【 ဆောင်းပါး 】ကိုဗစ်အလွန်မှာ ပြန်လည်စတင်မယ့် တရုတ်ခရီးသွားကဏ္ဍ

【 ဆောင်းပါး 】ကိုဗစ်အလွန်မှာ ပြန်လည်စတင်မယ့် တရုတ်ခရီးသွားကဏ္ဍ 

ကမ္ဘာတစ်ဝန်းလုံးမှာ ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေကြောင့် အထိနာခဲ့တဲ့ လုပ်ငန်းတွေထဲမှာ ခရီးသွားကဏ္ဍလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် လေကြောင်းလိုင်းတွေပိတ်ပြီး အသွားအလာကန့်သတ်တာတွေနဲ့အတူ လူစုလူဝေးရှောင်ရှားဖို့ ညွှန်ကြားချက်တွေကြောင့် မဖြစ်မနေသွားလာရသူတွေလောက်သာရှိခဲ့လို့ ခရီးသွားလာမှုဟာ ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာဆိုရင် ကိုဗစ်ကပ်ရောဂါ စတင်တွေ့ရှိခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းကစပြီး အသွားအလာကန့်သတ်တာတွေအပါအဝင် ကိုဗစ်ထိန်းချုပ်ရေးညွှန်ကြားချက်တွေကြောင့် ခရီးသွားလုပ်ငန်းတွေဟာလည်း ပုံမှန်လို မလည်ပတ်နိုင်ခဲ့ပါဘူး။ 

ဒါပေမယ့် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ နောက်ဆုံးထုတ်ကြေညာချက်အရ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကစပြီး တရုတ်ပြည်သို့ဝင်ရောက်ပြီးနောက် နျူကလိစ်အက်ဆစ် စမ်းသပ်ခြင်းနဲ့ ကွာရန်တင်း နေရန် သတ်မှတ်ချက်တွေကို ဖျက်သိမ်းခဲ့ပါတယ်။  ဒါဟာ တရုတ်ပြည်သူများ ပြည်ပသို့ ခရီးသွားခြင်း ပုံမှန်ပြန် ဖြစ်စေ တယ်လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ခရီးသွားလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုဖြစ်ပေါ်ခဲ့ပါတယ်။ အွန်လိုင်းခရီးသွား ပလက်ဖောင်းတွေမှာဖော်ပြတဲ့ အချက်အလက်အရ ယင်းကြေညာချက်ထုတ်ပြန်ပြီးနောက် နာရီဝက်အကြာမှာပဲ နာမည်ကျော်နိုင်ငံခြားခရီးသွားနေရာ ရှာဖွေမှုပမာဏဟာ ၁၀ဆ တိုးလာတယ်လို့ ဆိုပါတယ်။

လေယာဉ်လက်မှတ်နှင့် ဟိုတယ်ဘိုကင်ရှာဖွေမှုပမာဏကလည်း လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ  ထိပ်တန်းပြန်ရောက်လာသလို နွေဦးပွဲတော်အတောအတွင်းအဖွဲ့လိုက် ပြည်ပခရီးစဉ်ဆိုင်ရာ ရှာဖွေမှုပမာဏကလည်း ၆ ဆ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ နောက်ဆုံးထုတ်ကြေညာချက်ဟာ တရုတ်နှစ်သစ်ကူးပွဲတော်ကာလနဲ့လည်း တိုက်ဆိုင်နေတာကြောင့် တရုတ်နိုင်ငံကနေ ပြင်ပနိုင်ငံတွေကို ခရီးသွားချင်တဲ့သူတွေနဲ့ ပြင်ပကနေ တရုတ်နိုင်ငံကို ခရီးသွားချင်တဲ့သူတွေအတွက် အချိန်ကိုက်ဖြစ်နေပါတယ်။ 

တရုတ်ခရီးသွားတွေဟာ အာရှတွင်းနိုင်ငံတွေကို အဓိကထားသွားလာလေ့ရှိပြီး စင်္ကာပူ၊ တောင်ကိုရီးယား၊ တရုတ်ဟောင်ကောင်ဒေသ၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့ဟာ  ခရီးသွားကန့်သတ်ချက် ဖျက်သိမ်းပြီးနောက် လူကြိုက်အများဆုံးသော ခရီးသွားနေရာတွေ ဖြစ်နေပါတယ်။

လတ်တလောရက်ပိုင်းမှာ ထိုင်း၊ နယူးဇီလန်၊ သြစတြေးလျ၊ ဗြိတိန်စတဲ့နိုင်ငံတွေက တရုတ်နိုင်ငံစတဲ့ နိုင်ငံတကာ ပြည်ဝင်ခရီးသွားတွေအပေါ် PCR test စစ်ဆေးမှုပြန်လည်ဖော်ဆောင်တဲ့ အစီအစဉ်မရှိဘူးလို့ သီးခြားစီသဘောထားထုတ်ပြန်လာကြပါတယ်။

အီတလီနိုင်ငံကတော့ အခုတလော တရုတ်နိုင်ငံကနေ ရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ပိုးရှိ အဖြေထွက်ခရီးသွားတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သက်ဆိုင်တဲ့ ဗီဇမျိုးကွဲမှု အသစ်မတွေ့ရှိရဘဲ အကုန်လုံးက သိရှိပြီးသားမျိုးကွဲပိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာကတော့ တရုတ်ခရီးသွားတွေကို ကန့်သတ်ဖို့ အကြောင်းပြချက်မရှိသလို အခုတရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ့ ဗီဇမျိုးကွဲက ဥရောပသမဂ္ဂဒေသတွေမှာ ဖြစ်ပွားပြီးပါပြီလို့ ဆိုထားပါတယ်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul ကလည်း ထိုင်းနိုင်ငံ အစိုးရဟာ တရုတ်ခရီးသွားတွေ ပြည်မဝင်ခင် ဒါမှမဟုတ် ပြည်ဝင်ပြီးနောက်မှာ PCR test စစ်ဖို့ တောင်းဆိုမှာမဟုတ်သလို တရုတ်ခရီးသွားတွေက ထိုင်းနိုင်ငံက ပြည်ဝင်ခရီးသွားအားလုံးအပေါ် ထားရှိတဲ့အစီအမံဖြစ်တဲ့ ကျန်းမာရေး အာမခံဝယ်ယူခြင်းကိုပဲ လိုက်နာဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံ ခရီးသွားဦးစီးဌာန ဥက္ကဋ္ဌ Yuthasak Supasorn ကလည်း ၂၀၂၃ ခုနှစ် ပထမသုံးလပတ်မှာ တရုတ်ခရီးသွားပေါင်း ၃ သိန်းခန့် ထိုင်းနိုင်ငံကို ဝင်ရောက်လာမယ်လို့ ခန့်မှန်းခဲ့ပြီး ဒါဟာ ခရီးသွားရာသီ မဟုတ်တဲ့ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေမယ်လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးမူဝါဒကို ပြောင်းလဲပြီးနောက် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာ အားလုံးက အထူးအာရုံစိုက်နေပါတယ်။ ၂၀၂၃ခုနှစ် နှစ်ဆန်းမှာ ပေကျင်း၊ ရှန်ဟိုင်း စတဲ့ တရုတ်နိုင်ငံရဲ့ အထင်ကရမြို့ကြီးတွေမှာ ပြန်လည်အသက်ဝင်လာခြင်းဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေး နာလန်ပြန်ထူလာတာကို ပြဆိုနေသလို ဇန်နဝါရီလမှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ဆင်နွဲဖို့ အရှိန်မြင့်လာစေခဲ့ပါတယ်။

ကိန်းဂဏန်းအချက်အလက်များအရ နှစ်သစ်ကူးအားလပ်ရက်အတွင်း တရုတ်နိုင်ငံတွင် ပြည်နယ်တစ်ခုကနေတစ်ခု ခရီးသွားလာမှုအချိုးက ၆၀ ရာခိုင်နှုန်းနီးပါးရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃၄ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တရုတ်ခရီးသွားများဝင်ရောက်မှုအတွက် နိုင်ငံအချို့က ကိုဗစ်စစ်ဆေးမှုပြုလုပ်နေသော်လည်း ထူးခြားသည့် တွေ့ရှိမှုကိုတော့ မတွေ့ရှိသေးပါဘူး။  

ဒါကြောင့် ကမ္ဘာ့စီးပွားရေး လျှင်မြန်စွာနာလံထရေးအတွက် အရေးပါတဲ့ ခရီးသွားကဏ္ဍကို ကန့်သတ်မယ့် တရုတ် ခရီးသွားများအပေါ် ကိုဗစ်စစ်ဆေးခြင်းကို နိုင်ငံအများအပြားက ကျန်းမာရေး ပညာရှင်တွေက မလိုအပ်ဘူးလို့ ရှုမြင်ကြပါတယ်။

တရုတ်နှစ်ကူးကို အမှီပြုကာ အာရှတစ်ဝန်း တရုတ်ခရီးသွားများဖြင့် ဆွဲတင်ကြမယ့် စီးပွားရေးနာလန်ထမှုကိုလည်း  မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ခန့်မောင်