【 ဆောင်းပါး 】 ဂရပ်ထဲမှာ ပုံဆွဲကြည့်ခြင်း (ဂျပန် - ၂)

【 ဆောင်းပါး 】 ဂရပ်ထဲမှာ ပုံဆွဲကြည့်ခြင်း (ဂျပန် - ၂)

မေဂျီခေတ်သည် ဂျပန်ကို နောက်ကျနေသော မြေရှင်ပဒေသရာဇ်ခေတ်မှ ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် တိုးတက်ရန် တက်လှမ်းခဲ့သော ခေတ်ဖြစ်ပါသည်။

လူအင်အား ငွေအင်အား စိုက်ထုတ်လျက်၊ အားစိုက်ခွန်စိုက်လည်း လုပ်နေကြသည်။သတိရမိသည်ကား ၎င်းအချိန်မှာ မြန်မာနိုင်ငံတွင် ကနောင်မင်းသားကြီးက ရေမြှုပ်ဗုံး စမ်းသပ်နေသော အချိန်ဖြစ်ပါသည်။

အနောက်နိုင်ငံများသို့ ပညာတော်သင် ၉၀ ကျော် စေလွှတ်ထားသည် လက်နက်စက်ရုံကြီးနှစ်ခု၊ သံရည်ကျိုစက်၊ ဖန်စက်၊ ယက္ကန်းစက်၊ ဆန်စက်၊ ပန်းကန်စက်၊ သကြားစက်နှင့် အခြားစက်ရုံအတော်များများကို အိမ်ရှေ့မင်းဖြစ်သည့် ၁၈၅၂ ခုနှစ်မှ လုပ်ကြံခံရချိန် ၁၈၆၆ ခုနှစ်အထိ ခေတ်မီပြုပြင်ရေးကို ဆောင်ရွက်သွားခဲ့သည့်အချိန်ဖြစ်သည်။

ကနောင်မင်းသားကြီး အသက် ၄၇ နှစ်မှာ တူတော်များ၏ လုပ်ကြံမှုကြောင့် အရွယ်ကောင်းမှာပင် ကွယ်လွန်သွားသည်။

မေဂျီခေတ် အစပျိုးချိန်သည် မင်းတုန်းမင်းကြီး နန်းစံနေဆဲ အချိန်ဖြစ်၏။

ဂျပန် “မေဂျီ” ခေတ်အစပျိုးပုံကို ဤသို့တွေ့ရမည်ဖြစ်၏။

ငယ်ရွယ်သော မက်ဆူဟီတိုဘုရင်ကို “ကျိုတို” မှ ပြောင်းရွှေ့ရာ ဗြိတိသျှခြေလျင်တပ်စုက အခမ်းအနားဖြင့် အိဒို ရှိုးဂန်းမှူးမတ်များ၏ ရဲတိုက်သို့ ပြောင်းခဲ့ကြသည်။နေရာသစ်ကို အရှေ့နေပြည်တော် “တိုကျို” ဟု ခေါ်စေ၏။အကျဉ်းရုံးထားသော အခမ်းအနားသဖွယ်ဖြစ်နေပါလိမ့်မည်။ဧကရာဇ်က ၁၈၆၈ ခုနှစ်မှ အစပြုသော သူ့ခေတ်ကို “မေဂျီခေတ်” ဟု သမုတ်ခေါ်ဝေါ်စေသည်။ (ဉာဏ်အမြော်အမြင်ရှိသောခေတ်ဟု အနက်ထွက်ပါ သည်။)    

မေဂျီခေတ်သည် ဂျပန်အား ခေတ်နောက်ကျနေသော မြေရှင်ပဒေသရာဇ်နိုင်ငံမှ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ထူထောင်ရန် ကြိုးပမ်းသောခေတ်ဖြစ်သည်။တရုတ်နှင့် ဂျပန်တို့၏ ကွာခြားပုံကို ဤနေရာတွင် တွေ့ရပါသည်။တရုတ်တို့က ယဉ်ကျေးမှုသာလွန်သည်ဟု ဂုဏ်ခံကာ အခြားသောနည်းပညာများကို မျက်နှာလွှဲထား၏။မေဂျီတို့ကား အရိုင်းအစိုင်းပင်ဖြစ်ပါစေ လေ့လာရန် ဆုံးဖြတ်သည်။ကမ္ဘာအနှံ့ပညာသင်လွှတ်သည်၊ သံတမန်ဆက်ဆံသည်၊ နိုင်ငံခြားကျွမ်းကျင်သူများငှားသည်။ရသည့်နေရာက ပညာယူသည်။

ပြင်သစ်တို့ထံမှ အရွယ်ရောက်သူ ပညာသင်သောစနစ်ကိုရသည်။ဗြိတိသျှထံမှ သင်္ဘောတည်ဆောက်မှုပညာကိုရသည့်အပြင် ရေကြောင်းပညာအရာရှိ သင်ကြားမှုများလည်းရသည်။နေရာဌာနမျိုးစုံတွင် ခေတ်မီရေး ကြိုးပမ်းရာ ၁၈၇၄ ခုနှစ်တွင် “တိုကျို” မြို့၌ ပထမဆုံးဓာတ်ငွေ့မီးတိုင် လင်းသည်။မကြာမီ လျှပ်စစ်မီးသီး ထွန်းနိုင်သည်။ခေတ်မီနိုင်ငံတည်ဆောက်ရေးအတွက် အဓိကတွန်းအားက နောက်ကွယ်မှာရှိနေခဲ့သည် အနိုင်ကျင့်ခံထားရသော စာချုပ်များထဲက ဂျပန်ကို ရွေးနုတ်ရန်ဖြစ်သည်။  

အနောက်နိုင်ငံသားများကလည်း အသာစီးရထားသောအခြေအနေမှ နောက်ဆုတ်မပေးချင်ကြ။ဥပမာ - အလွန်နည်းပါးသော ဆိပ်ကမ်းခွန်၊ ကုန်သွယ်ခွန်များကို ရသင့်ရထိုက်သည်များ မရခြင်းတို့ဖြစ်သည်။

မေဂျီအုပ်စိုးသူတို့အတွက် ဘဏ်လုပ်ငန်းများ၊ အထည်စက်ရုံများ၊ သင်္ဘောကျင်းများ၊ လက်နက်စက်ရုံများ၊ အရင်းအနှီးစိုက်ထုတ်ထားသည့် ရှေ့တွင် ထပ်မံရင်းနှီးစရာများ အများကြီးလိုနေသည်။ယခင်စာချုပ်ကာလနှင့် အခြေအနေများသည်လည်းမတူကြတော့ ထူးခြားချက်တစ်ရပ်မှာ ၁၈၈၄ ခုနှစ် သီပေါမင်း ပါတော်မူရန် တစ်နှစ်အလိုတွင် နိုင်ငံသားများနှင့် လူမျိုးငယ်များအတွက် အခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်းဖြစ်ပါသည်။

ဂျပန်အခြေခံဥပဒေ ရေးဆွဲသူများသည် ဥရောပကို သွားရောက်လေ့လာရာတွင် ဂျာမနီမှာ အတန်ကြာသည်ဆို၏။အခြေအနေသည် လိုက်လျောညင်သာစွာ အစစအရာရာ ပြောင်းလဲခဲ့ပြီဖြစ်ပါလျက် ပြည်သူတို့ လိုအင်ဆန္ဒသည် မပြည့်ဝ။အခြေအနေတစ်ခု ထူးခြားချက်မည်ဆိုလျှင် အစိုးရကြောင့်ချည်းမဟုတ် လူထုများလည်း အလိုတူကြသည်ဟု ပြောနိုင်ပါလိမ့်မည်။နေရာတကာတွင် ဖိစီးမှုများရှိနေကာ နိုင်ငံကို နုတ်မရဖြစ်နေခဲ့၏။ဤအခြေအနေများက နောင်အခါ ဒုတိယကမ္ဘာစစ်တွင် ပါဝင်ခဲ့ခြင်း၏ အကြောင်းတရားတစ်ခု ဖြစ်လာပါလိမ့်မည်။

လူကြီးတွေကို အလိုမကျဖြစ်နေသော လူငယ်များက နိုင်ငံရေးရာတွင် ပါဝင်လာကြသည်။ဤဖြစ်ရပ်မှာ ကောင်းဆိုးကျိုးအပြစ်များလည်း ပါဝင်ခဲ့ပါသည်။ကိုရီးယား၊ တရုတ်ဘက်နှင့် ဆက်သွယ်ရေးအရ ပိုနီးသော ဂျပန်တောင်ပိုင်းသားလူမျိုးများ ဦးဆောင်မှုထဲ ပါဝင်လာကြ၏။ ၁၈၉၄ ခုနှစ်တွင် စာချုပ်များ ပြင်ဆင်ရန် ဗြိတိန်နှင့် ဆွေးနွေးခဲ့၏။ယခင်ပြဿနာဟောင်းတစ်ခုကို အခြေခံကာ အာရှ၏ လူမမာကြီးဖြစ်နေသော တရုတ်ကို စစ်မကြေညာ ဝင်တိုက်၏၊ အလားတူပင် ရုရှားကိုလည်း ဝင်တိုက်သေးသည်၊ နှစ်ပွဲလုံးကို အနိုင်ရခဲ့သည်။

အမြောက်လက်နက်များ တင်ဆောင်လာပြီး ဂျပန်ကို အဓမ္မတံခါးဖွင့်ခိုင်းသောအချိန်မှ နှစ် ၅၀ အကြာတွင် ဂျပန်သည် ခေတ်မှီအင်အားကြီးနိုင်ငံဖြစ်လာသည်။နယ်ချဲ့တို့ထံက ဂျပန်ရခဲ့သော သင်ခန်းစာမှာ ဗိုလ်ကျလွှမ်းမိုးလိုစိတ် အကြမ်းဖက်မှုအားကိုးလိုစိတ်တို့ ဖြစ်နေသည်ကို တွေ့လိုက်ရပါသည်။

ကောင်းသလော၊ ဆိုးသလောဆိုသည်ကို ဂျပန်လူမျိုးတို့ကိုယ်တိုင် ဆန်းစစ်၍ ဆုံးဖြတ်ရပါလိမ့်မည်။

လင်းထင်
Ref - သမိုင်းကြေးမုံ - မြသန်းတင့်/ခေတ်ဟောင်းခေတ်သစ်ရာဇဝင်- Dr.သန်းထွန်း/ရတနာသီခ ကုန်းဘောင်မဟာရာဇဝင်အကျဉ်း - နဂါးဗိုလ် ထိပ်တင်ထွေး