【 နည်းပညာ 】 လျှပ်စစ်ကားထုတ်ကုန်ကို မိတ်ဆက်လိုက်တဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး Xiaomi

【 နည်းပညာ 】 လျှပ်စစ်ကားထုတ်ကုန်ကို မိတ်ဆက်လိုက်တဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး Xiaomi

ပေကျင်း၊ ဒီဇင်ဘာ - ၃၀

ကမ္ဘာတစ်ဝန်း အချိန်တိုအတွင်း အောင်မြင်မှုရရှိလာခဲ့တဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီကြီး Xiaomi ကတော့ နောက်ထပ် နည်းပညာနယ်ပယ်သစ်တစ်ခုဆီကို စတင်ခြေချလိုက်ပါပြီ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့ Xiaomi ဟာ ကုမ္ပဏီရဲ့ ပထမဆုံးသော လျှပ်စစ်ကားထုတ်ကုန်ကို တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ မိတ်ဆက်ခဲ့ပါတယ်။

Xiaomi ကို ကျနော်တို့ မြန်မာနိုင်ငံထဲမှာတော့ စမတ်ဖုန်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးလို့ လူသိများပေမယ့် Xiaomi ရဲ့ လုပ်နိုင်စွမ်းဟာ ဒီထက်မကပိုမိုပါတယ်။ကျနော်တို့ နေ့စဉ်အသုံးပြုနေတဲ့ အိမ်သုံးပစ္စည်းတွေကိုလည်း စမတ်ထုတ်ကုန်တွေအဖြစ် Xiaomi က ထုတ်လုပ်လျက်ရှိသလို အခြားသော စမတ်ထုတ်ကုန်များစွာကိုလည်း ထုတ်လုပ်လျက်ရှိနေပါတယ်။

Xiaomi ကုမ္ပဏီဟာ အောင်မြင်မှုတွေနဲ့ သာယာမနေဘဲ နောက်ထပ်နယ်ပယ်သစ်ကို ခြေချမှုအဖြစ် အနာဂတ်မှာ နည်းပညာကုမ္ပဏီကြီးတွေ အပြိုင်အဆိုင်ဖြစ်လာမယ့် နည်းပညာနယ်ပယ်တစ်ခုဖြစ်တဲ့ လျှပ်စစ်ကားထုတ်လုပ်မှုကို အာရုံစိုက်လာခဲ့ပါတယ်။ Xiaomi ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့ထိပ်တန်း မော်တော်ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ၅ ခု စာရင်းထဲ ဝင်ရောက်နိုင်ဖို့ဖြစ်ပါတယ်။ကုမ္ပဏီရဲ့ တစိုက်မတ်မတ် ကြိုးပမ်းမှုတွေဟာ အရာထင်လာခဲ့ပြီး နောက်ဆုံးမှာတော့ ပထမဆုံး လျှပ်စစ်ကားထုတ်ကုန်အဖြစ် SU7 (Speed Ultra 7) ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။

Xiaomi ရဲ့ CEO ဖြစ်သူ လေကျွင်းက လျှပ်စစ်ကားမိတ်ဆက်ပွဲမှာ “ကျနော်တို့ရဲ့ လျှပ်စစ်ကားမှာ စူပါလျှပ်စစ်မော်တာ နည်းပညာကို အသုံးပြုပေးထားတဲ့အတွက် အရှိန်အဟုန်မြန်နှုန်းဟာ Tesla ရဲ့ ကားတွေနဲ့ Porsche ရဲ့ လျှပ်စစ်ကားတွေ ပိုမိုသာလွန်မှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

စမတ်ဖုန်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီငယ်လေးအဖြစ်ကနေ ဆယ်စုနှစ်တစ်ခုအတွင်း လျှပ်စစ်ကား ထုတ်လုပ်တဲ့ EV ကုမ္ပဏီကြီးတစ်ခုအဖြစ် အချိန်တိုအတွင်း တိုးတက်ပြောင်းလဲလာနိုင်ခဲ့တဲ့ Xiaomi ဖြစ်ရပ်ဟာ အံ့မခန်းဖြစ်ပြီး၊ တရုတ်နည်းပညာကုမ္ပဏီတွေရဲ့ တိုးတက်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုရတော့မှာဖြစ်ပါတယ်။

Damien
Ref - CMG