【ဆောင်းပါး】တရုတ်ရိုးရာအငွေ့အသက်နဲ့ပြည်တွင်း အစားသောက်လုပ်ငန်းများ

【ဆောင်းပါး】တရုတ်ရိုးရာအငွေ့အသက်နဲ့ပြည်တွင်း အစားသောက်လုပ်ငန်းများ

မြန်မာနိုင်ငံရှိ အစားအစာများကို လေ့လာကြည့်လျှင် စုံလင်လှပြီး ထူးကဲသောပုံစံနှင့်အရသာကို ခံစား မိကြ မည်ဖြစ်ပါသည်။ ယင်းတွင် တိုင်းရင်းသားလူမျိုးစုံမှ ဆင်းသက်လာခြင်းအပြင်  အိမ်နီးချင်း နိုင်ငံများဖြစ် သည့် တရုတ် ၊ အိန္ဒိယ ၊ ထိုင်း စသည့်နိုင်ငံများမှလည်း ပျံ့နှံ့လွှမ်းခြုံလာကြောင်း မှတ်တမ်းများတွင် ပြဆိုထား သည်။ သို့ရာတွင် ထိုရှိနှင့်ပြီးသော များပြားလှသည့် အစားအစာမျိုးစုံအနက်တွင် သက်မွေးလုပ်ငန်းအဖြစ် တွင်ကျယ်မှုရှိသည်ကိုဖေါ်ပြရာတွင် မြန်မာ့အစားအစာများနည်းတူ နိုင်ငံအတွင်း လူကြိုက်များလျှက်ရှိသည့် တရုတ်ရိုးရာအစားအစာနှင့် အစားအသောက်လုပ်ငန်းများကို ညွှန်းဆိုကြမည်ဖြစ်ပါသည်။

သို့ဆိုလျှင် ယင်း၏ပြယုဂ်အနေဖြင့်ဆိုရလျှင် မြို့တိုင်း၊ရွာတိုင်းတွင်ရှိသည့် အခြေခံစားသောက်ဆိုင်ဖြစ်သည့် လက်ဖက်ရည်ဆိုင်များမှအစပြုကာ လေ့လာကြည့်ကြရမည်ဖြစ်ပါသည်။ မြန်မာ့လက်ဖက်ရည်ဆိုင်များတွင် တရုတ်၊အိန္ဒိယအစားအစာများကို လွန်ခဲ့သောနှစ်များစွာကပင် တွေ့ခဲ့ရသလို တရုတ်အစားအစာဖြစ်သည့် အီကြာကွေး၊ပေါက်စီကိုမူ ဆိုင်တိုင်းနီးပါးတွင် တွေ့ရမည်ဖြစ်ပါသည်။ ထိုထက်ပိုသော တရုတ်အစားအစာ၏ တွင်ကျယ်မှုကိုကြည့်လျှင် စားသောက်ဆိုင်များတွင် ပီကင်းဘဲကင်မှအစပြုကာ တရုတ်ခေါက်ဆွဲကြော်၊ တရုတ်ထမင်းကြော်၊ ကုန်းဘောင်ကြီးကြော်၊ ဝက်ချိုချဉ်၊ဟော့ပေါ့၊ ဒင်းဆမ်း နှင့်တို့ဟူးအသုံးပြုခြင်းများကဲ့သို့  ရှိနေသည်ကို တွေ့ရမည် ဖြစ်ပါသည်။

“ဆိုင်ဖွင့်လာတဲ့ ဆယ်စုနှစ်မှာ ရောင်းတာက အီကြာကွေး၊နံပြားနဲ့စမူစာကနေ အစပြုခဲ့တာပေါ့။ တရုတ်၊ အိန္ဒိယအစားအစာတွေနဲ့ စခဲ့တာ။ နောက်ခုခေတ်စားလာတဲ့  ဟော့ပေါ့ ၊ဒင်းဆမ်း ထဲက ခုဆိုဒင်းဆမ်းကို ဆိုင်မှာ ရောင်းတယ် ။ ပုံမှန်ရှိနေတဲ့ တရုတ်ထမင်းကျော်၊ ခေါက်ဆွဲ ကြော် ကတော့ အသားကျပြီးသားတွေ ဖြစ်နေပြီ။” ဟု  တရုတ်အစားအစာသည် ပြည်တွင်းစားသောက်လုပ်ငန်း စုတွင် အသားကျနေမှုနှင့်တွင်ကျယ်လာမှုအပေါ် ရန် ကုန်မြို့တွင် ဆယ်စုနှစ်တစ်ခုကျော် လက်ဖက်ရည်ဆိုင် လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ဦးကျော်က ဆို သည်။

တရုတ်ရိုးရာအစားအစားနှင့်တရုတ်ပုံစံ အစားအစာများသည် မြန်မာနိုင်ငံတွင် ရာစုနှစ်များအကြာက တည်ရှိနေခဲ့သည်ဟု ဆိုကြသည်။ ထို့အတူ နိုင်ငံ၏ အချက်အပြုတ်ယဉ်ကျေးမှုတွင်လည်း မြန်မာ့အစားအစာ ဟင်းလျှာများနည်းတူ အရေးပါသော အစိတ်အပိုင်းတစ်ခု အဖြစ်ရှိလာခဲ့သည်ဟုလည်းဆိုကြသည်။ ထိုသို့အသားကျမှုတွင် အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီခေတ်တွင် ကုန်စည်ကူးသန်းခြင်း၊ ရွှေ့ပြောင်းနေထိုင်ခြင်းများနှင့်အတူ တရုတ်ရိုးရာနှင့် တရုတ်ပုံစံအငွေ့အသက်များ ပါဝင်သည့် အစားအစာများ ရှိနေခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

“ငယ်ငယ်ကတော့ တရုတ်အစားအစာက အများစုမြန်မာပြည်ဖွား တရုတ်လူမျိုးတွေရောင်းတာများတယ်။ တရုတ်တန်းမှာ ခေါက်ဆွဲကြော်ဆိုင် ၊ လက်ဖက်ရည်ဆိုင် ၊ပေါက်စီဆိုင် ပေါ့။ အခုကတော့ တရုတ်စားသောက်ဆိုင်ကြီးတွေမှာ ပီကင်းဘဲကင်တို့လို နာမည်ကြီးဟင်းလျာတွေရောင်းကြသလို ဒင်ဆမ်း၊ဟော့ပ်ပေါ့၊ ဆိုင်လေးတွေလည်း မြန်မာရော မြန်မာနိုင်ငံဖွားတရုတ်တွေရော ရောင်းနေကြတယ်။ စားသောက်ပုံ ကျယ်ပြန့်လာသလို လူကြိုက်များတယ်လို့လဲပြောလို့ရတယ်” ဟု ရန်ကုန်မြို့ လမ်းမတော်မြို့နယ်မှ အသက် ၆၀ ဝန်းကျင် အသက်ကြီးပိုင်းတစ်ဦးက ပြောသည်။

တရုတ်အစားအစာများ ပြည်တွင်းသို့ရောက်ရှိပျံ့နှံ့လာခြင်းမှသည် တရုတ်လူမျိုးတို့၏ သီးသန့်စားသောက်မှုပုံစံသည် တဖြည်းဖြည်း မြန်မာတို့နှင့် အသားကျလာခြင်းလည်းဖြစ်သည် ။ အခြားတစ်ဖက်တွင် နယ်နိမိတ်ချင်း နီးကပ်သော အိမ်နီးချင်းများအကြား ယဉ်ကျေးမှုဖလှယ်ခြင်း ၊  သမိုင်းဆိုင်ရာ ရင်းနှီးအကျွမ်းတဝင်ရှိမှုများနှင့်အတူ ယနေ့ခေတ်တွင်လည်း အသစ်သစ်သော ခေတ်စားလာသည့် အစားအစာများဖြင့်လည်း  လူကြိုက်များလျက် ယင်းအားအခြေပြုကာအလုပ်အကိုင်နှင့် အသက်မွေးမှုများ ၊ဝင်ငွေများကို ဖန်းတီးပေးလျှက်ရှိသည်ဟုလည်း ဆိုကြသည်။

“မြို့ကြီးတွေမှာတော့ အရင်က တရုတ်၊အိန္ဒိယ ၊ထိုင်းအစားအစာတွေကနေ အခုဆို ကိုရီးယား၊ ဂျပန်နဲ့ အနောက်တိုင်း အဲ့လို ပုံစံမျိုးစုံအကုန်ရှိနေတာပေါ့နော်။ ဒါပေမယ့် ရပ်ကွက်တိုင်းမှာ အများဆုံးရှိနေတာက ဆိုင်သေးသေး၊ကြီးကြီး၊ ဟိုတယ်၊အိမ်ဆိုင် ၊လမ်းဘေး ဘယ်မှာကြည့်ကြည့် တရုတ်အစားအစာက အများဆုံး ရှိပါတယ်။ ဒါက လုပ်ငန်းအနေနဲ့ဆို တပိုင်တနိုင်ကနေ အကြီးဆုံး ဟိုတယ်၊စားသောက်ကုန် လုပ်ငန်းတွေအထိ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရတယ်။ ဒါကိုလေ့လာရင် ဒီအစားအသောက်နယ်ပယ်မှာ တရုတ်အစားအစာရဲ့ ပြည်တွင်းမှာအရေးပါမှုက ပြောစရာမလိုတော့ဘူး။” ဟု တရုတ်အစားအစာသင်တန်း တက်ရောက်လျှက်ရှိသူ ကိုဇော်ထက်က ဆိုသည်။

တရုတ်အစားအစာ၏ ပြည်တွင်းနှစ်ခြိုက်မှုအနေဖြင့် အစားအသောက်သင်တန်းတချို့ ၏ အဆိုအရ သင်တန်းတက်ရောက်မှုများတွင် သင်တန်းသားများအနေဖြင့် ပြည်တွင်းအခြေပြု လုပ်ကိုင်ရန် မူလအစီအစဉ်ရှိသူများတွင် အများစုမှာတရုတ်အစားအစာ ချက်ပြုတ်ကြော်လှော်နည်းကို လေ့လာတက်ရောက်လေ့ရှိကြောင်း ဆိုကြပြီး ယင်းအချက်သည် တရုတ်အစားအစာ၏ ပြည်တွင်းတွင်ကျယ်မှု၊အသားကျမှုကို တစ်စိတ်တစ်ပိုင်း သိမြင်နိုင်သည်လည်းဖြစ်သည်။ အခြားတစ်ဖက်တွင် တရုတ်အစားအစာသည် မြန်မာ၏ဒေသပုံစံနှင့် ဒေသထွက်ပစ္စည်းများပေါ်မူတည်ကာ အသစ်သစ်သော အရသာနှင့် နည်းစနစ်များလည်း ဟန်တစ်မျိုးဖြင့် ရှိနေသည်။ ရန်ကုန်မြို့တွင် နာမည်ကြီးတရုတ်စားသောက်ဆိုင် ၁၅ ခုထက်မနည်းကို အင်တာနက်တွင် အလွယ်တကူရှာကြည့်နိုင်သလို လမ်းမကြီးများ၊ ရပ်ကွက်ဆိုင်များတွင်လည်း လွယ်လင့်တကူ မြည်းစမ်းနိုင်သည်လည်းဖြစ်သည်။ ယင်းသည် မြန်မာ - တရုတ် နှစ်နိုင်ငံကြားက နီးကပ်မှုတစ်ခုအဖြစ် မြင်ရမည်ဖြစ်ပြီး အစားအစာသည် အသက်မွေးဝမ်းကြောင်း ၊ စီးပွားရေးအပြင် နေထိုင်စားသောက်မှု သမိုင်းပုံပြင် ယဉ်ကျေးမှုမှ ရင်းနှီးသော ဆက်ဆံရေး၏ ပြယုဂ်အဖြစ်လည်း ဆိုကြပါသည်။

မိုးသား