【ဆောင်းပါး】ကျေးဇူးတရားခါးသလား

【ဆောင်းပါး】ကျေးဇူးတရားခါးသလား 

လူ့ဘဝကို ကျေးဇူးတရားနှင့်စတင်ခဲ့သည်ဟုပြောလျှင်မမှားနိုင်ပါ။ ဟုတ်ပါသည် ဘဝတစ်ခုကို စတင်သည်နှင့်မိမိကိုမွေးဖွားသန့်စင်ပေးခဲ့သည့် အမေနှင့်အဖေကို ကျေးဇူးတင်ရပါပြီ။ ထို့ကြောင့် လည်း မြင်းမိုရ် တောင်ဦးမကကျူးသည့် 'ကျေးဇူးကြီးလှ မိနှင့်ဘ' ဟုဆိုခဲ့ခြင်းဖြစ်သည်။

တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုသလို မိမိကိုထမင်းတစ်လုတ်ကျွေးဖူးသူကို မိမိ၏ကျေးဇူးရှင် အဖြစ်သတ်မှတ်ကြပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရေမြေတွေဘယ်လိုခြားပြီး ယဥ်ကျေးမှုတွေ ဘာသာအယူဝါဒတွေ ဘယ်လို ခြားနားနေသော်လည်း ကျေးဇူးတရားကိုအသိအမှတ်ပြုတတ်သည့်စိတ်သဘောထားကတော့ အများအားဖြင့် တူညီနေတာတွေ့ရပါသည်။

လူမဆိုထားနှင့် လူလိုအသိမရှိသောတိရစ္ဆာန်များသည်ပင် ကျေးဇူးတရားကို သိတတ်ကြသည်။ သူတို့ကို အစာကျွေးသည့်သူ၊ သူတို့ကိုမွေးမြူစောင့်ရှောက်သည့်သူများအပေါ် သူတို့ကလည်း ပြန်ချစ်တတ်တာကိုတွေ့ရ သည်။ သူတို့တတ်နိုင်သည့်ဘက်မှ ကျေးဇူးရှင်ကိုအကာအကွယ်ပေးကြ သည်။ လူတွေလိုနှုတ်မှဖွင့်ဟ၍ မပြော နိုင်သော်လည်း သူတို့စိတ်ထဲမှာ ကျေးဇူးတရားကို အသိအ မှတ်ပြုထားတာ လိုအပ်လျှင်ကျေးဇူးပြန်ဆပ်တတ်တာ ကို တွေ့မြင်နေရပါသည်။

 လူတော်တော်များများသည် နေပူပူတွင်လျှောက်လှမ်းလာရင်း သစ်ပင်တစ်ပင်၏အရိပ်မှာ ခိုနားဖူးကြပါသည်။ ထိုအခါပင်ပန်းနွမ်းနယ်သမျှတွေ ကင်းစင်လွင့်ပျောက်ကာ စိတ်ချမ်းသာကြရပါသည်။ ထိုအခါ သစ်ပင်ကို ကျေးဇူးတင်ကြသည်။ ထို့ကြောင့်ကျေးဇူးရှင်သစ်ပင်၏ အကိုင်းအခက်များကို မချိုးမခုတ်ရန်သတိထားကြသည်။ သတိပေးကြသည်။ ကျေးဇူးရှင်ကိုပြစ်မှားသူများကို အရိပ်နေနေ အခက်ချိုးချိုးတော့ မလုပ်ပါနှင့်ဟုပင် သတိပေး ဆုံးမတတ်ကြသည်။

မြတ်စွာဘုရား၏လက်ယာရံအဂ္ဂသာဝက ရှင်သာရိပုတ္တရာမထေရ်သည် မိမိကိုဆွမ်း တစ်ဇွန်းစာ လောင်းလှူဖူးသောပုဏ္ဏားအိုကြီး စားရမဲ့သောက်ရမဲ့ကူညီမည့်သူမရှိဘဲ ဒုက္ခရောက်နေချိန်တွင် ကျေးဇူးဆပ်သည့်အနေ နှင့် သင်္ကန်းလှူကာ သူကိုယ်တိုင် ရဟန်းဝတ်ပေးလိုက်သည်။ ထိုပုဏ္ဏားရဟန်းအိုကြီးသည် မကြာမီမှာပင် ရဟန္တာ ဖြစ်သွားခဲ့သည်။

သူ့ကျေးဇူးကို အလေးထားသောသူသည် မိမိ၏ကျေးဇူးရှင်သည် မိမိထက်ငယ်သည်ဖြစ်စေ မိမိထက်ဆင်းရဲသည်ဖြစ်စေ မိမိထက်အဆင့်အတန်းနိမ့်သည်ဖြစ်စေ နောက်ဆုံးမိမိ၏ရန်သူဖြစ်စေ ထိုကျေးဇူးရှင်အပေါ်  မည်သို့မျှအထင်သေးစိတ် မနာလိုစိတ် အမုန်းထားစိတ်များမရှိဘဲ သူ့ကျေး ဇူးကိုတတ်နိုင်သမျှပြန်ဆပ်ပါသည်။

ပင်းယခေတ်မှ ငါးစီးရှင်ကျော်စွာ၏သူရဲကောင်းငခင်ညိုသည် သူ့သခင်စေခိုင်းသည့်အတိုင်း စစ်ကိုင်းဘုရင် အသင်္ခယာစောယွမ်းကို သတ်ရန်သွားရင်း ရန်သူဘုရင်၏နတ်ကွန်းမှာပူဇော်ထားသည့် ထမင်းနှင့်ဟင်းကို တွေ့ရသောအခါ ဗိုက်ဆာလာတာနှင့်အတော်ဖြစ်ကာ အားပါးတရစားခဲ့မိသောကြောင့် အိပ်ပျော်နေသောရန်သူ ဘုရင့်ကိုသတ်ရန်ဓားနှင့်ချိန်လိုက်ချိန်မှာ သူ့အသိထဲ ကျေးဇူးတရားဆိုတာဝင်လာလေသည်။

သူသတ်တော့မည့်ဘုရင်စောယွမ်း၏ထမင်းက သူ့လည်ချောင်းထဲ သူ့ဝမ်းဗိုက်ထဲဝင်ထားပြီးနေပြီ။ တာဝန်မကျေသည့်အတွက် သူ့သခင်ကသူ့ကိုသတ်ချင်သတ်စေတော့ ကျေးဇူးရှင်ကို ပြစ်မှားခြင်းအမှုကိုတော့ သူမပြုဟု စိတ်ပိုင်းဖြတ်ကာ သူရောက်ခဲ့သည့်သက်သေအဖြစ် ဘုရင်စောယွမ်း၏ကျောက်စီဓားကိုသာ ယူပြီးပြန်ခဲ့လေသည်။ သူ့သခင်ဘုရင်ကျော်စွာကလည်း သူ့ကိုအပြစ်မတင်ဘဲ ထမင်းတစ်ပန်းကန်၏ ကျေးဇူးကိုပင်သိသောသူ အဖြစ်ဆုလာဘ်များချီးမြှင့်ခဲ့သည်။

တစ်စုံတစ်ယောက်ကြောင့် မိမိမှာကောင်းကျိုးတစ်ခုရသည်ဆိုလျှင် ထိုသူကိုကျေးဇူးတင်ရတော့မှာပါ။ ကျေးဇူးမဆပ်ဖြစ်သည့်တိုင်၊ ကျေးဇူးမဆပ်နိုင်သည့်တိုင်၊ ကျေးဇူးမဆပ်ချင်သည့်တိုင် အသိအမှတ်မပြု၍မရပါ။ အသိအမှတ်ပြုကိုပြုဖြစ်ကြပါသည်။ ကျေးဇူးရှင်ဟုသိနေစိတ်ကို မသိသလိုလုပ်နေသည်ဆိုလျှင်တော့ မိမိ၏ အတ္တလောဘစိတ်ကြောင့်သာပင်ဖြစ်ပါမည်။

ထိုအတ္တလောဘစိတ်ကို အသိဉာဏ်ဖြင့် အချိန်မီထိန်းချုပ်ရပါမည်။ မထိန်းချုပ်ဘဲ လွှတ်ထားလိုက်လျှင် ထိုအတ္တလောဘစိတ်က ကြီးသည်ထက်ကြီးလာပြီး ကျေးဇူးရှင်ကိုကျေးဇူးရှင်ဟု မမြင်နိုင်တော့သည့်အပြင် ကျေးဇူးရှင်ကို ဒုက္ခပင်ပြန်ပေးတတ်ပါသည်။ ထိုအခါ မိမိသည် ကျေးဇူးမသိတတ်သူသာမဟုတ်တော့ဘဲ ကျေးဇူးကန်းသူ ဖြစ်သွားပါပြီ။

ငါးရာ့ငါးဆယ်လာ သီလဝနာဂရာဇဇာတ်မှ ကျေးဇူးရှင်အပေါ်  ကျေးဇူးကန်းခဲ့သော ဒေဝဒတ်လောင်းမုဆိုး၏ ဆင်ခြင်ဉာဏ်ကင်းမဲ့သည့် တစ်ကိုယ်ကောင်းစိတ်ကို မြင်ယောင်သည်။

တစ်ခါသော် ဒေဝဒတ်လောင်းမုဆိုးသည် ဟိမဝန္တာတောထဲဝင်၍ သားကောင်လိုက်ပစ်ခတ်ရင်း မျက်စိလည်ကာ တောထဲမှပြန်မထွက်နိုင်တော့ပေ။ အချိန်ကလည်းလင့် တောကလည်း နက်သည်ထက်နက်လာသောအခါ မုဆိုးလည်းကြောက်လန့်ပြီး အော်ဟစ်ငိုယိုနေမိသည်။

မုဆိုး၏ငိုသံကိုကြားမိသော ဘုရားလောင်းသီလဝဆင်မင်းသည် အသံလာရာသို့လိုက်ရှာရင်း မုဆိုးကို တွေ့သွား၍ အကျိုးအကြောင်းသိရသောအခါ အားပေးစကားပြောပြီး သစ်သီးများ ကျွေးကာမုဆိုးကို သူ့ကျောထက်မှ ထိုင်စီးစေပြီး တောအုပ်မှထွက်သည်အထိ လိုက်ပို့ပေးသည်။ တောစပ်သို့ရောက်သောအခါ သူ့နေရာကို တခြားဘယ်သူ့ကိုမှ မပြောပြရန်မှာလိုက်သည်။

မုဆိုးသည် နေရပ်သို့ပြန်ရောက်သောအခါ ဆင်စွယ်အလိုရှိသော ကုန်သည်များနှင့် ဆက်သွယ်ပြီး စျေးစကားပြောသည်။ ထို့နောက် ဆင်မင်း၏အစွယ်ကိုယူရန်အတွက် ဆင်မင်းရှိရာသို့ ထွက်လာခဲ့သည်။ ဆင်မင်းနှင့်တွေ့သောအခါ မုဆိုးက သူ့ဘဝ၏ချို့တဲ့ပြီး မိသားစုတစ်စုလုံးကို သူတစ်ယောက်တည်း လုပ်ကိုင်ကျွေးမွေးရပုံကို သနားစဖွယ် လိမ်လည်ပြောဆိုကာ ဆင်စွယ်အဖျားလေးနည်းနည်းလောက် သနားသဖြင့်လှူဒါန်းပါရန် အကူအညီတောင်းခံသည်။ ဆင်မင်း၏ခွင့်ပြုချက်ကိုရရှိသောအခါ မုဆိုးလည်း အသင့်ယူဆောင်သွားသောလွှကိုထုတ်၍ ဆင်စွယ်အဖျားပိုင်းနှစ်ခုကို ဖြတ်ယူပြီး ကုန်သည်များထံသို့ အပြေးအလွှား သွားရောက်ရောင်းချလေသည်။

အစရှိအနောင်နောင်ဆိုသကဲ့သို့ တစ်ကိုယ်ကောင်းသမားမုဆိုးသည် ဆင်မင်းထံသို့ ဒုတိယအကြိမ် ရောက်လာကာ အစွယ်အလယ်ပိုင်းကိုဖြတ်ယူပြီးပြန်သွားသည်။ မကြာမီမှာပင် တတိယအကြိမ်ရောက်လာကာ ဆင်မင်း၏နောက်ဆုံးလက်ကျန် အစွယ်အရင်းပိုင်းကို တောင်းခံပြီး ရက်ရက်စက်စက်ဖြတ်ယူ၍ သွေးချောင်းစီးနေသည့်ကြားက ဝေဒနာခံစားနေရသည့်ဆင်မင်းကို တစ်ချက်ပြန်လှည့်မကြည့်ဘဲ ဆင်စွယ်အရင်းနှစ်ခုကိုယူကာ အားရဝမ်းသာပြန်သွားသည်။

တရားသိ၍ စေတနာကောင်းသော ဆင်မင်းက သည်းခံသော်လည်း အမှန်တရားက ဆက်၍ သည်းမခံတော့ဘဲ တစ်ကိုယ်ကောင်းသမားမုဆိုးကို အရှင်လတ်လတ်အတိုင်း မြေမြိုစေကာ အဝီစိ ငရဲသို့တိုက်ရိုက်ခေါ် သွားလေတော့သည်။

တကယ်ကိုအံ့သြစရာကောင်းပါသည်။ ကျေးဇူးစကား ကျေးဇူးတရားကိုအလေးအနက် တန်ဖိုးထားနေသော လူများစုထဲမှာ လူတစ်ချို့ကတော့ ကျေးဇူးဆိုတာကိုနားမလည်ပါ။ ကျေးဇူး တင်ရမှာသေမလောက် ကြောက် ကြသည်။ ကျေးဇူးဆပ်ရန်မဆိုထားနှင့် ကျေးဇူးကိုအသိအမှတ် လုံးဝမပြုကြပါ။ သူတို့အတွက် လိုအပ်လာလျှင် ကျေးဇူးရှင်ကိုပင် အောက်ချနင်းချင်ကြသည်။

မည်သို့ပင်ဆိုစေ အသိရှိသူက သူ့ကျေးဇူးကိုကြံဖန်တင်တတ်သော်လည်း အသိမရှိသူကတော့ သူ့ကျေးဇူး ကို ကြံဖန်ကန်းတတ်ပါသည်။

အော်... ကျေးဇူးတရားဆိုတာ သူ့အတွက်တော့ ခါးချင်ခါးနေမှာလေ။                                                                                                                                                                                                                                                                                   

ရိုက်မောင်း