်။ကျောင်းဆောင်ပုံသဏ္ဍာန်နှင့် ပိုတူသည်။ပဒေသာပင်ရှေ့မှာ အနီရောင်ဆင်မြန်းထားသော နတ်သားတစ်ပါးရှိနေသည်။ရာမ၊ လက္ခဏတို့ ခေါင်းစွပ်ကဲ့သို့ စွပ်ထားတာ တွေ့ရသည်၊ ရင်ဘတ်မှာလည်း ဆုချသော ပိုက်ဆံတွေကို ချိတ်နှင့်သီထားသည်။သီးနှံများတိုးတက်ဖြစ်ထွန်း၍ ပူဇော်ခြင်းဟု သိရသည်။

ပွဲတော်မှာ တောင်ရိုးနှင့် ဓနုတွေများသည် ဆို၏။ပင်းတယ၊ အောင်ပန်း၊ ရွာငံ၊ ကလော ရွာကြီးရွာငယ်များက ရောက်လာကြခြင်းဖြစ်သည်။ဘုရားစေတီတော်ကြီးကို ဆွမ်းတော်ကပ်ကြသည်။ရေချမ်းဆီမီး ပူဇော်ကြသည်။ရိုးရာပွဲအနေဖြင့် ဆွမ်းကပ်ပွဲ၊ တာတက်ပွဲလည်းရှိသေးသည်။မိတ်ဟောင်းမိတ်သစ် ပြန်ဆုံပွဲဟုလည်း ဆိုနိုင်သည်။စိုက်ပျိုးရေးက အဓိကဖြစ်လေတော့ ရွာအပြင်သို့ ခဏခဏမရောက်နိုင်။သွားရေးလာရေးကလည်း တစ်တောင်ကျော် နှစ်တောင်ခြား။သို့နှင့် ရွာတွင်းမှာပဲ အထီးကျန်သလိုဖြစ်သည်။ယခုလို ပွဲမျိုးမှသာ မိတ်ဟောင်းမိတ်သစ် ဆုံရတွေ့ရသည်။အလှူပွဲဟု ဆိုရလင့်ကစား လူမှုရေး၊စီးပွားရေး လုပ်ငန်းဆောင်တာ အဆက်အစပ်လည်း တစ်ပြိုင်တည်းပါသွားသည်။နောက် အရေးကြီးအချက်မှာ လူပျိုအပျိုများ ဆုံတွေ့နိုင်သော ပွဲလည်းဖြစ်နေသည်။

“ကမဲဘုရား” ၏ သစ်ပင်ရိပ်ကောင်းသောနေရာသို့ကြည့်လျှင် ပေါင်းမိုးနှင့် နွားလှည်းများသာမက ထွေလာဂျီတွေလဲ အများအပြားတွေ့သည်။ကျနော့်စိတ်ထဲမှာ ရိုးရာနွားလှည်းတွေပျောက်သွားမှာ စိုးရိမ်နေသည်။ကျွဲနွားများနေရာမှာ ထွန်စက်များဝင်လာသလို လှေသမ္ဗာန်များနေရာမှာ စက်တပ်ပဲ့ချိတ်များ ဝင်လာသလိုဖြစ်သည်။ကုန်ထုတ်လုပ်ပုံစံပြောင်းခြင်း ကုန်ပစ္စည်းရောင်းဝယ်ဖလှယ်ပုံပြောင်းခြင်းတို့ကတစ်ဆင့် ဓလေ့သစ်များ ပေါ်ထွက်လာတတ်၍ ဓလေ့တွေမှာလည်း ကုန်လုပ်ဆက်ဆံရေးသဘောအရ ပုံပြောင်းသွားတတ်သည် မဟုတ်ပါလား။

ဘုရားပွဲထဲမှာပဲ ကုန်ပစ္စည်းဖလှယ်တာ သတင်းဖလှယ်တာလည်း တွေ့ရသည်။ကမဲရွာက မိတ်ဆွေအတွက် ရွာငံက တောင်သူကြီးက မျိုးစေ့တွေယူလာသည်။အောင်ပန်းက တောင်သူကလည်း လက်ဖြစ် မျိုးစေ့ချစက်လေး ပြန်ပေးသည်။ဒီရွာမှာ တစ်ည နှစ်ည တည်းပြီးလျှင် အောင်ပန်းဈေး၊ ဟဲဟိုးဈေးနေ့များသို့ ကာရန်သင့်တုန်း သွားချင်တာလည်းရှိချင်ရှိမည်၊ ဘုရားပွဲဟုဆိုရငြားလည်း အတွင်းအဓိပ္ပါယ်က တစ်ခုတည်းတော့ မဟုတ်။

            “ပင်စိမ်းသီး နေဇာလောင် မိန်းမလက်ဆောင်ပေးရအောင်”
            “ပင်စိမ်းသီး ပိုးထိုး မိန်းမရအောင်ခိုး (###)”                  

ကျနော်တို့အောက်ပြည်မှာ ရှိုးလိုက်သည်ဟုခေါ်သလား သံချပ်ဟုခေါ်နိုင်မှာလား မသိပါ။ကောင်လေးက ကောင်မလေးကို စူးစူးရှရှကြည့်သလို ကောင်မလေးကလည်း ပြုံးချိုချို မျက်နှာပေးဖြင့် ကြည့်သည်။ဒါကလည်း ဓလေ့ထဲက ပေါ်ပေါက်လာသော ချစ်ရေးကြိုက်ရေး အိမ်ထောင်လူမှုတစ်ခုအရေး ဖြစ်မလာနိုင်ဘူးလား။ “ပင်စိမ်းသီး ပိုးထိုး  မိန်းမရအောင်ခိုး” ဆိုသည်ကတော့ ချက်ချင်းလက်ငင်းဆိုလျှင် ရင်ထိတ်စရာကြီးဖြစ်သည်။

ရှမ်းအိုးစည်နှင့် မောင်းသံနှင့် လူပျိုများဘက်က ပြုံးရွှင်စရာ၊ ပအို့အိုးစည်ကရှည်ပြီး၊ ဓနုအိုးစည်ကတိုသည်၊ အိုးစည်တိုက သွက်လက်ပြီး အိုးစည်ရှည်က ငြိမ့်ငြောင်းသည်၊ တီးဝိုင်းတွေကများ ဆိုသူကသူတွေလည်းများတော့ အသံတွေက ပွဲခင်းအပြင်သို့ပင် လျှံထွက်နေသည်။နွားလှည်းတွေ ထွေလာဂျီတွေရှိရာမှာတော့ အသက်ကြီးသူ အဘွားကြီးတွေ အုတ်ခဲမီးဖိုဖြင့် ဆွမ်းချက်နေကြ၏။မနက်ဖန် ဘုရားကို အရုဏ်ဆွမ်းဆက်ကပ်ရန်ဖြစ်သည်။ကလေးတွေက မီးရှူးမီးပန်းကလေးတွေ ဝယ်ကြ လွှတ်ကြသည်။ဒါလည်း ရှေးဓလေ့ထုံးစံတစ်ခုပဲဖြစ်သည်။မီးရှူးလွှတ်ခြင်းမှာ ဘာသာရေးအရ ဘုရားပူဇော်ခြင်းဖြစ်သလို ရွာထဲလယ်ခင်းထဲက အန္တရာယ်ရှိ ကင်းတို့မြွေတို့ကို ခြောက်လှန့်ခြင်းလည်းဖြစ်သည့်အပြင် မိုးကိုခေါ်ခြင်းလည်းလည်းဖြစ်သေးသည်။ရှေးက မိဘဘိုးဘွားများလုပ်သလို လုပ်ကြခြင်းဖြစ်သည်။

ဓလေ့ထုံးစံမှာ လိုက်နာစရာ စည်းကမ်းဖြစ်သည်၊ ဘယ်တုန်းက စသည်ဟုပင် အစရှာရန် ခက်သည်။လက်ရှိ လူ့အဖွဲ့အစည်းနှင့် ကိုက်ညီနေသမျှ အသုံးတည့်နေသေးသမျှ တည်ရှိနေဦးမည်ဖြစ်ပြီး မကိုက်ညီလျှင် အသုံးမတည့်လျှင်တော့ တဖြည်းဖြည်းကွယ်ပျောက်သွားပေမည်။

တပေါင်း၊ တန်ခူးဆိုလျှင် အာလူး၊ ခရမ်းချဉ်၊ ဂေါ်ဖီ စိုက်ပြီးချိန်ဖြစ်၍ သင်္ကြန်မိုးကို စောင့်မျှော်ချိန်လည်းဖြစ်သည်။ပွဲတော်၏ အိုးစည်သံ မောင်းသံများမှာ ပို၍မြိုင်ဆိုင်လာနေသည်။စည်ကားများပြားနေရခြင်းမှာ “သူ့ပွဲကိုယ်သွား ကိုယ့်ပွဲသူလာ ဓလေ့ကြောင့်ဖြစ်သည်၊  အပြန်အလှန်ကျေးဇူးပြုခြင်း” လည်းဖြစ်သည်။

“လက်စား ကြွေးတင် မယားသေတာတောင်မနေရ” ဟူ၍ ဓနုစကားရှိသည်။ကိုယ့်အလှည့် ထင်းခွဲရေခပ်ကူလျှင် သူ့အလှည့်မှာလည်း ထင်းခွဲရေခပ် ပြန်ကူရသည်။

ပွဲတော်က စည်ကားသွက်လက်နေဆဲဖြစ်သည်။ကျနော်တို့ကလည်း ပင်းတယဂူဘုရားသွားဖို့ ဦးတည်လာရင်း ကားငှားလာခြင်းဖြစ်သည်။မရောက်လို့တော့မဖြစ် မရောက်ဖူးသူများလည်း ပါသေးသည်။ကမဲဘုရားပွဲတော်သည် တစ်နှစ်လုံးမှ သည်တစ်ရက်ထဲ ကျင်းပသည်ဟု သိရသည်။ကျနော်တို့ပင် တိုက်ဆိုင်၍သာ ပါဝင်ဆင်နွှဲခွင့်ရကြခြင်းဖြစ်သည်။

မနက်ဖြန်တော့ ဆရာဒဂုန်တာရာ့ (၉၀) ပြည့် မွေးနေ့ပွဲလည်းဖြစ်သည်။

မည်သို့ဖြစ်စေ တိုင်းရင်းသားတို့ ပွဲတော်ကြောင့် ကြည်နူးမှုတွေ အပျော်တွေ ကူးစက်ခဲ့ရပါသည် ဗဟုသုတလည်းဖြစ်သလို ခံစားမှုအသစ်တစ်ခုကိုလည်း ကြည်နူးစရာ တွေ့ဆုံကြုံခဲ့ရ၏၊

“ကျေးဇူးပါ ဘုရားပွဲတော်ရေ”

ဗဖူးနှင်းဆီ