【 ဆောင်းပါး 】လန်ချန်း-မဲခေါင်ပူးပေါင်းမှုမှ ရေဘေးအန္တရာယ်ကာကွယ်ပေးမည်

【 ဆောင်းပါး 】လန်ချန်း-မဲခေါင်ပူးပေါင်းမှုမှ ရေဘေးအန္တရာယ်ကာကွယ်ပေးမည်

ရေဘေးအန္တရာယ်သည် ပျက်စီးဆုံးရှုံးမှုများပြားစေသည့် သဘာ၀ဘေးတစ်မျိုးလည်း ဖြစ်သလို မြန်မာနိုင်ငံ တွင်လည်း နှစ်စဉ် ကြုံနေရသည့် ဘေးအန္တရာယ်တစ်ခုပင်ဖြစ်သည်။

ရေဘေးအန္တရာယ်တွင် အခြေအနေမျိုးစုံ ရှိသလို မုန်တိုင်းကြောင့်ဖြစ်ရသော အခြေအနေ၊ ရာသီဥတုကြောင့် ဖြစ်ရသော အခြေအနေနှင့် ရေအောက်မြေငလျင်ကြောင့် ဖြစ်ရသော အခြေအနေ စသည်ဖြင့် အခြေအနေ ပေါင်းများစွာရှိပြီး လွန်ခဲ့သော ၂၀၀၄ ခုနှစ်က ကြုံခဲ့ဖူးသည့် ဆူနာမီ ဒီရေလှိုင်းကြောင့်လည်း  အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံ တို့တွင် ရေလွှမ်းမှုများကြုံကာ ၂၂၆၀၀၀  ကျော် သေဆုံးခဲ့သည်မှာ ထင်ရှား သည့်သာဓကတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒဏ်ကြောင့် လူပေါင်း တစ်သိန်းလေးသောင်းခန့်သေကြေပျက်စီးခဲ့ရသလို ၂၀၁၅ ခုနှစ်တွင်ကြုံခဲ့ရသည့် ရေကြီးရေလျှံမှုများကြောင့်လည်း အိမ်ထောင်စု  လေးသိန်းခန့်နှင့် လူဦးရေ  ၁၆  သိန်းကျော် လောက် ခံစားခဲ့ရသည်ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ နေ့စဉ်ထုတ်သတင်းစာများ၌ ဖော်ပြထားကြသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှံးမှု များခဲ့သည်။ ပါကစ္စတန်နိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကြောင့် လူပေါင်း ၁၁၀၀ ကျော်သေဆုံးကာ၊ နေအိမ် အဆောက် အအုံပေါင်း ၂၈၇၀၀၀ ကျော် ပျက်စီးခဲ့သလို နေအိမ်အဆောက်အအုံပေါင်း ၆၆၂၀၀၀ ကျော်တို့ မှာ အနည်းငယ် ပျက်စီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံခန့် ဆုံးရှုံးခဲ့ရသည်ကို သတင်းများ၌ ဖော်ပြထား သည်။ ကိုရီးယားနိုင်ငံ၊ ဂန်နမ်ခရိုင်ပတ်ဝန်းကျင်တွင်လည်း နှစ်ပေါင်း ၈၀ အတွင်း အများဆုံးကြုံခဲ့သည့် မိုးရွာ သွန်း မှုဖြစ်စဉ်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ အတွင်းကြုံခဲ့ကာ နေအိမ်အဆောက်အအုံပေါင်း ၂၈၀၀ ဝန်းကျင် ပျက်စီး၍ လူကိုးဦးသေဆုံးခဲ့သောဖြစ်ရပ် ကြုံခဲ့သေးသည်။ ထိုင်းနိုင်ငံတွင်လည်း ရေကြီးရေလျှံမှုကြောင့် ခရိုင် ၂၁ ခုတွင် ထိခိုက်ပျက်စီးမှုများကြုံကာ နေအိမ်အဆောက်အအုံ ၁၉၆၃၀ ကျော် ပျက်စီးခဲ့ပြန်သည်။

အာရှဒေသသည် သဘာ၀ဘေးအန္တရာယ်ကို အပြင်းထန်ဆုံးထိခိုက်မှုကြုံခဲ့ပြီး သဘာဝဘေး အားလုံး၏ ၄၀ ရာခိုင် နှုန်းကို ခံစားကြရသလို ကမ္ဘာလုံးတွင် သဘာ၀ဘေးအန္တရာယ်ကြောင့် စုစုပေါင်းသေဆုံးသူဦးရေ၏ ၄၉ ရာခိုင်နှုန်း နှင့်  ထိခိုက်ခံစား ရသူ စုစုပေါင်း၏ ၆၆ ရာခိုင်နှုန်းသည် အာရှဒေသမှဖြစ်သည်ကိုလည်း သုတေသန စစ်တမ်းများ တွင် ဖော်ပြထားကြသည်။ ကမ္ဘာတစ်ဝန်းရှိ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆိုးရွားသော ဖြစ်ရပ် ပေါင်း ၄၃၂ ခုကို Emergency Event Database (EM-DAT) က မှတ်တမ်းတင် ဖော်ပြခဲ့သလို သေဆုံးသူ ၁၀၄၉၂  ဦးရှိခဲ့ပြီး လူ ၁၀၁ ဒသမ ၈ သန်း  ထိခိုက်ခဲ့သလို  ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၂၅၂ ဒသမ ၁ ဘီလီယံ ခန့် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ရွာသွန်းသောမိုးများကြောင့် ပြင်ဦးလွင်၊ ကျိုင်းတုံ၊ တာချီလိတ်၊  ရန်ကုန် စသည့်မြို့များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး ထိခိုက်ပျက်စီးမှုများစွာ ကြုံခဲ့သလို ရေဘေးသည်လည်း နှစ်စဉ် စိုးရိမ်စရာ အခြေအနေမျိုးဖြစ်လာကာ ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်စရာ အခြေအနေမျိုး ဖြစ်နေခဲ့သည်။

ဒေသတွင်း နိုင်ငံများ၏ ဖွံ့ဖြိုးမှုကွာဟချက်ကို လျှော့ချကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်ခဲ့သော ၂၀၁၆ ခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ထားသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် ဒေသ ဖွံ့ ဖြိုးရေးကို စိန်ခေါ်နေသော ရေဘေးကာကွယ်ရေးအတွက် အစီအမံများကို ချမှတ်ကာ ဒေသတွင်းနိုင်ငံ များအတွက် အကောင်အထည် ဖော်ဆောင်နေလျက်ရှိသည်။

တရုတ်ပြည်ဘက်ခြမ်းတွင် လန်ချန်းဟုခေါ်သော မဲခေါင်မြစ်တစ်လျှောက်တွင် မြန်မာနယ်စပ်၌ ရေကြီးမှုသတိပေး စနစ်များကို စီမံကိန်းချကာ တပ်ဆင်လုပ်ဆောင်နေပြီး ယင်းစနစ်များတွင် မြစ်ရေ၏အခြေအနေနှင့် မိုးရွာသွန်းမှု အခြေအနေတို့ကို အလိုအလျောက် စောင့်ကြည့်သတိပေးသည့် စနစ်မျိုးလည်းဖြစ်သည်။

ထိုလန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွင် အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် မြန်မာနယ်စပ် မဲခေါင် မြစ်ဝှမ်း အတွင်း အဆိုပါ ရေဘေးအတွက် စောင့်ကြည့်ရေးစခန်း ၁၀ ခုကို ၂၀၂၀ ပြည့်နှစ်က စတင်ကာ လုပ် ဆောင်နေပြီး မြစ်ရေ အခြေအနေနှင့် မိုးရွာသွန်းမှုအခြေအနေ အချက်အလက်များကို စုဆောင်းကာ ရေကြီးမှု အဆင့် နှင့် အန္တရာယ် အဆင့်များကို အမှတ်အသားပြုလုပ်ဆောင်ခဲ့သလို ယင်းအစီအစဉ်မှာလည်း ရေဘေးအတွက် ပျက်စီးဆုံးရှုံးမှုမကြုံအောင် အစီအမံကောင်းများ ရေးဆွဲလုပ်ဆောင်ခြင်းပင်ဖြစ်သည်။

အဆိုပါ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ရေကြီးမည့် ကြိုတင်သတိပေးစနစ်ကို အထောက်အကူပြုသော မိုးရေချိန်တိုင်း ကိရိယာများ တပ်ဆင်မှုစီမံကိန်းကိုလည်း လက်ရှိတွင် ဆောင်ရွက်နေပြီး ယင်းအခြေအနေက ရေလွှမ်းမိုးတတ်သည့် ဒေသများတွင် ပိုမို ဘေးကင်း လုံခြုံမှုရှိသော လူနေမှုစနစ်များကို လုပ်ဆောင်ပေးနိုင် မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ၁၂ ခုမြောက်၊ အာရှတွင် ခြောက်ခုမြောက် အရှည်ဆုံးဖြစ်သော မဲခေါင်မြစ်သည် အလျား ၂,၇၀၃ မိုင် (၄,၉၀၉ ကီလိုမီတာ)ရှိပြီး လူဦးရေ သန်း ၆၀ ကျော်မှာ မြစ်ဝှမ်းဒေသကို အခြေပြု၍ အသက်မွေး ဝမ်းကျောင်းပြုနေရသည့် မြစ်ကြီးလည်း ဖြစ်သည်။

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကန်းသည် စတင်ဆောင်ရွက်သည့်အချိန်မှစ၍ အပြောနှင့်သာမဟုတ်ဘဲ အလုပ်ဖြင့် လက်တွေ့သက်သေပြနေသည်မှာလည်း အထင်အရှားပင်ဖြစ်သည်။ ပြည်သူလူထုကို အခြေခံကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အယူအဆကိုကိုင်စွဲကာ ပြည်သူ့အကျိုးပြုစီမံကိန်းပေါင်း ၅၄၀ ကျော်ကို ထောက်ခံ အား ပေးခဲ့ပြီး ပြည်သူများအတွက် လက်တွေ့ကျသည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလာခဲ့သည်။

မဲခေါင်မြစ်ဝှမ်းတွင် ရေလွှမ်းမိုးနိုင်မှုအခြေအနေမှာလည်း ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း လျင်မြန် စွာ လျော့ကျသွားပြီး ဒီဇင်ဘာလနှောင်းပိုင်းတွင် ရေလွှမ်းဧရိယာ ပျမ်းမျှစတုရန်းကီလိုမီတာ ၉၀၀၀ နှင့် နှိုင်းယှဉ်ပါ က ရေလွှမ်းမိုးမှုမှာ ပျမ်းမျှ ၁၀,၈၀၀ စတုရန်းကီလိုမီတာထက် အနည်းငယ်သာရှိနေကြောင်း၊ ထိုကိန်းဂဏန်းကို ၂၀၂၂ ခုနှစ်၏ အောက်တိုဘာလနှောင်းပိုင်းက ရေလွှမ်းဧရိယာ ၂၁,၃၀၀ စတုရန်းကီလိုမီတာနှင့် နှိုင်းယှဉ်ကြည့် ပါက သိသာစွာ လျော့နည်း နေသော အခြေအနေကိုလည်း တွေ့ရသည်ဟု သုတေသနဆိုင်ရာ စစ်တမ်းအချို့က ဖော်ပြထားသည်။

မဲခေါင်မြစ်ဝှမ်းတွင် ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးကို အစီအစဉ်များချကာ လုပ်ဆောင်နေခြင်းသာမက မိုးခေါင် ရေရှားမှု အခြေအနေအပေါ် တုံ့ပြန်နိုင်ရန်လည်း မြှင့်တင်လုပ်ဆောင်ကာ မြန်မာအပါအဝင် မြစ်ဝှမ်းနိုင်ငံအ သီးသီးမှ ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးခဲ့သည့် အခြေအနေမျိုးဖြစ်လာခဲ့သည်။

ယခုအခါ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အခြေအနေကို ကမ္ဘာအနှံ့ ပေါ်ပေါက်လျက်ရှိပြီး မဲခေါင်မြစ်တွင်လည်း ရေလွှမ်းမိုးခြင်း၊ ရေကြီးခြင်းများကို ကြုံလာခဲ့သလို မြစ်၏ မြစ်၀ကျွန်းပေါ်ဒေသတွင် ရေမြုပ်မှုများရှိကာ အကျယ်အဝန်းဧရိယာကျုံ့လာခြင်း၊ မြစ်ကမ်းပါးများ ရေတိုက်စားခံရခြင်းများကြောင့် ကမ်းပါးအနီးနေထိုင်သူများ၏ နေအိမ်များအပြင် သီးနှံစိုက်ခင်းများ၊ စားကျက်မြေများအပါအဝင် အရင်းအမြစ်များစွာလည်း ပျက်စီးမှုများကြောင့် ပိုမိုလုံခြုံသော လူမှုဘ၀တည်ထောင်ပေး နိုင်ရန် ရေကြီးမှုကာကွယ်နိုင်ရေးအတွက် စီမံကာ လုပ်ဆောင်ပေးခဲ့ကြခြင်းဖြစ်သည်။

မြစ်တည်ရှိနေပုံအနေအထားအရ မြစ်အထက်ပိုင်းတွင် တရုတ်နှင့်မြန်မာနိုင်ငံတို့ရှိပြီး မြစ်အောက်ပိုင်းတွင် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ တည်ရှိကြသည်။ မြစ်အောက်ပိုင်း လေးနိုင်ငံတို့ပေါင်းစည်းကာ မဲခေါင်မြစ်ကော်မရှင်ကို လွန်ခဲ့သော ၂၅ နှစ်က ဖွဲ့စည်းခဲ့ကြပြီး အပြန်အလှန်ပူးပေါင်းကာ ဖွံ့ဖြိုးရေး၊ သဘာဝဝန်းကျင်နှင့် အသက်မွေးမှုအပေါ် ထိခိုက်လာနိုင်ခြေများလျှော့ချရန် လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့ဖြင့် မြစ်နှင့်ပတ်သက်၍လည်း နိုင်ငံအသီးသီးက တတ်နိုင်သည့် နည်းလမ်းများဖြင့် မြစ်ပတ်ဝန်းကျင် ဂေဟစနစ်အပါအဝင် ဒေသခံပြည်သူများ ထိခိုက်မှုအတွက် အကာကွယ်ရရန် ကြိုးပမ်းနေကြသည်။

ယခုလုပ်ဆောင်နေသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေအထောက်အပံ့မှ လုပ်ဆောင်နေသည့် စီမံကိန်းမှာ မြန်မာနိုင်ငံသာမကဘဲ ဒေသတွင်းနိုင်ငံအသီးသီးမှ ပြည်သူများအတွက် ရေဘေးအန္တရာယ်ကို အကာကွယ် ပေးနိုင်မှာဖြစ်သလို အနာဂတ်လူနေမှုဘ၀တွင် လုံခြုံစိတ်ချစွာ သာယာအေးချမ်းသည့် ဘ၀မျိုးဖန်တီးနိုင်ရန် အထောက်အပံ့ကောင်းများ ပေးနေကြောင်းကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်