【ဆောင်းပါး】ချစ်ကြည်ရင်းနှီးမှုကိုပြသခဲ့သည့် မာရသွန်ပွဲ

【ဆောင်းပါး】ချစ်ကြည်ရင်းနှီးမှုကိုပြသခဲ့သည့် မာရသွန်ပွဲ

ပြက္ခဒိန်တစ်ခု၏ ရက်ကာလအပြောင်းအလဲများနှင့်အတူ ခရစ်သက္ကရာဇ်များ ကူးပြောင်းမှုများကြား ပြီးခဲ့သော ရက်ပိုင်းက မာရသွန်ပြိုင်ပွဲတစ်ခု ကျင်းပသွားခဲ့ကြသည်ကို မီဒီယာအများအပြား၌ ဖော်ပြလာခဲ့သည်။

ထိုပြိုင်ပွဲကား ထူးခြားလှသည့်ပြိုင်ပွဲတစ်ခုလည်းဖြစ်သလို တရုတ်-မြန်မာ၊ ရွှေလီ-မူဆယ် နယ်စပ်မာရသွန်ပြိုင်ပွဲလည်း ဖြစ်သည်။ ယင်းပြိုင်ပွဲမှာ ယခင်နှစ်များက ပြုလုပ်နိုင်ခြင်းမရှိဘဲ ပြိုင်ပွဲဝင်မည့်သူများ အတွက် လေးနှစ်ကြာလောက် စောင့်ဆိုင်းယှဉ်ပြိုင်ခဲ့ရသည့် ပြိုင်ပွဲလည်းဖြစ်ခဲ့သည်။

ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမား ၇၆၀၀ တို့မှာ ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက ရွှေလီမြစ်ကမ်း၌ စုစည်းကြပြီး နှစ်သစ်ဖြစ်သည့် ၂၀၂၄ ခုနှစ်ကို အတူကြိုဆိုကြရင်း ပြိုင်ပွဲ၌နွှဲပျော်ခဲ့ကြခြင်းလည်းဖြစ်သည်။

အဆိုပါ မာရသွန်ပြိုင်ပွဲမှာ ၂၀၁၆ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်က ကျင်းပပြီးနောက် ရပ်နားကာ ယခုပြန်လည်ကျင်းပနိုင်ခြင်းလည်း ဖြစ်သည်။ ယင်း ၂၀၁၉ ခုနှစ်ကလည်း မြန်မာ၊ တရုတ်၊ ကင်ညာ၊ ဂျာမနီ အစရှိသည့် နိုင်ငံများမှ အားကစားသမားများအပါအဝင် အခြားသော နိုင်ငံပေါင်း(၃၃)နိုင်ငံတို့မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ယခုကျင်းပသည့် ပြိုင်ပွဲတွင်လည်း မြန်မာ၊ တရုတ်၊ ဂျပန်၊ ကနေဒါနှင့် အခြားသောနိုင်ငံများမှ ပါဝင်ကြသလို မြန်မာနိုင်ငံမှ အားကစားသမား ၇၀၀ ကျော်ပါဝင်ခဲ့သည်။ ဂျပန်နှင့် ကနေဒါတို့မှ လက်ရွေးစင်အားကစားသမားများလည်း ပါဝင်ကာ လူပေါင်းသောင်းကျော်ဆင်နွှဲခဲ့ကြသည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်ခဲ့သည်။

အားကစားကဏ္ဍကို အပြန်အလှန်ဖလှယ်ပြီး ပိုမိုတိုးတက်လာစေရန်၊ တရုတ်- မြန်မာ ရိုးရာဓလေ့ထုံးစံများ ပိုမိုရင်းနှီးလာစေရန်၊ တရုတ်- မြန်မာ ကုန်စည်ကူးသန်းသွားလာရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန်၊ နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုကို ပိုမိုတွန်းအားပေးစေရန် စသော ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ကျင်းပလာခဲ့သည့် ပြိုင်ပွဲတစ်ခုလည်း ဖြစ်သည်။

မာရသွန်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် အကျိုးကျေးဇူးများစွာလည်း ရှိစေခဲ့သည်။ မာရသွန်ပြေးခြင်းဖြင့် နှလုံးအားကောင်းစေပြီး သွေးလည်ပတ်မှုကောင်းမွန်စေကာ နှလုံးသွေးကြောကျန်းမာရေးကို မြှင့်တင်အထောက်အကူပေးနိုင်သည့် အကောင်းဆုံးသော လေ့ကျင့်ခန်း တစ်ခုလည်း ဖြစ်သည်။ မာရသွန်ပြေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ကယ်လိုရီများစွာကို လောင်ကျွမ်းစေကာ ကျန်းမာသော အခြေအနေကို ဖြစ်စေသလို ကိုယ်အလေးချိန်ထိန်းသိမ်းရာတွင် အထောက်အကူပြုစေခဲ့သည်။

ထို့အပြင် ခံနိုင်ရည်ရှိကာ သက်လုံကောင်းစေပြီး ခန္ဓာကိုယ်ပိုင်း ကျန်းမာကြံ့ခိုင်၍ စိတ်ဓာတ်ပိုင်းဆိုင်ရာ၌လည်း ကြံ့ခိုင်မှုကို ဖြစ်စေခဲ့သည်။ စိတ်ဖိစီးမှုကိုဖြစ်စေသော အခြေအနေကို လျှော့ချပေးပြီး သဘာဝအတိုင်း စိတ်ဓာတ်မြှင့်တင်ပေးသည့် အင်ဒိုဖင်းများကို ထုတ်လွှတ်ခြင်းဖြင့် အကျိုးဖြစ်စေခဲ့သည်။ စိတ်တူကိုယ်တူရှိသော အသိုက်အဝန်းကိုဖန်တီးကာ တစ်ဦးနှင့် တစ်ဦး စည်းလုံးညီညွတ်မှုအပါအဝင် ကျန်းမာ ရေးကိုစောင့်ရှောက်တတ်စေသော အလေ့အကျင့်ကောင်းများကို ဖန်တီးပေးစွမ်းနိုင်သည့် အခြေအနေများလည်းရှိစေခဲ့သည်။

ပန်းတိုင်ဆီသို့ ရောက်အောင်ကြိုးပမ်းကြရင်း မိမိကိုယ်ကိုယုံကြည်မှု၊ ဇွဲရှိမှုများဖြစ်စေကာ အာရုံခံစားမှုအပိုင်းတွင်လည်း စုစည်းနိုင်သည့် အခြေအနေမျိုးဖြစ်စေပြီး ပြိုင်ပွဲမဝင်မီ ပန်းတိုင်ဆီသို့ ရောက်အောင် လုပ်ဆောင်ရမည့် စိတ်ဓာတ်များကြောင့် လုံလောက်သော အိပ်စက်ခြင်း၊ အာဟာရပြည့်၀ကာ အာဟာရမျှတအောင် စားသောက်တတ်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ခြင်း အစရှိသည်ဖြင့် လုပ်ဆောင်ကြရသည့်အတွက်ကြောင့်လည်း ခန္ဓာကိုယ်ကျန်းမာရေးကို စောင့်ရှောက်ပေးသလို ဖြစ်စေခဲ့သည်။

စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းလုပ်ဆောင်သည့် စနစ်များကို ထိခိုက်ယိုယွင်းစေကာ အစာအိမ်အပါအဝင် ကိုယ်တွင်းကလီစာ ပစ္စည်းများနှင့်ပတ်သက်သည့် ရောဂါများကိုဖြစ်ပွားစေခြင်းကြောင့် စိတ်ပညာဆိုင်ရာ ဆရာဝန်များက စိတ်ဖီစီးမှုကို လျှော့ချရန် နည်းလမ်းများကို ညွှန်းဆိုသည့်အခါ လေ့ကျင့်ခန်းများပြုလုပ်ရန် တွန်းအားပေးလေ့ရှိတတ်ကြသည်။ ထိုသို့သော စိတ်ဖိစီးမှုလျှော့ချစေသည့် လေ့ကျင့်ခန်းများတွင် မာရသွန်ပြေးခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သလို ကိုယ်ခံအားစနစ်ကိုပါ ကောင်းမွန်စေပြီး ပြင်ပမှရောဂါလွယ်လွယ်မဝင်နိုင်ခြင်း၊ ဖျားနာမှု မဖြစ်အောင် လျှော့ချနိုင်ခြင်း စသည်ဖြင့် အကျိုးကျေးဇူးများစွာလည်း ဖြစ်စေခဲ့သည်။

ထို့ကြောင့်ပင် အချို့သောသူများမှာ ပြိုင်ပွဲအတွင်းမပါဝင်ဖြစ်သော်လည်း ပုံမှန်အတိုင်း နေ့စဉ်မှန်မှန်ပြေးခြင်း၊ လမ်းလျှောက်ခြင်းတို့ဖြင့် နှလုံး၊ အဆုတ်အပါအဝင် သွေးလည်ပတ်မှုများလည်း အားကောင်းစေရန် လုပ်ဆောင်ကာ စိတ်ဖိစီးမှုလျှော့ချ၍ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန် လုပ်ဆောင်လာလျက်ရှိကြသည်။

ပြိုင်ပွဲမှာ တရုတ်နိုင်ငံ၊ ရွှေလီမြို့၊ နောင်မောဟုပန်းခြံမှ စတင်တာလွှတ်ပြီး ယခင်က နှစ်နိုင်ငံ နယ်စပ်ဂိတ် (နန်းတော်ဂိတ်)မှ မြန်မာနိုင်ငံ၊ မူဆယ်မြို့အတွင်း ဝင်ရောက်၍ မူဆယ်မြို့၊ နှစ်နိုင်ငံနယ်စပ်ဂိတ်(ဆင်ဖြူဂိတ်) မှ ရွှေလီမြို့သို့ ပြန်ထွက်ကာ နောင်မောဟုပန်းခြံတွင် ပြန်လည်ပန်းဝင်ကြလေ့ရှိသော်လည်း ပြန်လည်ကျင်းပခဲ့သည့် ယခုနှစ်တွင်မူ အခြေအနေများအရ ရွှေလီမြို့တစ်ဝိုက်တွင် လုပ်ဆောင်ကြခြင်းလည်းဖြစ်သည်။

ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲဟူ၍ သတ်မှတ်ကာ တာဝေး၊ တာလတ်၊ တာတို၊ အပျော်တမ်း စသည်ဖြင့် ကျင်းပခဲ့ကြပြီး ဆုကြေးငွေများကိုလည်း ထိုက်တန်စွာပေးအပ်ချီးမြှင့်ခဲ့ကြရာ ပြိုင်ပွဲဝင်များအတွက် ပျော်ရွှင်ဖွယ်ရာလည်း ဖြစ်စေခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်သူများအနေဖြင့်လည်း မြင်တွေ့ရန်ခက်ခဲလှသည့် သာယာလှပသော သဘာ၀ရှုခင်းအလှအပများကို ခံစားနိုင်ပြီး ဒေသန္တရယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို သိမြင်ခံစားနိုင်စွမ်းလည်းရှိကြသည်။

ရိုးရာဓလေ့ထုံးတမ်းများနှင့် ဒေသန္တရယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထားတတ်လာစေပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အထောက်အကူများပြုစေနိုင်သလို ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာစေရန် အခြေအနေကောင်းများ ဖန်တီးနိုင်မည့် အခြေအနေမျိုးကို ဖြစ်လာစေခဲ့သည်။

ပြိုင်ပွဲဝင်များအချင်းချင်း အပါအဝင် ပြိုင်ပွဲအတွင်းသို့ မတူညီသော နေရာဒေသအများအပြားမှ ဒေသခံ အားကစားသမားများ၊ အားကစားဝါသနာပါသူများနှင့် တွေ့ဆုံမိတ်ဖွဲ့၍ အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုများ ရစေနိုင်ခဲ့သည်။

ထို့ကြောင့်ပင် အဆိုပါမာရသွန်ပြိုင်ပွဲသည် သာမန်အပြေးပြိုင်ပွဲများကဲ့သို့ မဟုတ်ဘဲ ထူးခြားသော ပြိုင်ပွဲမျိုးလည်းဖြစ်သလို နှစ်နိုင်ငံပြည်သူများအချင်းချင်း အပါအဝင် ပြိုင်ပွဲဝင်သူများကြား၌ ချစ်ကြည်ရင်းနှီးမှုကို တွန်းအားဖြစ်စေခဲ့ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို တိုးတက်ခိုင်မာစေရန် အထောက်အကူများ ဖြစ်စေခဲ့ကြောင်းကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်