【 ဆောင်းပါး 】 ကြံစိုက်ပျိုးထုတ်လုပ်မှုမှ တောင်သူများ အခြေအနေကောင်းဖန်တီးနိုင်

【 ဆောင်းပါး 】 ကြံစိုက်ပျိုးထုတ်လုပ်မှုမှ တောင်သူများ အခြေအနေကောင်းဖန်တီးနိုင်

ကမ္ဘာ့ဈေးကွက်အတွင်း သကြားသည်လည်း ဈေးကွက်အလားအလာကောင်းသည့် ကုန်ပစ္စည်းမျိုးဖြစ်သည်။

လက်ရှိတွင် ကမ္ဘာ့သကြားဈေးနှုန်းများ မြင့်တက်နေပြီး ပြည်တွင်းသကြားဈေးများလည်း လိုက်ပါမြင့်တက်လျက်ရှိသည်။

သကြားဈေး မြင့်တက်မှုပေါ် မူတည်၍ ဈေးကွက်စီးဆင်းရာတစ်လျှောက်၌ အကျိုးဖြစ်ထွန်းမှုများရှိစေခဲ့သည့် အခြေအနေမျိုးဖြစ်သော်လည်း စိုက်ပျိုးစရိတ်မြင့်မားမှုကြောင့် တွက်ချေကိုက်စေရန် လုပ်ဆောင်ကြရခြင်းများလည်းရှိတတ်သည်။လက်ရှိတွင် ပြည်တွင်းလက်လီဈေးကွက်အတွင်း သကြား တစ်ပိဿာလျှင် ၄၀ဝ၀ ကျပ် အထက် ရှိလာခဲ့သည်။

ပြည်တွင်းသကြားဈေးကွက်တွင် ကုန်စည်ဒိုင် လက်ကားဈေးအနေဖြင့်  သကြားတစ်ပိဿာလျှင် ကျပ် ၃၂၀ဝ မှ ၃၃၀ဝ အထိရှိပြီး လက်လီဈေးကွက်တွင် အမြင့်ဆုံး ကျပ် ၄၀ဝ၀ ဝန်းကျင်ရှိလာခြင်းဖြစ်သည်။

ယခု ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းက ကမ္ဘာ့သကြားဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀ဝ ဝန်းကျင်အထိရှိခဲ့ပြီး လက်ရှိတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၅၀ ဝန်းကျင် အထက်တွင် ရှိနေခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လက ပြည်တွင်းသကြားဈေးသည် တစ်ပိဿာလျှင် အမြင့်ဆုံး ကျပ် ၁၂၀ဝ သာရှိခဲ့ရာမှ တစ်နှစ်အတွင်း တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ အထိ နှစ်ဆကျော် မြင့်တက်လာခဲ့သည်။သကြားဈေး မြင့်လာသလို သကြားစက်ရုံများက ကြံဝယ်မည့်ဈေးကိုလည်း တိုးမြှင့်ပေးလာခဲ့သည်။

ယခင်က ကြံတစ်တန်လျှင် အမြင့်ဆုံး ကျပ် ၈၀၀,၀၀၊ ၉၀,၀၀၀ လောက်ပေးခဲ့သော အခြေအနေမှ လက်ရှိတွင် ကျပ် ၁၀၀,၀၀၀ နှင့် အထက် ဈေးပိုပေးကာ ဝယ်ယူလာကြသည်။ထို့ကြောင့် တောင်သူများအနေဖြင့် ကြံအထွက်တိုးရန် ကြိုးပမ်းလုပ်ဆောင်ခြင်းဖြင့် အလားလာကောင်းများကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ကြံစိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ခြင်း၊ ရေမြေရာသီဥတုနှင့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အသုံးပြုမှုအပေါ် မူတည်၍ လုပ်ဆောင်ကြရသည်။မြန်မာနိုင်ငံတွင် နှစ်စဉ် နိုဝင်ဘာလမှ ဧပြီလအထိကာလအတွင်း ကြံရိတ်သိမ်းလေ့ရှိသဖြင့် ကြံရိတ်သိမ်းရာသီဟုလည်း ခေါ်လေ့ရှိသည်။ကြံစိုက်ပျိုးသည့် တောင်သူများက သကြားစက်ရုံများသို့ ရောင်းချ၍ ယင်းစက်ရုံများမှ နိုင်ငံတကာဈေးကွက်အတွင်းသို့ ကုန်ချောတင်ပို့ခြင်းများရှိသလို တရုတ်နိုင်ငံဘက်သို့လည်း ကြံများကို တင်ပို့ခြင်းများရှိသည်။ပြည်တွင်းရှိ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်အတွင်း ကွမ်းလုံမြို့နယ်၊ သိန္ဒီမြို့နယ်နှင့် လားရှိုးမြို့နယ်အတွင်းမှ ဒေသခံပြည်သူများက ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်ထားသည့် ကြံများမှာ တရုတ်ဈေးကွက်သို့ အားထားတင်ပို့ကြရသည်။ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ရှိ တရုတ်နိုင်ငံအတွင်းက ယူနန်ပြည်နယ်၊ ကိန်းမခရိုင်၊ မိန်းတိန်မြို့မှ သကြားစက်ရုံများသို့ တင်ပို့ရောင်းချလေ့ရှိကြရာ တရုတ်ဈေးကွက်သည် ကြံစိုက်ပျိုးရာ တောင်သူများအတွက် အားထားစရာ အခြေအနေမျိုးဖြစ်သည်။

ထိုသို့သော ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် ကြံများကို တင်ပို့ရာတွင် ကြံတင်ယာဉ်များဖြင့် သယ်ယူကြပြီး ကုန်သွယ်ရေးစခန်းနှင့် ချင်းရွှေဟော်မြို့ကြားရှိ ကြံကွင်းတွင် မြန်မာဘက် ကြံတင်ယာဉ်များပေါ်မှ ကြံများကို ကရိန်းများဖြင့် တရုတ်ဘက်မှ ကားများပေါ်သို့ ပြောင်းရွှေ့တင်ဆောင်ခြင်းဖြင့်လည်းကောင်း၊ နှစ်နိုင်ငံနယ်စပ် နမ့်ဖာဟော်တံတားတွင် ရှန်တိန်ယာဉ်မောင်းစနစ်ဖြင့် ယာဉ်မောင်းလဲလှယ်ကာ မောင်းနှင်ပို့ဆောင်ခြင်းဖြင့်လည်းကောင်း တရုတ်နိုင်ငံအတွင်းက မိန်းတိန်မြို့၊ နမ့်ဟွာသကြားစက်ရုံသို့ တင်ပို့ခြင်းများကို လုပ်ဆောင်ခဲ့ ကြသည်။

ထို့နောက်မှ နောက်ပိုင်းတွင် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မှုများအရ မြန်မာဘက်မှ ကြံတင်ယာဉ်မောင်းများက မြန်မာ-တရုတ်နယ်စပ် ခရီးသွားလာခွင့်လက်မှတ် (Border Pass) (BP) ဖြင့် မိန်းတိန်မြို့၊ နမ့်ဟွာသကြား စက်ရုံသို့ တိုက်ရိုက်တင်ပို့ခွင့်ရရှိခဲ့ရာ ပိုမိုလွယ်ကူလျင်မြန်လာစေပြီး အကျိုးဖြစ်ထွန်းမှုများရှိလာစေခဲ့သည်။

ထို ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်ဘက်သို့ ဘဏ္ဍာနှစ်အလိုက် ကြံတင်ပို့မှုများ အနက်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ တန်ချိန် ၂၉၀,၅၇၆ ဒသမ ၀၀ တန်၊ တန်ဖိုးအားဖြင့် ၁၄ ဒသမ ၅၂၈ ဒေါ်လာသန်းဖိုးဖြင့် အများဆုံးသော ပမာဏအဖြစ် တင်ပို့နိုင်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သော ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်ကလည်း ၈၇,၈၈၂ ဒသမ ၀၀ တန်၊ တန်ဖိုးအားဖြင့် ၄ ဒသမ ၄၅၄ ဒေါ်လာသန်းဖိုး တင်ပို့နိုင်ခဲ့သည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်ဘက်သို့ ကြံတင်ပို့ရာတွင် ကုမ္ပဏီနှစ်ခုမှ အဓိကတင်ပို့လုပ်ဆောင်နေခြင်းဖြစ်ပြီး ခန့်မှန်း ကြံတန်ချိန် တစ်သိန်းခွဲကျော် ဝန်းကျင်လောက်ကို တင်ပို့နေသည့် အခြေအနေပင်ဖြစ်သည်။

ပြီးခဲ့သော ကြံရာသီဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းအထိ စာရင်းများအရ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းမှ တင်ပို့ရာတွင် ကြံတန်ချိန် ၆၃,၇၀၆ ဒသမ ၂၀ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၈၅ ဒေါ်လာသန်းဖိုး တင်ပို့ထားပြီး တစ်နေ့လျှင် ပျမ်းမျှယာဉ်စီးရေ ၃၀၀ ဝန်းကျင်ဖြင့် တင်ပို့ကာ လုပ်ဆောင်နေလျက်ရှိသည်။

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ယခင် ရှေးရာစုနှစ်များစွာကတည်းက ကူးသန်းရောင်းဝယ်ဖောက်ကားလုပ်ဆောင်နေသည့် သမိုင်းကြောင်းရှိသည့် အိမ်နီးချင်းနိုင်ငံများလည်းဖြစ်ကြသည်။ကြံအပါအဝင် အခြားသောထွက်ကုန်ပစ္စည်းများကိုလည်း တင်ပို့ရာ ဈေးကွက်တစ်ခုအဖြစ်လည်း ဖြစ်တည်နေလျက်ရှိပြီး စိုက်ပျိုးရေးထွက်ကုန်များကို ထုတ်လုပ်တင်ပို့နိုင်ခြင်းများကလည်း အောက်ခြေစိုက်ပျိုးသူ တောင်သူများအထိပါ အကျိုးပြုစေသော အခြေအနေမျိုးကို ဖြစ်စေခဲ့သည်။

လက်ရှိအချိန်အထိလည်း တရုတ်ဘက်သို့ ကြံတင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ နှစ်စဉ် ပျမ်းမျှ တန်ချိန် ၇ သိန်းဝန်းကျင်ကို တင်ပို့နေသည့် အခြေအနေမျိုးဖြစ်ပြီး ဈေးကွက်အလားအလာကောင်းများကို ပိုင်ဆိုင်နေလျက်ရှိသည်။

ထိုစိုက်ပျိုးသီးနှံများမှ ပြည်ပဈေးကွက်များကို ရရှိစေခြင်းကြောင့်လည်း ဒေသခံများအတွက် အလားအလာကောင်းသော စိုက်ပျိုးထုတ်လုပ်မှုအခြေအနေကောင်းများကို ဖြစ်စေသလို တောင်သူများ၏ ဘဝတိုးတက်မြင့်မားလာရေးအတွက် အထောက်အကူများဖြစ်လာစေမည်ဖြစ်သည်။

ယခုတင်ပို့နေသည့် ကြံစိုက်ပျိုးရာ ဒေသများမှာ လက်ရှိတွင် ဘိန်းအစားထိုး သီးနှံများအဖြစ်ဖြင့် စိုက်ပျိုးလုပ်ဆောင်နေခြင်းလည်းဖြစ်ပြီး ယခုလို ဈေးကွက်အလားအလာကောင်းလာသည့် စိုက်ပျိုးထုတ်ကုန်များကို စနစ်တကျလုပ်ကိုင်ခြင်းဖြင့် နိုင်ငံအတွက်လည်း နိုင်ငံခြားဝင်ငွေများ ရှာဖွေပေးနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ကြံတင်ပို့ရာ ကုန်သွယ်ဖက်နိုင်ငံလည်းဖြစ်သလို ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးမှ အနာဂတ်တွင် ပိုမိုခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုများဖြင့် နှစ်ဖက်ကုန်သည်များကြားတွင် အကျိုးများစွာဖြစ်ထွန်းစေသလို တောင်သူများအတွက် အခြေအနေကောင်းများကို အခိုင်အမာ ဖန်တီးနိုင်ပေလိမ့်မည်ဖြစ်သည်။

အမွန်