【ဆောင်းပါး】စျေးနှုန်းတွေ … စျေးနှုန်းတွေ

【ဆောင်းပါး】စျေးနှုန်းတွေ … စျေးနှုန်းတွေ

တစ်ပတ်လောက် မရောက်တာကြာသည့် လဖက်ရည်ဆိုင်က ထုံးစံအတိုင်း စျေးသည်တွေ၊ စျေးဝယ်တွေ နှင့် ။ လဘက်ရည်ဆိုင်ရှေ့က ဆိုင်ပေါ် ခွေးတက်အိပ်နေသဖြင့် ထီးဖြင့် မောင်းချခဲ့ရသေးသည်။ လဘက်ရည်ဆိုင်ရှေ့ ဗာဒံပင်က နွေဦးရာသီရောက်သဖြင့် အရွက်တွေ ဝါဝါနီနီဖြစ်ကာ ကြွေကျနေပြီ။ ခူများတစ်ခါတစ်ရံ ကျတတ်သော်လည်း ယခုနှစ်တွင် ပူလို့ထင်သည်ခူများမစား ပုရွက်နီတွေ အပင်ပေါ်တက်နေကျသည်။  ကျနော်ကတော့ ဒီလို ဗာဒံရိပ်အောက်က လဘက်ရည်ဆိုင်မှာထိုင်ရတာကို နှစ်သက်သည်။ နှင်းဆီဆေးပေါလိပ်လေးဖွာလိုက်၊ လဖက်ရည်ကျကျတစ်ခွက်လောက် မော့လိုက်နှင့်ဆို ဘ၀ကို ခဏတာ အမောဖြေဖို့ လုံလောက်သည်။

သို့သော် အရာရာသည် ကိုယ်ထင်သလို ဖြစ်သည်တော့မဟုတ်။ ကျနော်မလာသည့်ရက်တွင် လဘက်ရည်ဆိုင်မှာ စားပွဲထိုးပြောင်းသွားသည်။အဖျော်ဆရာပြောင်းသွားသည်။ ထိုင်ခုံတွေက ယခင်အတိုင်း၊အခင်း အကျင်းကယခင်အတိုင်း။သို့သော် လဖက်ရည်ဆိုင်ရှိတစ်ခုတည်းသော ၀ှိုက်ဘုတ်ရှိ မှင်ဖြင့်ရေးထားသည့်စျေးနှုန်းတွေမှာ ကော်ရက်ရှင်းပန်န်နှင့်ဖျက်ထားသည်။ လဖက်ရည်ဆိုင်ကောင်တာတွင် ထိုင်နေသည့် ဆိုင်ရှင်အညာသားက  ကျနော်အား ဘာမှာမလဲဟု စားပွဲထိုးအသစ်က မေးမည်ပြုစဉ် လှမ်းအော်သည်။

“ဟေ့ကောင် လှမ်းမေးမနေနဲ့ အဲ့ဒီဆရာကြီးက  ပေါ့ကျ၊”

ဘေး၀ိုင်းကလူတွေက  ပျောက်လှချည်လားဟု မေးသဖြင့် သိတဲ့အတိုင်းဟုပြောရင်း အသိရှိနေသည့်၀ိုင်းတွင် ဝင်ထိုင်သည်။ လာချပေးသော လဖက်ရည်ကို သောက်ရင်း  အဖျော်ဆရာပြောင်းသွားသည့်ကိစ္စကို မေးမိသည်။ အဖျော်ဆရာက ဆိုင်ရှင်အညာသားပေးသည့်လစာမကိုက်သဖြင့် တိုးတောင်းရာမှာ စကားများပြီး အလုပ်ထွက်သွားသည်ဆိုသည်။ စားပွဲထိုးတွေကလည်း အဖျော်ဆရာနှင့် ဆွေမျိုးမကင်းသဖြင့် ပါသွားသည်ဟုဆိုသည်။ ထို့ ကြောင့်ဆိုင်မှာ ကြည့်ရတာ တစ်ခုခုလိုနေသလို။ ယခင်ကဆို စားပွဲထိုးတွေက ကျနော်တို့ထိုင်နေသည့်အခါ ၀ိုင်းနားဝေ့လည်လည်လာထိုင်ကာ စကားနားထောင်ရင် နားထောင်၊နားမထောင်ရင် နှစ်လုံးဂဏန်းတွက်သူနှင့် ဘာဂဏန်းကောင်းသလဲမေးရင် မေး၊ ဒါမှမဟုတ်စနေတနင်္ဂနွေဆိုပါက ဘောလုံးလောင်းဖို့ ငြင်းကြခုံကြနှင့်။

တကယ်တော့ ဒီအရပ်မှာ လဘက်ရည်ဆိုင်ဆိုသည်က ဓမ္မာရုံနှင့် မခြားနား။  လူစုပြီးစကားပြောလို့ရသလို ချိန်းကြဆုံကြသည့်နေရာ၊ အိမ်မှာ ပြဿနာတက်နေပါက စတေးလာရှောင်ကြသည့်နေရာ။ ဒီတော့ ပိုက်ဆံမပါလည်း အကြွေးထားခဲ့လို့ရသည်။ ယခုတော့ ပုံစံကတစ်မျိုးဖြစ်နေသည်။ လဘက်ရည်ဆိုင်မှာ ယခင်လို လှိုက်လှိုက်လှဲလှဲဆိုတဲ့ စိတ်ခံစားမှု ပျောက်နေသည်။ လူဟောင်းတွေမရှိခြင်းကြောင့်လား၊ ဆိုင်ရှင်အညာသား၏ ‌လူသစ် နှင့် ပုံစံတွေ ပြောင်းနေလို့လေလား။

ဒီတော့ ဘေး၀ိုင်းက လဘက်ရည်ဖိုးရှင်းသည့်အခါ ကျနော် သတိထား ကြည့်မိသည်။ ဘာကြောင့်ဆို ဒီ ရက်ပိုင်း စျေးတွေတက်သည်က အဆမတန်။ ဒီတော့ လဘက်ရည်ဆိုင်က စျေးနှုန်း၀ှိုက်ဘုတ်ကိုလည်း ဖျက်ထားသည်။ သည်တော့ စျေးတွေ ဘယ်လောက်တောင် ဖြစ်ကုန်ပြီလဲ။ ဘယ်လောက်တောင် ယူသလဲဟုသိချင်သည်။

ဆိုင်သောက်က ရှယ်တစ်ထောင် ၊ ရိုးရိုး ရှစ်ရာ ၊ပလိန်းက ခြောက်ရာ။ ဆေးလိပ်က နှစ်လိပ် ငါးရာ။ တစ်လိပ်ဘဲ ယူရင် သုံးရာ။  ဒီတော့ ရှယ် နှစ်ခွက် ၊ပလိန်းတစ်ခွက်၊ဆေးလိပ်တစ်ပွဲ သုံးထောင်-ဆရာရေ- ငါး ထောင် နှစ်ထောင် ပြန်အမ်း”

စားပွဲထိုး ငွေယူရင်းအမ်းရင်း အော်သည့်စျေးနှုန်းကို ကြားမိသည့်အခါ ဆေးလိပ်ဗူးကိုင်မည့်လက်တောင် ပြန်ရုတ်မိသည်။ ကိုယ်အိမ်ကနေ ယူလာတာ တစ်ထောင်တန်။ ဒါတောင် အိမ်သူက သိပ်မကြည်လင်။ စျေးဖိုးက တစ်ရက်ငါးထောင်ကို လောက်အောင် သုံးနေရသည့်ယခုအခါမှာ ကိုယ်က မနက်ပိုင်း တစ်ထောင်သုံးသဖြင့် သိပ်ကြိုက်သည့်ပုံမပေါ် ။ဒါအပြင် ဟိုရက်ကလည်း  ဆေးခန်းသွားတာ သုံးထောင့်ငါးရာဖြင့် နှစ်ရက်ထိသွားသဖြင့် ဒီလအသုံးက ချွေတာနေရမည့်အနေအထား။ နာလံထမို့မတားသော်လည်း လဘက်ရည်ဆိုင်သွားတာ မတားပေမယ့် ဘတ်ဂျက်အရ မျက်နှာသိပ်မကောင်း ။

လဘက်ရည်စျေးနှုန်းတွေ စားပွဲထိုးအော်ပြီးနောက် ဆိုင်ရှင် အညာသား ကျနော်တို့၀ိုင်းသို့ရောက်လာသည်။ ယခင်ကတည်းက လူရှင်းလျှင် ကျနော်တို့၀ိုင်းမှာ လာစကားပြောနေကျ။  ယခု လာထိုင်ရင်း စျေးတွေ တက်တာ ငြီးသည်။ လဖက်အချိုခြောက်စျေးက ဘယ်လောက်၊ ချက်နို့ဆီက ဘယ်လောက်၊ နို့ဆီဗူးတွေက ဘယ်လောက်ဆိုတာတွေနှင့်။ဒီကြားထဲ ဝန်ထမ်းလစာ၊ ဝန်ထမ်းစားသောက်စရိတ်။

တကယ်ကတော့ စျေးတက်ရခြင်းအတွက် ပြောချင်သည့် အခြေခံအကြောင်းရင်းများပင်။ သို့သော် သူ ပြောသည်ထဲမှ တစ်ခုကတော့ စိတ်ထဲ ဖျောက်မရ။ အခုထိ စျေးနှုန်းကို အတည်ရေးလို့ မရသေးဘူး။ ထပ် တက်ရင် စျေးထပ်ပြင်ရဦးမှာ။ ဒါကြောင့် ၀ှိုက်ဘုတ်မှာ စျေးမရေးသေးတာ ဆိုသည့်စကားပင်။ တကယ်ပင် အခြေအနေတွေက ဒီလို။

ဆိုင်ရှင်စကားကြားတော့ ဘေး၀ိုင်းက ကြက်သားသည်ကလည်း စျေးရောင်းမကောင်းကြောင်း၊ အမဲသား သည်နှင့် ဝက်သား၊ဆိတ်သားသည်တွေလဲ ဒီအတိုင်းဖြစ်ကြောင်း၊ တစ်ခုဘဲ ..ကုန်စိမ်းကတော့ စျေးတက်သော်လည်း အဝယ်လိုက်နေသဖြင့် အရင်းနည်းသည့် ကုန်စိမ်းပြောင်းရောင်းရမလို ဖြစ်နေကြောင်း ။ ဒီလိုဆိုတော့ ၀ိုင်းထဲမှာထိုင်နေသည့် အသိဖြစ်သူက တစ်စျေးလုံး ကုန်စိမ်းသည်တွေ ဖြစ်နေပြီဟု ။

ကျနော် သူတို့ပြောနေသည်ကို နားထောင်ရင်း အသက်ရှုကျပ်လာသည်။ ကျနော် မိတ်ဆွေကြီး ကားသမားသာရှိလျှင် ဆီစျေးတက်တာတွေ၊ ဂတ်စ်ဆိုတာတွေ သူငြီးတာနှင့်  ပိုအသက်ရှုကျပ်မည် ထင်သည်။ ယခုတော့ ဂတ်စ်ထည့်ဖို့အတွက် မနက်ကတည်းက ဆိုင်သွားတန်းစီရသဖြင့် သူယခုမရှိ။ ယခုတော့ ကျနော်စိတ်ထဲ တွေးမိတာ ဝင်ငွေ တစ်သိန်းခွဲ နှစ်သိန်းသာရှိသည့် ကျနော်တို့လို့ ဝင်ငွေနည်းသူတွေ နောင်ဆို လဖက်ရည်ဆိုင်ထိုင်ဖို့ မလွယ်တော့မည့် အရေးကိုပင်။ ဒီထက်ဆိုးတာ စားမှုသောက်မှုနေမှုထိုင်မှု။

ဪ….. ဘ၀ဆိုတာ ၀ှိုက်ဘုတ်မှာရေးထားသလို ဖျက်လို့များရခဲ့ရင် ကောင်းလေစွဟု..။ အဲလိုသာ ဖျက်လို့များ ဖျက်လို့ရခဲ့ရင် ကိုယ့်ဘ၀ကိုယ် အားရပါးရသာ ဖျက်လိုက်ချင်တော့သည်။

ကျပ်တည်းလှသည့် ယခုဘ၀ လူဖြစ်နေရသည်ကို…။

သန့်စင်(DA)