【 ဆောင်းပါး 】 ဆရာတာရာ၊ ဆရာနတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၄)

【 ဆောင်းပါး 】 ဆရာတာရာ၊ ဆရာနတ်နွယ်နှင့် ရာပြည့်နှစ်၊ ဆယ်ပြည့်နှစ်များ (၄)

ဆရာတာရာ၏ ဝတ္ထုတချို့ထဲမှ ရွေး၍ ပြောချင်သေးသည်။များလွန်း၍ ရွေးရခက်သည်။
 
“မေ” ဝတ္ထုကိုတော့ အတော်များများ သိလိမ့်မည်။သခင်ဗဟိန်းက ရှမ်ပိန်သောက်ရသည်နှင့် တူသည်ဟု ပြောဖူးသည့် ဝတ္ထု။အခြားခေတ်ပြိုင်ဝတ္ထုရေးဆရာများထက် နှာတစ်ဖျားမကသာသည်ဟုပြောလျှင် လွန်သည်ဟု ထင်ကြမလားပဲ။ဇာတ်ကောင်ကို အသက်ဝင်အောင် ဖွဲ့ရာမှာတော့ အကောင်းဆုံးဖြစ်သည်။အသက် ၈၀ ကျော်မှရေးသော “ဖန်ကွဲစများပေါ်တွင် လမ်းလျှောက်ခြင်း” ဝတ္ထုရှည်မှာ အသက် ၃၀ ကျော် လူငယ်တစ်ယောက်က ရေးသလား မှတ်ရ သည်။
 
ဆရာမကြည်အေး ဝတ္ထုများနှင့် ယှဉ်ဖတ်လျှင်ပင် လေးနက်မှုတွင် ဆရာက သာသည်ဟု မြင်ရသည်။သုံးပွင့်ဆိုင်ဝတ္ထု (သူဟူ၍ နာမ်စားသုံးလိုသည်) သူ့ဇနီးနှင့် သူက ဝါသနာချင်း လေးနက်ပုံချင်းမတူ၊ ပညာရပ်တစ်ခုကို အတူ ဆွေးနွေး၍မရ။သွားလာနေထိုင်ပုံ ပေါ့ပေါ့ပဲ။ခယ်မဖြစ်သူနှင့်ကတော့ ဆွေးနွေး၍ရသည်။ဂီတအကြောင်း ဆွေးနွေးရင်း ဗီသိုဘင်အထိရောက်သွားသည်။အဝါရောင်၏ တောက်ပမှုကို ဆွေးနွေးရင်း ဗန်ဂိုး၏ နေကြာပန်းအကြောင်း ရောက်သွားသည်။နှစ်ဆယ်ရာစု ဒဿနအကြောင်းပြောရင်း နစ်ရှေးမှသည် ဆရာကြီးဆာ့တ်၊ ကမူး အထိ စာဖတ်သူကို ဒဿနကမ္ဘာထဲ ဆွဲခေါ်သွားလိမ့်မည်။ပညာရပ်ကမ္ဘာထဲ အရောက်ပို့ပေးပေလိမ့်မည်။နှလုံးသားချင်း တစ်ဖြည်းဖြည်းနီးလာသည်ကို ပြသည်။နွေးထွေးလာကြသည်ကို ပြသည်။အပြန်အလှန်လေးနက်မှုကို ပြသည်။ဝတ္ထုက ဒါပဲ။ဘာတွေရမည်မသိ။တစ်ခုခုတော့ ရပါလိမ့်မည်။
 
ဆရာတာရာက ဆရာနတ်နွယ်ထက် ၁၄ နှစ်ကြီးသည်။သို့သော် သူ့မိတ်ဆွေများခေါ်သလို ကိုဌေးမြိုင်ဟု ခေါ်တတ်ကြောင်း ပြောသည်။ရင်းနှီးသောဆက်ဆံရေး ခင်မင်သောဆက်ဆံရေးများတွင် ဤသို့ဖြစ်တတ်ပါသည်။ကြီးမှန်းတော့သိသည်။တစ်ဘက်ကလည်း မနှစ်လိုပုံ မပြ၊ တစ်ဘက်ကလည်း မရိုမသေမဟုတ်။သဘောရိုးဖြင့် နှုတ်ကျိုးသွားသည်များ ရှိတတ်ပါသည်။ဆရာနတ်က သူ့ထက် လေးငါးနှစ်ကြီးသော ဆရာကျော်အောင်၊ ဆရာမြသန်းတင့်၊ ဆရာအောင်လင်းတို့ခေါ်သလို ဆရာနတ်က ? ကိုဌေးမြိုင်ဟု ခေါ်တတ်ခဲ့သည်။သို့သော်လည်း ဆရာတာရာ၏ “တာရာမဂ္ဂဇင်း” ကို သူကြိုက်ခဲ့ကြောင်း၊ တာရာမဂ္ဂဇင်းသည် သူ့ကိုလွှမ်းမိုးမှုရှိခဲ့ကြောင်း၊ ပွင့်ပွင့် လင်းလင်းပင် ဝန်ခံထားသည်။
 
ဆရာနတ်က “မိုးဝေ” ကို ကိုင်နေစဉ် “မိမိနှင့် စာရေးဆရာများ” ကို ကဏ္ဍတစ်ခုဖွင့်၍ ရေးနေသည်။ဆရာမင်းကျော်နှင့် စဖွင့်ထားသည်။ထို့နောက် လင်းယုန်သစ်လွင် (ဓမ္မဝိလာသ)၊ တင့်ဆန်း၊ တင်စိုး၊ အညာက စာရေးဆရာများ၊ လင်းယုန်နီနှင့် ဗန်းမော်တင်အောင်တို့ကို ရေးခဲ့သည်။ 
 
လင်းယုန်နီကို ရေးပြီးကတည်းက ဗန်းမော်တင်အောင်ရေးသည်။ဗန်းမော်တင်အောင် ပြီးလျှင် ဒဂုန်တာရာရေးဖို့ ဇာတ်ပျိုးခဲ့သည်။ “မိုးဝေ လနှစ်ရာပြည့်” အမှတ်တရကလည်း ရေးရန် အကြောင်းဖန်သည်။ဆရာတာရာအကြောင်း ရေးရတော့မည်။သုံးရက်တိုင်တိုင် စားပွဲထိုင်၍ ရေးဖို့ ကြိုးစားသော်လည်း တစ်ကြောင်းမျှ မရေးဖြစ်သေး။သူရေးဖို့ ကြိုးစားသူများတွင် ဂျာနယ်ကျော်မမလေးလည်း ပါသည်။အစရခက်နေပုံရသည်။ဆရာနတ်ဘက်က အမှားတွေလည်းရှိသည်။ခတ်ဆတ်ဆတ်ဖြင့် ပြောခဲ့သည်များရှိသည်။
 
ဆရာတာရာက ဆရာနတ်ကိုင်နေသော မိုးဝေ တွင် နာမည်သုံးမျိုးလောက်ဖြင့် လစဉ်ပုံမှန်ရေးပေးနေသည်။တစ်ခါတော့ ဆရာတာရာ့ ဆောင်းပါးတစ်ပုဒ်ကို စိတ်အလိုမကျ၍ ပြန်ပေးလိုက်သည်။ဘယ်လိုအကြောင်းအရာဖြစ်၍ ဘာကြောင့် စိတ်အလိုမကျသလဲဟူ၍တော့ ပြောမထား။ကျနော်ခန့်မှန်းမိသည်ကတော့ မဆလမှ ဖွဲ့စည်းဖို့စီစဥ်နေသော စာပေလုပ်သားဖွဲ့စည်းရေးကော်တီနှင့် ပတ်သက်မည် ထင်သည်။ကျနော့်ထင်မြင် ချက်သာဖြစ်ပါသည်။ဤသို့ထင်မြင်ရသည့်အကြောင်းလည်း ပြောစရာတွေကရှိသည်။ထားတော့၊ ဆရာတာရာက စကားတစ်ခွန်းကို ပြင်ခဲသည်။သူအသေအချာ စဉ်းစားတွေးခေါ်ပြီးမှ ထုတ်ဖေါ်ပြောသော (ဝါ) ကြေညာသော အယူ အဆတစ်ခုကိုလည်း ပြင်ခဲသည်။ထို့ကြောင့် ဒဂုန်တာရာအကြောင်း ရေးရမည်ထက် ကျားမြီးဆွဲချင်သည်ဟု ပြောခြင်းဖြစ်မည်။
 
အနီးဆုံးဥပမာတစ်ခုပေးရလျှင် “ချစ်သူမရှိ မုန်းသူမရှိ၊ မိတ်ဆွေမရှိ ရန်သူမရှိ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဟု ပြောလိုက်ခြင်းဖြစ်သည်။ပြောသည့်နေရာကလည်းအရေးကြီးသလို အကြောင်းအရာနှင့် အခင်းအကျင်းက လေးနက်နေသည်လည်းအကြောင်းတစ်ခုဖြစ်သည်။
 
လူထုဒေါ်အမာ ၉၀ ပြည့်ကို မန္တလေးမှာ ဆင်နွှဲကျင်းပစဉ်မှာဖြစ်သည်။အချိန်အခါ နောက်ခံက အင်န်အယ်ဒီကို ဗိုလ်ခင်ညွန့်တို့က အပြင်းအထန် နှိပ်ကွပ်နေစဉ်ဖြစ်သည်။ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတို့ကို ပြောကြသည်။ငြိမ်းချမ်းရေးအထိမ်းအမှတ် ချိုးငှက်လွှတ်သည်။ကြွရောက်လာသော စာရေးဆရာကြီးများက တောင်လေးလုံးကျောင်းဝင်းထဲက ဘုရားရင်ပြင်တွင် ကုလားထိုင်ဖြင့်ထိုင်ကြစဥ် တက်ရောက်သူ တပည့်သားမြေးများက ကန်တော့ကြသည်။ကန်တော့သူ ရာဂဏန်းမက၊ ဘုရားပရဝဏ် မဆံ့ပါ။မြန်မာနိုင်ငံတစ်နံတစ်လျားက ကန်တော့ရန် ရောက်ရှိလာကြခြင်းဖြစ်သည်။ရှေ့တွင်ရှိနေသူများမှာ မွေးနေ့ရှင် လူထုဒေါ်အမာ၊ စာပေသစ်မှတ်တိုင်ရှင် ဒဂုန်တာရာ၊ ရဲရဲတောက် ဝေဖန်စာတွေ ရေးနေသော လူထုဦးစိန်ဝင်း၊ ဆင်ဖြူတော်ကို ရှိခိုးမတတ် အရေးအရာလုပ်နေသော လူတစ်စုကို ဖြူဖြူမည်းမည်း ဆင်ဆိုတာ တိရိစ္ဆာန်ပဲဟု ငေါ့ခဲ့‌သော သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာသန်းထွန်း၊ မကြာမီကမှ အကျဉ်းကလွတ်လာသော မန္တလေး “အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု” နာယက တော်ဘုရား ကလေးအောင်ဇေတို့မှာ ကန်‌တော့ခံကြသည်၊၊  
 
ရွှေတိဂုံအနောက်မုဒ် ဒေါ်စုတရားပွဲတွင် အခန်းအနားမှူးအဖြစ်ပါဝင်ခဲ့၍ ထောင်နှစ်ရှည်ကျခဲ့သော မင်းသားကြီးထွန်းဝေက ရုပ်ရှင်ဖလင်ဖြင့် မှတ်တမ်းတင်သည်။ကန်တော့သူများ၏ ရှေ့တန်းမှာ မောင်ပေါက်စည်၊ မောင်မိုးသူ၊ လင်းယုန်မောင်မောင်တို့ရှိသည်။ထောင်နှစ်ရှည်ကျခဲ့သော “လမင်းတရာမောင်မှိုင်းလွင်” ၏ ဇနီး “မန်း ပန်တျာဌေးဌေးမြင့်” က တုံးကျော်မ သီချင်းဖြင့် ကဗျာလွတ် ကသည်။ထောက်လှမ်းရေးတွေ ခြေချင်းလိမ်သော ကမ္ဘာကျော်ပွဲလည်းဖြစ်သည်၊၊
 
အဲသလိုပွဲကြီးမှာ ဆရာတာရာက “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဟု ပြောလိုက်ခြင်းပဲဖြစ်သည်။ဆရာ့စကားမှာ နိုင်ငံရေးနယ်မှာရော စာပေနယ်မှာပါ အတော်ပြင်းပြင်းထန်ထန် ဂယက်ရိုက်သွားသည်။ဒါဖြင့် ရန်သူမရှိတော့ဘူးလား ဆရာရဲ့။ဆရာကသာ ရန်သူမရှိဘူးပြောတာ ပြည်သူကခံရတာ ကျောကော့နေပြီဟု ဆရာ့ကို ပြောကြသည်။သို့တိုင် ဆရာတာရာက သူ့အမြင်ကို ပြင်ဆင်ခြင်းမပြုပါ။
 
ဆရာတာရာက သူ့အယူအဆတစ်ခုကို ပြင်ခဲပါသည်။ဆရာနတ်နွယ်ကလည်း အဆတ်အတောက် ကလိတိတိလေးတွေရှိသည်။အဲဒါ ကြောင့်ပဲ ချိတ်ကလေးတွေ ချိတ်မိသွားကြသည်။
 
ဆရာနတ်နွယ်က မိုးဝေကို ကိုင်တွယ်နေစဉ် “မိမိနှင့် စာရေးဆရာ” ကဏ္ဍမှာ ဆရာတာရာကို ရေးရန်ဖြစ်လာသည်။ဆရာနတ်က “၁၉၅၃-ရန်ကုန်ရောက်သည်မှ အစပြုလျက် ၁၉၇၂ ခုနှစ်လောက်အထိ နှစ်၂၀ နီးပါး ဒဂုန်တာရာနှင့် လက်ပွန်းတတီး နေခဲ့သည်။အချို့သော နှစ်ကာလများတွင် နေ့စဉ်လိုပင် တွေ့ဆုံဖြစ်ခဲ့သည်။အအေးဆိုင် လက်ဘက်ရည်ဆိုင်မှာ ထိုင်ကြသည်။ခရီးအတူသွားကြသည်။အစည်းအဝေး အတူတက်ကြသည်။စာပေအကြောင်း မမောနိုင်မပန်းနိုင် ဆွေးနွေးကြသည်ဟု ပြောသည်။ 
 
သည့်ထက်ပိုပြီး အရေးကြီးသည်က “မိမိသည် သူ၏ တာရာမဂ္ဂဇင်းကို ဖတ်ပြီး ကြီးပြင်းခဲ့ရသည်။မိမိအပေါ်တွင် သူ၏ စာပေဩဇာ သက်ရောက်လွှမ်းမိုးခဲ့သည်။ယခုတိုင်အောင်ပင်ဖြစ်သည်” ဟု ရေးခဲ့သည်။
 
ဆရာနတ်နှင့် ဆရာတာရာတို့သည် ဥက္ကံအနီးက လှိုင်မြို့ဟောင်းကို ရွှံ့တွေ ဗွက်တွေထဲမှာ အတူသွား၍ လေ့လာကြဖူးသည်။ ၁၉၅၈ ဆရာနတ်တို့ မြောက်ဥက္ကလာကိုပြောင်းကြတော့ နေပူကြီးထဲမှာ ဆရာနတ်နွယ်ဆီကို ရောက်လာသည်။ငမိုးရိပ်ချောင်းကို လှေကလေးနှင့်ကူးပြီး တစ်ဖက်ရွာတွေကိုသွားကြသည်။ဒဂုန်တာရာ၏ နာမည်ကျော် “ဥက္ကလာပ” က‌ဗျာ မွေးဖွားလာသည်။
 
တစ်နေရာတွင် ဆရာတာရာနှင့် ဆရာနတ်တို့အကြားက ဝိရောဓိတစ်ခုကို လှစ်ကနဲ တွေ့လိုက်ရသည်။ဆရာတာရာက စာပေဆွေးနွေးပွဲများကို အားတက်သရော အားပေးတတ်သော်လည်း စာပေဟောပြောပွဲကိုတော့ ဘဝင်ကျဟန်မရှိ။မဆလခေတ်ထဲလည်းဖြစ်၍ မဆလခေတ် ပါတီ ကောင်စီ ခွင့်ပြုသမျှသာ ဟောပြောခွင့်ရသည်ဖြစ်၍ ဆန့်ကျင်ခြင်းပေလောဟု တွေးမိသည်။ကျနော့်အတွေးမျှသာဖြစ်ပါသည်။မပြေးသော်ကန်ရာရှိ အချို့ပုဂ္ဂိုလ်များထဲမှာ အာဏာရှင် ဗိုလ်နေဝင်းကို မြန်မာကပ်စထရိုဟု မြင်သူများလည်း ရှိခဲ့ဖူးပါသည်။ဆက်စပ်အကြောင်းအရာများဖြင့် သက်သေပြရန်တော့ရှိပါသည်။ 
 
စာဆိုတော်ရာသီတွင် ဆရာတာရာ မိုးဝေသို့ စာမူတစ်ခုပေးသောအခါ ဟောပြောပွဲအကြောင်း ပါရှိလာသည်။သူ၏ကောက်ချက်အချို့သည် မိမိတို့နှင့် သဘောကိုက်ညီမှု မရှိသဖြင့် ဆောင်းပါးကို ပြန်ပေးလိုက်သည်ဟု ဆရာနတ်က ပြောသည်။ 
 
ဝိရောဓိအစဟု ပြောနိုင်လိမ့်မည်။ထိုအခါမှစ၍ မိုးဝေကို စာမူမပေးတော့ဘဲ ဆရာတာရာ ရပ်ပစ်လိုက်သည်။မိုးဝေကို စာမူမပေးတော့။မိုးဝေမှာ မရေးတော့သော်လည်း မိုးဝေကိုတော့ ဖတ်မြဲ မိုးဝေမဂ္ဂဇင်း ပေးမြဲဖြစ်သည်။တစ်လတွင်ကား ဆရာနတ် အစဆင်မပြေစရာ ဘာတွေကြုံသည် မသိ။စာအုပ်လာယူသော က‌ဗျာဆရာကို “မိုးဝေမှာ စာမရေးတဲ့သူတွေကို စာအုပ်မပေးဘူး ပြောလိုက်ဗျာ” ဟုအငေါ်တူးပစ်လိုက်သည်။ဝိရောဓိက ပိုဆိုးသွားသည်၊ ပြေလည်အောင် ကြိုးစားနေသူများက “ခင်ဗျားအတော်ဆိုးတဲ့လူ‌ဗျာ” ဟု ပြောကြသည်။
 
(ဆက်ပါမည်။)
 
လင်းထင်