【 နည်းပညာ 】 ယူကရိန်းစစ်ပွဲကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်မားလာတယ်လို့ လေ့လာမှုတစ်ခု ဆို

【 နည်းပညာ 】 ယူကရိန်းစစ်ပွဲကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်မားလာတယ်လို့ လေ့လာမှုတစ်ခု ဆို

ကိယက်ဗ်၊ ဇန်နဝါရီ - ၂၇
 
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုရဲ့ အဆိုအရ ယူကရိန်းစစ်ပွဲကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်မားလာလျက်ရှိတယ်လို့ သိရပါတယ်။
 
ဥရောပနိုင်ငံတွေဖြစ်တဲ့ သြစတြီးယား၊ ပေါ်တူဂီနဲ့ ဟန်ဂေရီတို့ ထုတ်လွှတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏကို ယူကရိန်းစစ်ပွဲက ထုတ်လွှတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏက ကျော်လွန်နေပြီလို့လည်း အဆိုပါလေ့လာမှုက ဆိုပါတယ်။
 
ပိုလန်တက္ကသိုလ်၊ ယူကရိန်းတက္ကသိုလ်တို့က သုတေသီတွေနဲ့အတူ University Space Research Association က တွဲဖက်စာရေးဆရာ ဒေါက်တာ တိုမိုဟီရို အိုဒါတို့ ပူးပေါင်းပြီး အဆိုပါလေ့လာမှုကို လုပ်ဆောင်ခဲ့ကြတာပါ။လေ့လာမှုတွေအပြီးမှာတော့ Science of the Total Environment ဂျာနယ်မှာ လေ့လာမှုစာတမ်းကို ဖော်ပြခဲ့ပါတယ်။
 
“ယူကရိန်းစစ်ပွဲ ၁၈ လတာကာလအတွင်း ဒုံးကျည်ပစ်ခတ် တိုက်ခိုက်မှုတွေ၊ ပေါက်ကွဲမှုတွေ၊ ရေနံသိုလှောင်ရုံတွေ မီးလောက်ပျက်စီးမှု၊ အဆောက်အအုံတွေ မီးလောင်ပျက်စီးမှု၊ စက်မှုအခြေခံအဆောက်အအုံတွေ မီးလောင်ပျက်စီးမှုနဲ့ သစ်တောတွေနဲ့ စိုက်ပျိုးမြေတွေ မီးလောင်မှုတွေကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ မီသိန်းနဲ့ နိုက်ထရပ်အောက်ဆိုဒ် အစရှိတဲ့ ဓာတ်‌ငွေ့တွေ ထုတ်လွှတ်မှု အလွန်များပြားလာတယ်၊ စစ်ပွဲက ထုတ်လွှတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏက သြစတြီးယား၊ ပေါ်တူဂီနဲ့ ဟန်ဂေရီတို့ ထုတ်လွှတ်တဲ့ ပမာဏထက် ကျော်လွန်နေပြီဖြစ်တယ်” လို့ လေ့လာမှုမှာပါဝင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
 
ဒါ့အပြင် “ဒီလို လေထုကို ပိုမိုညစ်ညမ်းစေမှုကြောင့် ယူကရိန်းနိုင်ငံအပေါ်တော့ အပြစ်မတင်သင့်ဘူး၊ ဒါတွေက ရန်လိုတဲ့ ရုရှားကြောင့် ဖြစ်လာတာ” လို့လည်း သိပ္ပံပညာရှင်တွေက ဆက်ပြောပါတယ်။
 
ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်‌ငွေ့ ထုတ်လွှတ်မှု မြင့်မားတဲ့ နိုင်ငံတွေဖြစ်ပြီး ၂၀၂၀ ခုနှစ် ဖန်လုံအိမ်ဓာတ်‌ငွေ့ ထုတ်လွှတ်မှု စာရင်းတွေအရတော့ ရုရှားနိုင်ငံက အဆင့် ၄ မှာ ရပ်တည်ခဲ့ပြီး၊ ယူကရိန်းက အဆင့် ၃၃ နေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် ပါလက်စတိုင်းစစ်ပွဲပါ ဖြစ်ပွားနေတဲ့အတွက် ကမ္ဘာ့လေထုအတွက် စိုးရိမ်ဖွယ်ရာအခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ ယူဆထားမှုတွေရှိနေပါတယ်။
 
Damien
Ref - upi