【 နိုင်ငံတကာဆောင်းပါး 】 ထိုင်ဝမ်ကတ်ကို မကြာခဏကိုင်သည့်အခါ

【 နိုင်ငံတကာဆောင်းပါး 】 ထိုင်ဝမ်ကတ်ကို မကြာခဏကိုင်သည့်အခါ

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ကမ္ဘာ့သတင်းများထဲ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ သည်။
 
ထိုသတင်းမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး မီးနှင့်မကစားရန် အမေရိကန်ကို သတိပေးသည့် သတင်းဖြစ်သည်။
 
ထိုသတိပေးမှုမှာ ဇူလိုင် ၂၈ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဖုန်းဆက်သွယ်ပြောဆိုခဲ့ချိန် ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်အနေနဲ့ မီးနဲ့ကစားခြင်းမပြုဖို့ ရှီကျင့်ဖျင်က သတိပေးခဲ့ခြင်းဖြစ်သည်။
 
ထိုင်ဝမ်အရေးကိစ္စသည် အမေရိကန်နှင့် တရုတ်အကြား ဆက်ဆံရေးတွင် ကန့်လန့်ခံနေသလို အမြဲဖြစ်နေသည်။ထို့ပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် အမေရိကန်ဗိုလ်ချုပ်ကြီး မီနီဟန်က လာမယ့်နှစ်မှာ ကျင်းပမယ့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲဟာ တရုတ်သမ္မတာရှီကျင့်ဖျင်အတွက် ထိုင်ဝမ်ကို စစ်ရေးအရကျူးကျော်ဖို့ ဆင်ခြေဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောခဲ့သည်။သို့သော် ယခုချိန်တွင် ထိုင်ဝမ်ရွေးကောက်ပွဲါကျင်းပပြီးဖြစ်သော်လည်း အမေရိကန်ဗိုလ်ချုပ်ကြီး မီနီဟန် ခန့်မှန်းသလို ဖြစ်မလာသေးခဲ့ရာ ထိုခန့်မှန်းမှုများသည် အစိုးရိမ်လွန်မှုလား၊ တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်နေသူများ နီးစပ်လာမည်ကို စိုးရိမ်ပြီး လှန့်နေသလားဆိုသည်မှာ တွေးစရာဖြစ်လာခဲ့သည်။
 
စဉ်းစားစရာကောင်းသည်မှာ ထိုင်ဝမ်သည် အမေရိကန်အတွက် အရေးကြီးသည့် ကျွန်းလား၊ တရုတ်အတွက် အရေးကြီးသော ကျွန်းလားဆိုသည့် မေးခွန်းပင်ဖြစ်သည်။ပို၍သေချာနိုင်သည်က အမေရိကန်အတွက် ဖြစ်သည်။
 
မဟာဗျူဟာကျကျ ပြိုင်ဘက်နိုင်ငံအဖြစ် တရုတ်နိုင်ငံကို သတ်မှတ်ထားသည့် အမေရိကန်အတွက် ထိုင်ဝမ်သည် အရေးပါသော ကျွန်းတစ်ခုဖြစ်သည်။စီးပွားရေး၊ စစ်ရေး၊ နည်းပညာပြိုင်ဘက် တရုတ်နှင့် အနီးဆုံးနေရာတွင်ရှိနေသည့် ထိုင်ဝမ်သို့ လိုသလို ဝင်ထွက်ခွင့်ရနေခြင်း က ထိုကျွန်းမှတစ်ဆင့် ထောက်လှမ်းခွင့်ရနေခြင်းက တစ်နည်းအားဖြင့် အမေရိကန်အတွက် အသာရနေခြင်းဖြစ်သည်။
 
တရုတ်အတွက်မူ ပထဝီအနေအထားအရ ယခင်ကတည်းက တရုတ်ပိုင်နက်ဖြစ်ပြီး နိုင်ငံရေးအရှုံးနိမ့်ကာ တိမ်းရှောင်သွားသည့် ကူမင်တန်ပါတီအခြေချရာ ကျွန်းဖြစ်သဖြင့် တစ်ချိန်ချိန်တွင် မလွဲမသွေ ပြန်ပေါင်းစည်းမှာ သေချာသော ပိုင်နက်ဖြစ်သည်။ထို့အတွက်လည်း တရုတ်ဘက်က ခေါင်းဆောင်များက ပွင့်ပွင့်လင်းလင်းပြော ထားသလို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ပြန်ပူးပေါင်းရန်ကို ဦးစားပေးဆန္ဒရှိကြောင်း ဆိုထားသည်။
 
ထိုအခြေခံလိုင်းအပေါ် စဉ်းစားပါက ထိုင်ဝမ်နှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြားဖြစ်ပေါ်နေသော နိုင်ငံရေးတင်းမာမှုများသည် ဘာကြောင့်ဆိုသည်ကို သိနိုင်မည်ဖြစ်သည်။
 
၂၀၂၂ ခုနှစ်က ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ လာရောက်ခဲ့သဖြင့် နှစ်နိုင်ငံအကြား တင်းမာမှုအမြင့်ဆုံးရောက်ခဲ့ကာ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုကို တရုတ်ဘက်က ဖြတ်တောက်ခဲ့သည်။ထို့ အတွက် တရုတ်ဘက်က အကြောင်းပြသည်မှာ အမေရိကန်ပြည်ထောင်စု၏ လှုပ်ရှားမှုသည် တရုတ်တစ်ပြည်တည်း မူဝါဒနှင့် တရုတ်-အမေရိကန် သုံးရပ်ပါ ပြဋ္ဌာန်းချက်များကို ပြင်းပြင်းထန်ထန်ချိုးဖောက် မလိုက်နာမှု ဖြစ်သည်။
 
အမေရိကန်အစိုးရ၏ အဆိုပါလုပ်ဆောင်ချက်ကို  အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချီကန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ သံတမန်ရေးနည်းလမ်းအရ တရားဝင် ကန့်ကွက်ခဲ့သည်ကို တွေ့ရသည်။ထိုခရီးစဉ်သည် တရုတ်နိုင်ငံအတွင်း ကြီးမားစွာ ဂယက်ရိုက်ခတ်စေခဲ့ပြီး နန်စီပီလိုစီ၏ ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ် (တိုင်ပေ) မှ ရှောက်၊ သံပရာသီးနှင့် ငါး တင်သွင်းမှုကို တရုတ်ကပိတ်ခဲ့သည်။
 
တရုတ် (တိုင်ပေ) မှ ပို့ကုန်တင်ပို့သူ ၁၀၀ ကျော်ကို စာရွက်စာတမ်းအထောက်အထား သက်တမ်းကုန်ခြင်းဟူသော အကြောင်းပြချက်ဖြင့် တင်ပို့ခွင့် တားဆီးခဲ့သည်။ထို့ပြင် အဓိကအရေးပါသည့် ချစ်ပြားများ ထုတ်လုပ်ရာတွင် အသုံးပြုသော သဘာဝသဲ ထိုင်ဝမ်သို့ တင်ပို့မှုကိုလည်း တရုတ်ဘက်က တားမြစ်ခဲ့သည်။
 
နန်စီပီလိုစီ၏ ခရီးစဉ်ကြောင့် နစ်နာခဲ့သူမှာ ထိုင်ဝမ်သာဖြစ်ခဲ့သည်။ထိုင်ဝမ် စုစုပေါင်းထုတ်ကုန်၏ ၃၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ တင်သွင်းလျက်ရှိပြီး တရုတ်နိုင်ငံသည် ထိုင်ဝမ်၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သောကြောင့် တရုတ်အစိုးရ၏ တင်းကျပ်သည့် စီးပွားရေးအရ အရေးယူမှုကြောင့် ထိုင်ဝမ်ကို အနည်းနှင့် အများ ထိခိုက်စေခဲ့သည်။
 
စင်စစ်တွင် နန်စီပီလိုစီ၏ ခရီးစဉ်သည် အမေရိကန်အစိုးရက ထိုင်ဝမ်အား ထောက်ခံမည်ဟု ပေးထားသည့် ကတိကဝတ်ကို ပေါ်လွင်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး အမေရိကန်အစိုးရ အဆက်ဆက်က အသိအမှတ်ပြု လက်ခံထားသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လျော့ပါးစေရန် ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံက ယူဆထားရာ ဒေသတွင်း တင်းမာမှုများကို မြင့်တက်လာစေခဲ့သည့်အပြင် တရုတ်-အမေရိကန် ဆက်ဆံရေးကြား ဖြစ်ပွားနေသည့် မသေချာမရေရာမှုများကို ပိုမိုများပြား လာစေခဲ့သည်။
 
ထို့နောက်ပိုင်း တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကောင်းမွန်သည့်ဘက်ရောက်လာရန် ခဲယဉ်းခဲ့သည်။တရုတ်ဘက်မှ အခုအခံဖြစ်စေရန် အမေရိကန်ဘက်မှ ထိုင်ဝမ်ခေါင်းဆောင်များ၏ ခရီးစဉ်များကို ခွင့်ပြုပေးခဲ့သည်။ ၂၀၂၃ ခုနှစ် မတ် ၂၉ ရက်မှ ၃၁ ရက်အထိ ထိုင်ဝမ်ခေါင်းဆောင် ဆိုင်အင်းဝမ် အမေရိကန်ပြည် ထောင်စု၊ နယူးယောက်မြို့ကို ဖြတ်သန်းခဲ့ပြီး Hudson Institute Award Ceremony တွင် မိန့်ခွန်းပြောကြားခဲ့သည်။
 
မကြာသေးမီနှစ်များအတွင်း၊ ထိုင်ဝမ်ရေလက်ကြားတွင် အနှောင့်အယှက်ဖြစ်သည့်အခါတိုင်း၊ အမေရိကန်အစိုးရသည် ၎င်း၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပြောင်းလဲခြင်းမရှိကြောင်း အမြဲတမ်းကြေညာခဲ့သည်။ယခု ရက်သတ္တပတ်အတွင်း ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၇၅ သန်းဖိုးရောင်းရန် အမေရိကန်က အ တည် ပြုခဲ့သည်။ဆိုလိုသည်မှာ မူဝါဒအရ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ပြောင်းလဲခြင်းမရှိကြောင်းဆိုသော်လည်း ထိုင်ဝမ်ကို လက်နက်တွေ ဆက်ရောင်းနေခြင်းဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ဆိုးရွားစွာထိခိုက်စေပြီး ထိုင်ဝမ် လွတ်လပ်ရေး ခွဲထွက်ရေးတပ်များထံ ဆိုးရွားစွာ မှားယွင်းသော အချက်ပြမှုတစ်ခု ပေးပို့ခဲ့ခြင်းဖြစ်သည်။
 
သမိုင်းကြောင်းများအရ ထိုင်ဝမ်နှင့် အမေရိကန်အကြား တရားမဝင်ဆက်ဆံရေးသည် ပို၍အားကောင်းလာခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ထိုအချိန်က ထိုင်ဝမ်ခေါင်းဆောင်သည် ၎င်း၏ နိုင်ငံရပ်ခြားခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ စတင်ဝင်ရောက်ခဲ့သည်။ Lee Teng-hui သည် Cornell တက္ကသိုလ် သို့ပင် သွားရောက်ခဲ့ပြီး “ကိုယ်ပိုင်ခရီးစဉ်” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောခဲ့သည်။ထိုအချိန်မှစ၍ ထိုင်ဝမ်ခေါင်း ဆောင်များသည် အမေရိကန်သို့ “transit” (သို့မဟုတ်) “technically stay” အခွင့်အရေးဖြင့် ဝင်ရန် ပုံမှန်ဖြစ်လာခဲ့သည်။ဆိုင်အင်းဝမ်၏ ၂၀၁၉ ခုနှစ် ခရီးစဉ်အတွင်း သူမသည် “transit” ဖြင့် ရပ်ခဲ့ပြီး အမေရိကန်တွင် ငါး ရက်နှင့် လေးည နေထိုင်ခဲ့သည်။
 
အခြားတစ်ဖက်တွင် အမေရိကန်သည် ထိုင်ဝမ်နှင့် ကူးလူးဆက်ဆံမှုဆိုင်ရာ တရားဝင်ကန့်သတ်ချက်များကို ပိုမိုဖြေလျှော့ပေးခဲ့သည်။ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် အောက်လွှတ်တော်ဥက္ကဋ္ဌ ပီလိုစီ၏ ထိုင်ဝမ်သို့ သွားမှုသည် အမေရိကန်အနေဖြင့် တရုတ်ဖြင့် မဟာဗျူဟာကျကျကစားမှုတွင် ထိုင်ဝမ်ကတ်ကို အမြဲကိုင်သုံးမည့် လက္ခဏာကို ပြသခဲ့သည်။
 
ထို့အတွက် ထိုင်ဝမ်အား နိုင်ငံတကာမျက်နှာစာတွင် ပိုဝင်ဆံ့လာစေရန် အမေရိကန်က ကြိုးပမ်းခဲ့သည်။အမေရိကန်သည် ထိုင်ဝမ်အား ပြည်တွင်းဥပဒေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ဝင်ရောက်ရန် တွန်းအားပေးရုံသာမက ထိုင်ဝမ်အား လက်ခံရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြီးအကဲအား လူကိုယ်တိုင်ပင် ဖိအားပေးခဲ့သည်။ထိုင်ဝမ် နှင့် အကန့်အသတ်ရှိသော သံတမန်နိုင်ငံများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အမေရိကန်ပြည်ထောင်စုသည် “တိုင်ပေမိတ်ဆွေများ” နိုင်ငံတကာကာကွယ်ရေးနှင့် မြှင့်တင်မှုဆိုင်ရာ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။
 
ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားဖြစ်ပြီး ရေလက်ကြားဖြတ်ကျော် ပြန်လည်ပေါင်းစည်းရေးကို ဆက်လက်ထိန်းသိမ်းထားရန် တရုတ်နိုင်ငံက မည်သည့်ပေးချေမှုကိုမဆို ပေးဆောင်ရန် ဆန္ဒရှိနေသည်။
 
အမေရိကန်အတွက်မူ ထိုင်ဝမ်သည် ယေဘုယျအဆင့်အတန်းနှင့် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးသော “စစ်တုရင်အကွက်” တစ်ခုမျှသာဖြစ်သည်။
 
ထို့ကြောင့် တရုတ်လို တူညီသော ပေးချေမှုကို ပေးဆောင်ရန် ဆန္ဒမရှိပေ။
 
ထိုသည်မှာ နိုင်ငံတကာက သတိထားမိသော အမေရိကန်၏ ကစားပွဲဖြစ်လေသည်။
 
စိုးငြိမ်း