【 ဆောင်းပါး 】 ငွေရှိတိုင်းရော ပျော်မယ်တဲ့လား

【 ဆောင်းပါး 】 ငွေရှိတိုင်းရော ပျော်မယ်တဲ့လား

ကျနော့်မှာ ညီတစ်ယောက်လိုဖြစ်တဲ့ မိတ်ဆွေလေးတစ်ယောက်ရှိတယ်။သူက ကျနော့်အောက် ၁၀ နှစ်ကျော်ငယ်။

တစ်ချိန်တုန်းက လုပ်ငန်းခွင်တစ်ခုမှာ အထက်အောက်အဆင့် နှစ်အတန်ကြာ အတူလုပ်ခဲ့ဖူးသူဖြစ်သလို သူ့ရဲ့လူပျိုပေါက်အရွယ်ဟာ ကျနော်တို့နဲ့ ကြီးလာတာမို့ ဒီနေ့ထိတိုင် ငယ်ပေါင်းကြီးဖော်ပမာ ခင်နေကြတုန်း။

သူက သူဌေးတစ်ယောက်ရဲ့ လူယုံ။သူ့သူဌေးရဲ့ စီးပွားရေးလုပ်ငန်းမှန်သမျှ၊ငွေကြေးအဝင်အထွက်မှန်သမျှ သူမပါရတဲ့နေရာမရှိ။တစ်ခုခုအပေါ် ပရော်ဖယ်ရှင်မကျွမ်းကျင်ပေမယ့် သူ့သူဌေးလုပ်ငန်းအားလုံးမှာတော့ ဟိုစပ်စပ်ဒီစပ်စပ် အတန်အသင့် တတ်နေသိနေတဲ့သူ။ဘယ်လောက်ထိ ဝင်ပါရသလဲဆို သူ့သူဌေးရဲ့ ဘဏ်ကတ်နဲ့ ဘဏ်စာအုပ် ၁၅ ခုနီးပါးက သူ့လက်ထဲမှာ။နေ့စဉ် သိန်းထောင်ချီ ငွေအဝင်အထွက် အလွှဲအပြောင်း အပေးအယူမှန်သမျှ သူဌေးက သူ့လောက်မသိတဲ့အဆင့် ဝင်ပါရသူ။ပြောရရင် သူဌေးကိုယ်တိုင်တောင်မသိဘဲ နေ့စဉ် ငွေကြေးမသမာမှုကို အလွယ်တကူကျူးလွန်နိုင်ပေမယ့် ငါးပြားတစ်စေ့တောင် မဟုတ်တာမလုပ်သူမို့ သူဌေးက စိတ်ချလက်ချ ဘဏ်ကတ်တွေ အပ်နှံခြင်းခံထားရသူ။

‘ကိုယ့်ဘာသာ ရုန်းကန်ပြီး ကြီးပွားလာတဲ့ သူဌေးတွေက တစ်ယောက်မှ အချဉ်မပါဘူး။သူ့နားက ဝန်ထမ်းတွေ ဘယ်သူဘာလဲဆိုတာ အကုန်သိအောင်လုပ်ထားတာချည်းပဲ။ကျနော်တို့သူဌေးဆို ငွေတွေဘုန်းလို့ရအောင် ဟထားပေးပြီး ကြည့်နေတယ်။သူ့အတွက် တစ်လ သိန်း ၂၀၊ ၃၀ အဘုန်းခံရလည်းဘာမှမဖြစ်တော့ ဘုန်းချင်ဘုန်းဆိုပြီး မမြင်ချင်ယောင်ဆောင်ပြီး ကြည့်နေတာ’ တဲ့။

သူ့သူဌေးက အဲဒီလိုနည်းနဲ့ သူ့နားကလူတွေကို အကြိမ်ကြိမ်စမ်းသပ်။လစ်ပြီအထင်နဲ့ ဘုန်းမိတဲ့သူတွေကို မဖြုတ်ပေမယ့် အကန့်တစ်ခုမှာ ကန့်ထားပြီး နေရာသိပ်မပေးတော့။သူဌေးက သူ့လူတွေရဲ့ အားသာချက်နဲ့ အားနည်းချက်ကို သိအောင်လုပ်ပြီး အသုံးချခြင်း အတတ်ပညာကို ကောင်းကောင်းတတ်ကျွမ်းသူ။

ကျနော့်မိတ်ဆွေလေးက အဲဒီလို သူ့သူဌေးရဲ့ စမ်းသပ်မှုမျိုးစုံကို ကျော်ဖြတ်ကာ နှစ်တော်တော်ကြာကတည်းက သူဌေးလူယုံဖြစ်လာတဲ့သူ။ပြီးတော့ သူဌေးအလုပ်ကို သူ့အလုပ်ပမာ စေ့စေ့စပ်စပ် ကြိုးကြိုးစားစား လုပ်တတ်သူလည်းဖြစ်တော့ သူ့သူဌေးက သူဘာလုပ်လုပ် အိုကေဆိုတာမျိုး။သူ့မှာ အလုပ်ချိန် သတ်သတ်မှတ်မှတ်မရှိ။အလုပ်ပေါ်လာရင် ညသန်းခေါင်ဆိုလည်း ထလုပ်၊ အလုပ်မရှိရင် ကိုယ့်ဘာသာ စိတ်ကြိုက်နား။

အလုပ်ပါးတဲ့အချိန်မျိုးမှာ သူ့သူဌေးက ရန်ကုန်ပြန်လေ့ရှိတယ်။သူဌေး ရန်ကုန်ပြန်ရင် ကျနော့်မိတ်ဆွေလည်း ရန်ကုန်ပြန်။သူ့မိဘအိမ်ကို တစ်ရက်တလေပြန်။ကျနော်တို့ ရုံးတွေ အိမ်တွေဆီ ကြုံရင်ကြုံသလိုဝင်။အထူးသဖြင့် ဘဏ်မှာ ငွေထုတ်၊ ငွေသွင်းလုပ်တဲ့အခါ ရန်ကုန်မြို့ထဲရောက်လေ့ရှိတာမို့ မြို့တွင်းက ကျနော့်အလုပ်ဆီ လာနေကျ။

သူလာတဲ့အခါတိုင်း သူ့လက်အောက်ဝန်ထမ်း တစ်ယောက်မဟုတ် တစ်ယောက်တော့ ပါလာလေ့ရှိတယ်။သူက သူ့အောက်ကဝန်ထမ်းတွေအပေါ် နိုင်ထက်စီးနင်းမရှိ၊ ဘယ်သူ့ကိုမှလည်း တိုင်တာတောတာလည်းမရှိသူမို့ အောက်ကလူတွေလည်းကြည်ဖြူ၊ သူနဲ့အဆင့်တူတွေရော သူ့အထက်လူတွေကပါ သူနဲ့ပတ်သက်ရင် အိုကေ။

တစ်ခေါက် ကျနော့်ဆီ သူလာတော့ မင်းသားတစ်ယောက်လိုဖြောင့်တဲ့ အသက် ၂၅ နှစ်ကျော်အရွယ် လူငယ်တစ်ယောက် ပါလာတယ်။ဝတ်ထားတဲ့ အဝတ်အစားတွေကလည်း သစ်လွင်တောက်ပြောင်၊ ရေဘင်မျက်မှန်လည်း တပ်ထား၊ ရုပ်ကလည်း မင်းသားရုပ်နဲ့ဆိုတော့ ကျနော်က သူဌေးရဲ့ ညီလား၊သူဌေးရဲ့ ဆွေမျိုး ဘောစိလေးများလားလို့ ထင်မိ။မနေနိုင်လို့ မေးကြည့်တော့ လက်တိုလက်တောင်းအဆင့် ဝန်ထမ်း။

‘ဒီကောင်က သူဌေးရူး ရူးနေတာ။သူဌေးသာရူးတာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် အချိုးပြေပြေ ဘာမှမလုပ်နိုင်ဘူး။အဲဒါကြောင့် ဒီကောင့်ကို ခိုင်းတော့မယ်ဆို သေချာအသေးစိတ်ပြောပြီး ခိုင်းတာတောင် လွဲချင်လွဲသေးတယ်’ လို့ ကျနော့်မိတ်ဆွေလေးက ပြောပြတယ်။

နောက်ပိုင်း လက်ဖက်ရည်ဆိုင်ထိုင်၊ ဘီယာဆိုင်ထိုင်တဲ့အခါ ဒီကောင်လေးပါလာတော့ သူ့အိတ်ကတ် ဆေးလိပ်ဗူးထဲက ဆေးလိပ်ကို ဘယ်တော့မှထုတ်သောက်လေ့မရှိတာ သတိထားမိ။သူသောက်ချင်ရင် ကျနော့်မိတ်ဆွေရဲ့ ဆေးလိပ်ဗူးကိုသာ ယူသောက်လေ့ရှိတာ တွေ့ရ။တစ်ခါတရံ လက်ဖက်ရည်ဆိုင် လိုက်မထိုင်ဘဲ လက်ဖက်ရည်ဆိုင်နား ရပ်ထားတဲ့ ကားကိုမှီကာ စီးကရက် နှုတ်ခမ်းချိတ်ပြီး ရပ်နေပုံက ကောင်မလေးတွေ ချက်ချင်းကြွေဆင်းသွားနိုင်တဲ့ စတိုင်။ ပြန်ကြတော့မယ်ဆိုရင်တော့ နှုတ်ခမ်းမှာချိတ်ထားတဲ့ စီးကရက်ကို ဆေးလိပ်ဗူးထဲ ပြန်ထည့်သွားတာ မြင်ရ။

‘ဒီကောင့်ဆေးလိပ်ဗူးက ၂ လလောက်နေတောင် တစ်ဗူးကုန်ချင်မှ ကုန်တာ။ဒီကောင်က အိတ်ကတ်ထဲ ဆေးလိပ်ဗူးထည့်ထားဖို့ ဟန်ပြဝယ်ထားတာ။မလိုဘဲ ထုတ်မသောက်ဘူး။သူတကယ်သောက်တာက ကျနော့်ဆီက ဆေးလိပ်’ လို့ မိတ်ဆွေလေးက ပြောပြတော့ ကျနော်စိတ်ဝင်စားရပြန်တယ်။

‘ဒီကောင့်မှာ ချစ်စရာကောင်းတာဆိုလို့ မိဘအပေါ် သိပ်သိတတ်တာပဲ။လစာဆို မိဘကို အကုန်အပ်တယ်။သူ့အဝတ်အစား ဘေထုပ်ဖိုးလောက် ပြန်ယူတာ’ တဲ့။

ကျနော့်မိတ်ဆွေလေးက အဲဒီလိုဆိုလိုက်တော့မှပဲ ဒီကောင်လေးဝတ်ထားတာတွေ ဘေထုပ်မှန်း ကျနော်သိတော့တယ်။ဘေထုပ် အကောင်းအသန့် ဘယ်နေရာမှာ သွားရွေးရမလဲဆိုတာ သူသိပြီးသား။အဲဒီလိုရွေးနေရတာကိုလည်း အရသာတွေ့နေတော့ အလုပ်ပိတ်ရက်တွေမှာ သူကိုယ်တိုင်မဝယ်လည်း သူလိုသူငယ်ချင်းတွေနဲ့အတူ ဘေထုပ်တန်း လှည့်လည် ရွေးချယ်။

‘ဒီကောင်က ရည်းစားတွေထားတယ်ဆိုပေမယ့် အတည်ယူမလို့ ပိုက်ဆံရှိတဲ့ စော်တွေကိုပဲ ရွေးထားတာ။သူ့ဘဝအတွက် အဆင်မပြေနိုင်ဘူးထင်ရင် ဖြတ်လိုက်တယ်။စော်တွေဆီက ရေခပ်တာတွေဘာတွေ မလုပ်ဘူး။အတူအိပ်တာတို့ဘာတို့ မရှိဘူး။ရေမလျှံတဲ့စော်ဆိုရင်တော့ ရည်းစားမလုပ်ဘူး’ လို့ မိတ်ဆွေလေးက ပြောပြတော့ ထပ်တိုးစိတ်ဝင်စားရပြန်တယ်။

ဒီကောင်လေးနဲ့ ခင်ခင်မင်မင်ရှိလာချိန် ဘီယာဆိုင်လေးဘာလေး ထိုင်ဖြစ်တော့ သူ့ဘဝရည်မှန်းချက်ကို ရိုးရိုးသားသား ပြောပြရှာတယ်။သူက ပိုက်ဆံချမ်းသာချင်သူ။ပိုက်ဆံချမ်းသာဖို့ ငွေအရင်းအနှီးလည်းမရှိ၊ အရည်အချင်းလည်းမရှိတာကြောင့် သူ့မှာရှိတဲ့ ရုပ်ချောခြင်းဆိုတဲ့ အားသာချက်နဲ့ ချမ်းသာတဲ့ မိန်းမတစ်ယောက်ရရှိဖို့ ကြိုးစားနေတာတဲ့။

‘ပိုင်းလုံးလို့ပြောရင်လည်း ပြောပေါ့ဗျာ။ကျနော်က ချမ်းသာတဲ့ မိန်းမတစ်ယောက်နဲ့ရရင် ဘဝကိုပုံအောလိုက်မှာ’ လို့ ဒီကောင်လေးက ရိုးရိုးပြောပြတယ်။

သူ့ရည်မှန်းချက်အတိုင်းပဲ ချမ်းသာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ရတယ်။သူစီးချင်တဲ့ ကိုယ်ပိုင်ကားနဲ့ လကုန်ခါနီး အိတ်ကတ်ကို သတိထားစောင့်ကြည့်သုံးစွဲရတာမျိုးမဟုတ်ဘဲ မပူမပင်ရဘဝ။ယူခါစ ၁ နှစ်၊ ၂ နှစ် ပျော်စရာတွေချည်းပဲဆိုပေမယ့် ၂ နှစ်ကျော် ဒီဘက်ကိုရောက်တော့ တောက်တိုမယ်ရကလွဲ အသုံးမဝင်တဲ့ ဒီကောင်လေးအပေါ် သူ့မိန်းမကရော မိန်းမအသိုင်းအဝိုင်းကပါ စိတ်ပျက်လာတော့တယ်။

၃-၄ နှစ်ကျော်ကြာတော့ မိန်းမခိုင်းဖက်၊ ယောက္ခမခိုင်းဖက်၊ ရင့်ရင့်သီးသီးပြောဆိုခံရရုံတင်မက အသွားအလာကအစ မိန်းမက ကန့်သတ်ချုပ်ချယ်။သူ့မိဘကို သူ့မိန်းမဆီက နှိုက်ထားတဲ့ ငွေနဲ့ တင့်တင့်တယ်တယ်ပေးနိုင်ပေမယ့် ခိုးဝှက်ပေးရတာမျိုးမို့ ရှက်စရာ။မိဘအိမ်ပြန်ရင်တောင် သွားသုတ်သုတ် ပြန်သုတ်သုတ်။

တစ်ခါက ကျနော်တို့နဲ့ ဘီယာဆိုင်ထိုင်နေရုံရှိသေး မိန်းမဆီက ဖုန်းဝင်လာ။ခပ်ပြင်းပြင်းငေါက်သံနဲ့ အခုချက်ချင်းပြန်လာဖို့ အမိန့်တော်ဆင့်လိုက်တာကြောင့် တစ်ဝိုင်းစာ ပိုက်ဆံချထားခဲ့ကာ အမြန်ပြန်ပြေးရလေခြင်း။

‘ပိုက်ဆံတော့ သုံးနိုင်တယ် အစ်ကို။ဒါပေမဲ့ လူပျိုတုန်းက ခြိုးခြံချွေတာပြီးသုံးရတဲ့ဘဝလို ပျော်စရာမကောင်းတော့ဘူး။ကိုယ့်ကလည်း အသုံးမကျတော့ ကျနော့်မိသားစုမှာ ကျနော်က အသုံးမဝင်တဲ့ကောင် ခိုင်းဖက်ပဲ။မိန်းမကိုလည်းကြောက်ရ။ယောက္ခတွေလည်းကြောက်ရ။အကုန်ကြောက်ရတဲ့ဘဝနဲ့ ရပ်တည်နေရတယ်’ တဲ့။

ဘဝမှာ ငွေရှိရင် ပျော်စရာသိပ်ကောင်းမယ်လို့ ထင်ထားခဲ့တာ၊ပိုက်ဆံမပူရတဲ့ဘဝပေမယ့် ပျော်စရာမကောင်းတဲ့ဘဝကို အခုပိုင်ဆိုင်နေရပြီတဲ့။

ဘဝမှာ အတိုင်းအတာတစ်ခုအထိ ငွေလိုအပ်ပေမယ့် ငွေဆိုတာ ဘဝမဟုတ်ဘူးဆိုတာ အခုကောင်းကောင်းသိပေမယ့် နောက်ကျသွားပြီတဲ့။

ဒီကောင်လေး အိမ်ထောင်ကျပြီးမှ အတွေးအခေါ်ပါတဲ့စကားတွေ ပြောတတ်လာ။ဘယ်အချိန်တွေ့တွေ့ ရုပ်ချောနေဆဲပေမယ့် မကြည်လင်တော့တဲ့ သူ့မျက်နှာနဲ့ ယုံကြည်မှုပျောက်ဆုံးနေတဲ့ သူ့မျက်နှာကိုငေးကာ ကျနော်စိတ်မကောင်းဖြစ်ရတယ်။

ငြိမ်းဆက်