【အလှအပနှင့်ကျန်းမာရေး】အသားဝါတယ်ဆိုတာဘာလဲ?

【အလှအပနှင့်ကျန်းမာရေး】အသားဝါတယ်ဆိုတာဘာလဲ?

အသားဝါရောဂါဆိုတာကတော့ သွေးထဲမှာရှိတဲ့ bilirubin လို့ခေါ်တဲ့ အဝါဓါတ်များလာခြင်းကြောင့် အရေပြား၊မျက်လုံး စတဲ့‌နေရာတွေမှာ အဝါရောင်ပြောင်းလာခြင်းကိုခေါ်တာဖြစ်ပါတယ်။
 
ဘာကြောင့် အသားဝါရောဂါဖြစ်စေတာလဲ?
 
အသားဝါဖြစ်စေတဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။
၁- Bilirubin လို့ခေါ်တဲ့အဝါဓါတ်ဟာ သွေးနီဥပြိုကွဲခြင်းကနေ ထွက်လာတာဖြစ်လို့သွေးနီဥပြိုကွဲစေတဲ့ ရောဂါတွေကြောင့် အသားဝါစေနိုင်ပါတယ်။
၂- အသည်းရောင်ခြင်းကြောင့်လည်း အသားဝါတဲ့ဓါတ် bilirubin ထုတ်လွှတ်မှုများစေပါတယ်။
- အသည်းရောင်အသားဝါ အေ၊ဘီ၊စီ၊ဒီ၊အီး စတဲ့ပိုးများကြောင့် အသည်းရောင်ခြင်း
- အရက်အလွန်အကျွံသောက်ခြင်းကြောင့် အသည်းရောင်၊အသည်းခြောက်၊အသည်းကင်ဆာဖြစ်ခြင်း
- ကိုယ်ခံအားစနစ်ချို့ယွင်းမှုကြောင့်ဖြစ်သော အသည်းရောဂါများ (Autoimmune disease )
- အသည်းကိုထိခိုက်စေသောဆေးဝါးများစတဲ့အချက်တွေကြောင့်လည်း အသားဝါနိုင်ပါတယ်။
 
၃- သည်းခြေပြွန်လမ်းကြောင်းပိတ်ခြင်းကြောင့်ဖြစ်သောအသားဝါခြင်း
- သည်းခြေအိတ်/သည်းခြေပြွန်တွင်ကျောက်တည်ခြင်း
- သည်းခြေအိတ်ရောင်ခြင်း
- သည်းခြေအိတ်တွင်ကင်ဆာဖြစ်ခြင်း
- ပန်ကရိယတွင်အလုံးအကျိတ်/ကင်ဆာဖြစ်ခြင်းစတဲ့အရာတွေကြောင့်အသားဝါခြင်းဖြစ်စေနိုင်ပါတယ်။
 
အသားဝါတဲ့အခါအခြားခံစားရနိုင်တဲ့လက္ခဏာတွေကတော့
- မျက်လုံးများဝါခြင်း
- ဆီးအရောင်ရင့်ခြင်း
- ‌သည်းခြေပြွန်လမ်းကြောင်းပိတ်ခြင်းကြောင့် အသားဝါပါက ဝမ်းအရောင်ဖျော့ခြင်း
- ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ဗိုက်အောင့်ခြင်း
- ပျို့အန်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- အရေပြားများယားယံခြင်း 
- ကိုယ်အပူချိန်တက်ခြင်း
- သွေးနီဥပြိုကွဲခြင်းကြောင့် အသားဝါပါက သွေးအားနည်းခြင်း၊မူးခြင်းစတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 
အသားဝါတဲ့အခါ ဘယ်လိုစစ်ဆေးမှုတွေလုပ်ဖို့လိုအပ်ပါသလဲ?
 
အသားဝါရတဲ့အကြောင်းအရင်းကို သိရဖို့
- သွေးဆဲလ်များစစ်ဆေးခြင်း
- အသည်းအင်ဇိုင်းစစ်ဆေးခြင်း
- အသားဝါသောဓါတ်စစ်ဆေးခြင်း
- အာထရာဆောင်းရိုက်ခြင်း
- ကွန်ပြူတာဓါတ်မှန် CTscan စစ်ဆေးခြင်း
- ဆီး စစ်ဆေးခြင်း
- အသည်းရောင်အသားဝါရောဂါပိုးများကူးစက်မှုရှိမရှိ စစ်ဆေးခြင်းစတဲ့စစ်ဆေးမှုတွေပြုလုပ်ဖို့လိုပါတယ်။
 
အသားဝါတာကိုဘယ်လိုကုသမလဲ?
 
အသားဝါရတဲ့အကြောင်းအရင်းကိုသိရှိဖို့လိုပါတယ်။ အသားဝါရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီး ဆေးဝါးများနဲ့ကုသနိုင်သလိုသည်းခြေပြွန်လမ်းကြောင်း ပိတ်ခြင်းကြောင့် အသားဝါရင်တော့ ခွဲစိတ် ကုသဖို့လိုပါတယ်။
 
အသားဝါခြင်းကိုကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့
 
- ကိုလက်စထရောကြောင့် သည်းခြေကျောက်ဖြစ်ခြင်းကနေ ကာကွယ်ဖို့ အဆီလျော့စားခြင်း၊ 
- သွေးတွင်းကိုလက်စထရောများသူတွေအနေနဲ့ သွေးတွင်းအဆီကျဆေးသောက်သုံးခြင်း
- အရက်အလွန်အကျွံသောက်ခြင်းမှရှောင်ကြဉ်ခြင်း
- အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးခြင်း
- အသည်းရောင်အသားဝါဘီပိုး၊စီပိုး ရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူခြင်း စတဲ့နည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်
 
Dr.Phyu
Photo credit -freepik