【 ဆောင်းပါး 】 စရိုက်ဆိုး

【 ဆောင်းပါး 】 စရိုက်ဆိုး

စရိုက်ဆိုတာက စွဲမြဲနေသောအကျင့်ပါ။ဒုစရိုက်ဆိုတာက မကောင်းသောအကျင့်ပါ။သုစရိုက်ဆိုတာက ကောင်းသောအကျင့်ပါ။

မကောင်းသောအကျင့်ကို မကျင့်သင့်ပါ။ကောင်းသောအကျင့်ကိုသာ ကျင့်ရပါမည်။မကောင်းသောအကျင့်ကို ကျင့်သူက ဒုစရိုက်သမားဖြစ်၍ ကောင်းသောအကျင့်ကို ကျင့်သူက သုစရိုက်သမားဖြစ်သည်။စရိုက်ဆိုးသူက မကောင်းသည့် မမှန်သည့် အကုသိုလ်အတွေး တွေးသည်။မကောင်းသည့် မမှန်သည့် အကုသိုလ်စကား ပြောသည်။မကောင်းသည့် မမှန်သည့် အကုသိုလ်အလုပ် လုပ်သည်။စရိုက်ကောင်းသူက ကောင်းသော မှန်သော ကုသိုလ်အတွေး တွေးသည်။ကောင်းသော မှန်သော ကုသိုလ်စကား ပြောသည်။ကောင်းသော မှန်သော ကုသိုလ်အလုပ် လုပ်သည်။

စရိုက်ဆိုးသူသည် သူများကို ဒုက္ခပေးတတ်သည်။ဥပမာ အရက်သောက်သူတစ်ယောက်ကို စရိုက်ဆိုးသည် သတ်မှတ်၍မရသေးဟု ထင်သည်။အရက်သောက်တိုင်းသူများကို ပြဿနာတစ်ခု မဟုတ်တစ်ခုရှာတတ်သူကိုတော့ သေချာပေါက် စရိုက်ဆိုးသူဟု ခေါ်ရမည်။

သူ့ပိုက်ဆံနှင့်သူ ငွေမက်ပြီး မလှူတာ မပေးတာကို စရိုက်ဆိုးသူခေါ်၍ မရသေးပါ။သူ့ဘာသူ အစာငတ်ခံပြီး ပိုက်ဆံအထိမခံသည့် သူ့လောဘက ဘယ်သူ့ကိုမှ မထိခိုက်ပါ။သူ့ပိုက်ဆံနှင့်သူမဟုတ်ဘဲ သူများပစ္စည်းကို လိမ်ယူ ခိုးယူ လုယူလောက်အောင် ငွေမက်သူကတော့ စရိုက်ဆိုးသူဖြစ်သွားပါပြီ။

တချို့လူတွေက အလိမ်အညာမပါလျှင် စကားမပြောတတ်ကြပါ။ပိုက်ဆံမရှိဘဲ ရှိတယ် ပြောသည်။ထမင်းစားပြီးလည်း မစားရသေးဘူး ပြောသည်။သူ့လခကနည်းသော်လည်း သူများအထင်သေးမှာစိုး၍ လခများကြောင်း ပြောသည်။သူ့သားသမီးက စာမတော်သော်လည်း စာတော်သည်ဟု ကြွားသည်။ထိုသူမျိုးကို စရိုက်ဆိုးသူဟု မသတ်မှတ်သင့်သေးပါ။သူ့စကားက သူများကို ဒုက္ခမရောက်စေပါ။

တချို့ကတော့ သူများအကြောင်း မကောင်းပြောပြီး လိမ်ညာသည်။သူများတွေကြားထဲမှာ တစ်ယောက်နှင့် တစ်ယောက် အထင်လွဲအောင် လိမ်ညာပြောသည်။သူကျူးလွန်သောအပြစ်ကို သူမခံဘဲ တခြားတစ်ယောက်ယောက်ကို အပြစ်လွှဲချကာ လိမ်ညာပြောသည်။ထိုသူမျိုးကတော့ တကယ့်ကို အကျင့်စရိုက်ဆိုးသူဖြစ်သည်။

ဂေါတမမြတ်စွာဘုရားလောင်းသည်ပင် တစ်ခုသောဘဝက စရိုက်ဆိုးသည့် မိန်းမတစ်ယောက်ကြောင့် ဒုက္ခရောက်ခဲ့ဖူးသည်။

ထိုစဉ်က ဘုရားလောင်းသည် ရသေ့ဝတ်ကာ ဂင်္ဂါမြစ်ကမ်းခြေတစ်နေရာရှိ တောရကျောင်းကလေး၌ တရားအားထုတ်နေရာ အရိယာမဖြစ်သေးသော်လည်း ဈာန်သမာပတ် ရနေပြီဖြစ်သည်။ထိုအချိန်က ဗာရာဏသီသူဌေးတွင် သမီးလေးတစ်ယောက်ရှိသည်။ထိုမိန်းကလေးသည် အမူအရာ အပြောအဆို အလွန်ကြမ်းတမ်းသည်။ပတ်ဝန်းကျင်ကိုလည်း မောက်မောက်မာမာ ဆက်ဆံသည်။အထူးသဖြင့် သူမ၏အိမ်မှာ အလုပ်လုပ်သူများအပေါ် အဆင့်အတန်းခွဲကာ အနိုင်ကျင့်လေ့ရှိသည်။ထို့ကြောင့် သူမသည် မိန်းမကြမ်းလေးဟု အဓိပ္ပါယ်ရသော ဒုဋ္ဌကုမာရီဟု အမည်တွင်သည်။

တစ်နေ့သောအခါ မိန်းမကြမ်းလေးသည် အိမ်အကူများကိုခေါ်၍ ဂင်္ဂါမြစ်သို့သွားသည်။ထိုအချိန်မှာပင် မိုးသည်းထန်စွာ ရွာချလေသည်။အိမ်အကူမိန်းမတို့သည် သူတို့အပေါ် အမြဲလို ကြမ်းတမ်းရိုင်းစိုင်းစွာ ဆက်ဆံသော မိန်းမကြမ်းလေးကို အငြိုးထားသည်ဖြစ်၍ ရေချိုးနေသော သူ့ကို မြစ်ရေနက်သော နေရာနားထိရောက်အောင်ခေါ်ကာ တစ်ယောက်ထဲထားခဲ့ပြီး ထွက်ပြေးသွားကြလေသည်။မိန်းမကြမ်းလေးသည် မြစ်ထဲတွင် မျောပါသွားလေတော့သည်။

သန်းခေါင်အချိန်ရောက်သောအခါ ရသေ့နေသော ကျောင်းအနီး ရေလယ်တွင် မျောလာသည်။သူမ၏ အော်ဟစ်အကူအညီတောင်းခံသံ ကြားရသော ရသေ့သည် မြစ်လယ်အထိ ကူးခတ်ကာ သူမကိုဆယ်ယူလာလေသည်။သုံးရက်ခန့်ကြာသောအခါ သူမကို သွားလိုရာ သွားလို့ရပြီဖြစ်ကြောင်း ရသေ့ကပြောသည်။သို့သော် သူမက မသွားသေးဘဲ ရက်အနည်းငယ်လောက်နေပါရစေပြောကာ ရသေ့လေးကို ကာမဂုဏ်ဖြင့် ဆွဲဆောင်ဖြားယောင်းလေသည်။သို့နှင့် ရသေ့လည်း ကာမဂုဏ်၏ အတွေ့မှ ရုန်းမထွက်နိုင်ဘဲ ရရှိထားသော ဈာန်သမာပတ်များလည်း ပျောက်ကွယ်ကာ သူမနှင့်ပေါင်းသင်းမိသည်။

ထို့နောက်တွင် ရသေ့လည်း လူဝတ်လဲကာ သူ့ကိုခေါ်သွားပြီး ရွာတစ်ရွာတွင် ရက်တက်ရည်ရောင်း၍ လုပ်ကျွေးရှာသည်။ထို့ကြောင့် သူ့ကို တက္ကပဏ္ဍိတဟု ခေါ်ကြသည်။တစ်နေ့တွင် လူဆိုးများ ရွာကိုဝင်စီးကာ ပစ္စည်းများကို လုယက်ကြသည်။အပြန်တွင် ရွာသားတချို့ကို ပစ္စည်းသယ်ရန် ဖမ်းသွားသည်။မိန်းမကြမ်းလေးလည်း ပါသွားခဲ့သည်။တောတွင်းရောက်ပြီး ခေါ်သွားသည့်သူတွေအားလုံးကို ပြန်လွှတ်ခဲ့သော်လည်း မိန်းမကြမ်းလေးကိုတော့ ပြန်မလွှတ်ဘဲ မယားအဖြစ် သိမ်းပိုက်ရန် ခေါ်ထားလိုက်လေသည်။

မိန်းမကြမ်းလေးသည် တောတွင်းမှာ လူဆိုးခေါင်းဆောင်၏ မယားအဖြစ် မတောင့်မတနေရသဖြင့် သာယာနေမိသည်။သို့သော်လည်း သူမယောင်္ကျား တက္ကပဏ္ဍိတက သူ့ကိုလာခေါ်မှာစိုးနေသောကြောင့် တက္ကပဏ္ဍိတကို ပရိယာယ်နှင့်ခေါ်ယူပြီး လူဆိုးကြီး၏ အသတ်ခံရစေရန် ကြံစည်သည်။

လူလွှတ်၍ လူဆိုးကြီးဆီမှာ မပျော်ကြောင်း တိတ်တဆိတ်လာခေါ်ရန် မှာလိုက်သည်။ထိုသတင်းကြားရသော တက္ကပဏ္ဍိတသည် တိတ်တဆိတ်ရောက်လာပြီး လူဆိုးကြီးအလစ်မှာ နှစ်ယောက်သားတွေ့ကြသည်။ညဘက်ကျမှ ထွက်ပြေးကြရန် ပြင်ဆင်သည်။တံခါးကြားမှာ ပုန်းနေခိုင်းသည်။

ညဘက် လူဆိုးကြီး အရက်မူးနေချိန်တွင် သူမအရင်ယောင်္ကျားလိုက်လာလျှင် ဘယ်လိုလုပ်မလဲဟု မေးသည်။လူဆိုးကြီးက သတ်ပစ်မည်ဟု ပြောသည်။သူမယောင်္ကျား လိုက်လာပြီး ယခု တံခါးကြားမှာ ပုန်းနေသည်ဟု ပြောလိုက်သည်။လူဆိုးကြီးလည်း တက္ကပဏ္ဍိတကို ဖမ်းပြီး နှိပ်စက်သည်။တက္ကပဏ္ဍိတက မည်သို့မှတုံ့ပြန်ပြောခြင်းမပြုဘဲ လူဆိုးကြီးလုပ်သမျှ ပေခံသည်။

သူ့နှုတ်ဖျားမှ စကားလေးခွန်းကိုတော့ အဆက်မပြတ်ရွတ်နေသည်။

“အမျက်လည်းထွက်တတ်သည်။သူ့ကျေးဇူးကိုလည်း မသိတတ်။ကုန်းတိုက်ခြင်းကိုလည်းပြုတတ်သည်။အဆွေခင်ပွန်းကိုလည်း ပြစ်မှားတတ်သည်။”

လူဆိုးကြီးသည် သူ့ကိုချုပ်နှောင်ထားပြီး အိပ်ရာဝင်သွားသည်။တစ်ရေးနိုးသောအခါ သူ့ဆီလာပြီး နှိပ်စက်ပြန်သည်။သူကလည်း တခြားဘာမှမတုံ့ပြန်ဘဲ စကားလေးခွန်းကိုသာ ထပ်တလဲလဲ ပြောနေလေသည်။ထိုအခါ လူဆိုးကြီးက ဘာကြောင့် သည်စကားကို ထပ်တလဲလဲပြောနေရသလဲဟု မေးသောအခါ တက္ကပဏ္ဍိတက သူနှင့် မိန်းမကြမ်းလေး စတွေ့ပုံကအစ ယခုသူရောက်လာရသည်အထိ အားလုံးပြောပြလိုက်သည်။

လူဆိုးကြီးလည်း မိန်းမကြမ်းလေးကို အိပ်ရာမှနှိုးကာ တက္ကပဏ္ဍိတကို သွားသတ်မည်ဟုပြောပြီး ရွာပြင်သို့ ခေါ်ထုတ်သွားသည်။ရွာပြင်သို့ရောက်သောအခါ တက္ကပဏ္ဍိတကို မသတ်ဘဲ မိန်းမကြမ်းလေးကို ဓားနှင့်ခုတ်သတ်လိုက်လေသည်။

တက္ကပဏ္ဍိတက သူ့ကျောင်းသင်္ခမ်းဆီသို့ပြန်၍ ရသေ့ဝတ်တော့မည်ဖြစ်ကြောင်းပြောပြီး နှုတ်ဆက်တော့ လူဆိုးကြီးက သူလည်း သံဝေဂရသဖြင့် တက္ကပဏ္ဍိတနှင့်အတူ လိုက်ပါရစေဟုပြောသည်။ထို့နောက် လူဆိုးကြီးသည် တက္ကပဏ္ဍိတနှင့်အတူ ဂင်္ဂါမြစ်ကမ်းရှိ တောရကျောင်းလေးသို့ လိုက်သွားသည်။ထိုတောရကျောင်းလေးမှာပဲ နှစ်ယောက်အတူ ရသေ့ဝတ်ကာ တရားအားထုတ်ကြလေသည်။

မိန်းမကြမ်းလေးသည် မိဘနှင့်အတူနေစဉ်ကလည်း သူများအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့သည်။တရားအားထုတ်နေသော ရသေ့လေးကိုလည်း ကာမဂုဏ်နှင့် ဖြားယောင်း ဖျက်ဆီးခဲ့သည်။သူ့လင်ယောင်္ကျားမဟုတ်သော လူဆိုးကြီးပေါ်မှာလည်း သာယာခဲ့သည်။နောက်ဆုံး သူ့ကျေးဇူးရှင်လည်းဖြစ် သူ့လင်ယောင်္ကျားလည်းဖြစ်နေသော တက္ကပဏ္ဍိတကို သေကြောင်းကြံစည်ခဲ့သည်။အကျင့်စရိုက်ဆိုးသူတစ်ယောက်ရှိခြင်းသည် သူ့ပတ်ဝန်းကျင်ရှိ လူများအတွက် စိုးရိမ်စရာကောင်းလှသည်။ သူ့ကြောင့် အနည်းဆုံး စိတ်အနှောင့်အယှက်ဖြစ်ရသည်။ဒုက္ခမျိုးစုံရရှိနိုင်သည်။

ကြောက်စရာအကောင်းဆုံးကတော့ သူ့လိုလူမျိုး စရိုက်ပွား မိတ္တူတွေ မြောက်မြားစွာ ထွက်ပေါ်လာနိုင်လေသည်။

ရိုက်မောင်း