【 နိုင်ငံတကာဆောင်းပါး 】 တားဆီးပိတ်ပင်မှုက တရုတ်၏ အရှိန်အဟုန်ကို တားဆီးနိုင်ပါ့မလား

【 နိုင်ငံတကာဆောင်းပါး 】 တားဆီးပိတ်ပင်မှုက တရုတ်၏ အရှိန်အဟုန်ကို တားဆီးနိုင်ပါ့မလား

ခေတ်မီဆန်းပြားသော ဆီမီးကွန်ဒတ်တာနည်းပညာများကို တရုတ်၏ လက်လှမ်းမီမှုအပေါ် ထိန်းချုပ်မှုများ ပိုမိုတင်းကျပ်လာစေနိုင်ကြောင်း မကြာသေးမီက အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂိုင်နာ ရိုင်မွန်ဒိုက ပြောကြားခဲ့ရာ ဝါရှင်တန်သည် ပေကျင်း၏ စစ်ရေးစွမ်းရည်များကို တားဆီးရန် ၎င်း၏လှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်လာနိုင်သည်ကို အချက်ပြနေသည်။

ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးအတွင်း သီးခြားသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ဓမ္မဒိဋ္ဌာန်ကျကျ ကျိုးကြောင်းဆီလျော်မှုရှိရှိ မြင်သင့်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးနှင့်ပတ်သက်သည့် ကတိကဝတ်များကို လေးစားသည့် စကားနှင့် လုပ်ရပ် ကိုက်ညီအောင် လုပ်သင့်ကြောင်း သတိပေးခဲ့သည်။

တရုတ်၏ အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် စီးပွားရေးနှင့် နည်းပညာ တိုးတက်မှုကို အမေရိကန်ဘက်က စစ်ရေးရှုထောင့်မှကြည့်ကာ တားဆီးကန့်သတ်မှုများပြုခြင်းသည် ယခုရာစုသစ်တွင် စိတ်ဝင်စားဖွယ်ရာ အခင်းအကျင်းတစ်ခုဖြစ်သလို ကမ္ဘာတစ်ဝန်း မတည်မငြိမ်ဖြစ်စေသည့် အကြောင်းအရာများထဲမှ တစ်ခုပင်ဖြစ်သည်။

အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂိုင်နာ ရိုင်မွန်ဒို၏ စကားသည် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံသို့ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာရောက်စဉ် မနီလာတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ထိုစဉ်အချိန်မှာ ဘိုင်ဒင်အစိုးရက မှတ်ဉာဏ်ချစ်ပ်ထုတ်လုပ်သူ ChangXin Memory Technologies Inc အပါအဝင် တရုတ်နည်းပညာ ကုမ္ပဏီများအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံပြုလုပ်ပြီး မဟာမိတ်များအား တရုတ်နိုင်ငံသို့ အဆင့်မြင့်နည်းပညာများ တင်ပို့မှုကို တားဆီးရန် တွန်းအားပေးနေချိန်တွင် မေးခဲ့ခြင်းဖြစ်သည်။

သတင်းထောက်များက ဂိုင်နာ ရိုင်မွန်ဒိုကို တရုတ်နိုင်ငံသို့ ဆီမီးကွန်ဒတ်တာများ ရောင်းချခြင်းဆိုင်ရာ ကန့်သတ်ချက်အသစ်များ ထည့်သွင်းရန် အမေရိကန်က စီစဉ်နေသလားဟု မေးမြန်းခဲ့ရာတွင် သူမက “ကျမတို့ရဲ့ ခေတ်မီဆန်းပြားတဲ့ နည်းပညာတွေကို သူတို့ရဲ့ စစ်ရေးတိုးတက်မှုအတွက် တရုတ်ထဲ ဝင်ရောက်ခွင့်မပြုနိုင်ဘူး” ဟု ပြောခဲ့ခြင်းဖြစ်သည်။သို့သော် ဆန်းစစ်သူများက စစ်ရေးစိုးရိမ်ချက်တစ်ခုထဲသက်သက် မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

ဝါရှင်တန်သည် တရုတ်၏ ချစ်ပ်စက်လုပ်ငန်းကို နှစ်ပေါင်းများစွာ အာရုံစိုက်ခဲ့ပြီး ဉာဏ်ရည်တုတီထွင်ရာတွင် အသုံးပြုသည့် အဆင့်မြင့် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်သည့် စက်များနှင့် ခေတ်မီသော ချစ်ပ်များ တရုတ်သို့ တင်ပို့မှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သည်။ချစ်ပ်ထုတ်လုပ်သည့် စက်ပစ္စည်းများ တီထွင်သည့် အဓိကနိုင်ငံနှစ်ခုဖြစ်သည့် ဂျပန်နှင့် နယ်သာလန်တို့သည် ယမန်နှစ်တွင် အမေရိကန်၏ ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သည်။

သို့သော် တရုတ်၏ နည်းပညာတိုးတက်မှုသည် ဆက်လက်အားကောင်းနေဆဲဖြစ်ခဲ့သည်။ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးသည် ပျမ်းမျှအားဖြင့် နိုင်ငံများအားလုံးတွင် GDP တိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းသာရှိခဲ့သည်။သို့သော် တရုတ်၏ GDP သည် ၅.၂ ရာခိုင်နှုန်းရှိခဲ့သည်။ထိုထဲတွင် အသစ် ၃ မျိုးဟုခေါ်သော ဆိုလာ၊ ဓာတ်အားသိုလှောင်သော ဘတ္ထရီနှင့် EV ကားများသည် အဓိကကျခဲ့သည်။

သာမန်အတိုင်းသာဆိုပါက တရုတ်၏ GDP သည် တခြားကမ္ဘာ့နိုင်ငံများနည်းတူ  ၃ ရာခိုင်နှုန်းသာ ရှိနိုင်မည်ဖြစ်သော်လည်း အဆိုပါသန့်ရှင်းသောစွမ်းအင် နည်းပညာအခြေခံ ထုတ်ကုန်များကြောင့်  ၅.၂ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် အဓိက အစိမ်းရောင်နည်းပညာများဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး တင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းကျော်၊ လီသီယမ်-အိုင်းယွန်း ဘတ္ထရီထုတ်လုပ်မှုထက်ဝက်နှင့် လျှပ်စစ်ကားထုတ်လုပ်ရေး ၂၀ ရာခိုင်နှုန်း အထက်ဖြင့် ကမ္ဘာ့စျေးကွက်ကို လွှမ်းမိုးထားသည်။ထိုလွှမ်းမိုးမှုသည် တရုတ်စီးပွားရေးတွင် လက်ရှိနှင့် နောင်လာမည့်နှစ်များအတွက် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိနေရာ ထိုသည်ကို တားဆီးနိုင်ပါက တရုတ်၏ စီးပွားရေးတိုးတက်မှုတွင် အနှောင့်အယှက်ကြီးစွာ ဖြစ်နိုင်မည်ဟု တွက်ဆထားပုံရသည်။

မကြာသေးသည့် ဖေဖော်ဝါရီ ၂၉ ရက်က အိမ်ဖြူတော်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်စောင်တွင် ဘိုင်ဒင်က တရုတ်နိုင်ငံထုတ် စမတ်ကားများကို စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်မည်ဖြစ်ပြီး အလားအလာရှိသော အမျိုးသားလုံခြုံရေးအန္တရာယ်များအတွက် ကန့်သတ်ချက်များ ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ကြေညာချက်တွင် “တရုတ်နိုင်ငံရဲ့ မူဝါဒဟာ ကျနော်တို့ ဈေးကွက်မှာ သူတို့မော်တော်ယာဉ်တွေ ပြည့်နှက်ပြီး ကျနော်တို့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတယ်” ဟု ဘိုင်ဒင်က ပြောခဲ့ပြီး “ကျနော့်စီမံအုပ်ချုပ်အောက်မှာ အဲဒီလိုဖြစ်တာကို ကျနော်လက်မခံဘူး” ဟုဖော်ပြခဲ့သည်။

ထိုမတိုင်မီကလည်း အမေရိကန်ဆိပ်ကမ်းများတွင် သုံးနေသည့် တရုတ်ထုတ် ကရိန်းများကိုလည်း အဝေးမှ ထိန်းချုပ်နိုင်သဖြင့် အမျိုးသားလုံခြုံရေး အန္တရာယ်ရှိသည့်အတွက် စစ်ဆေးရန် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

တရုတ်၏စီးပွားရေးသည် အဆင့်မြင့်နည်းပညာအခြေပြု စီးပွားရေးဘက်သို့ ကူးပြောင်းနေပြီဖြစ်ရာ အမေရိကန်ဘက်က တရုတ်၏ ချစ်ပ်စက်လုပ်ငန်းနှင့် အဆင့်မြင့်ဆီမီးကွန်ဒတ်တာဘက်ကို ပစ်မှတ်ထားမှု၏ ဦးတည်ချက်မှာ ရှင်းလင်းနေသည်။ထို့ကြောင့် အမေရိကန်သည် တရုတ်နိုင်ငံ၏ နည်းပညာလုပ်ငန်းအပေါ် တင်းကျပ်သော ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆက်လက်ကျင့်သုံးခြင်းသည် ထရမ့်လက်ထက် မပြီးခဲ့သည့် စီးပွားရေးစစ်ပွဲကို ဆက်လက်ဆင်နွှဲနေခြင်းဖြစ်သည်။

သို့သော် SMIC ၏ 7-nanometer (nm) နည်းပညာပါရှိသော Huawei ၏ နောက်ဆုံးပေါ် စမတ်ဖုန်းဖြင့် တရုတ်နိုင်ငံတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးတွင် တိုးတက်အောင်မြင်မှုကို သက်သေပြနေသည်။ထို့ကြောင့် အမေရိကန်၏ ကန့်သတ်မှုသည် တရုတ်စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်ခြင်း၊ တရုတ်၏ နည်းပညာတိုးတက်မှုကို အနှောင့်ယှက်ဖြစ်ခြင်း ဖြစ်၊ မဖြစ်ကို ယခုထိ တိတိကျကျ မသိနိုင်သေးသော်လည်း အမေရိကန်နည်းပညာကုမ္ပဏီကြီးများဘက်တွင်မူ ကြီးစွာထိခိုက်မှုရှိခဲ့သည်။

Nvidia နှင့် AMD ကဲ့သို့သော ထိပ်တန်းကုမ္ပဏီများအနေဖြင့် ဤသို့ကန့်သတ်ချက်များကြောင့် ခေတ်မီ ဂရပ်ဖစ်ပရိုဆက်ဆာများကို တရုတ်သို့ တင်သွင်းခွင့်ကို သိသိသာသာ ထိခိုက်စေခဲ့ပြီး တရုတ်နိုင်ငံသို့ တန်ဖိုးကြီး တစ်ပိုင်းလျှပ်ကူးပစ္စည်းကိရိယာများ တင်သွင်းမှုကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့သည်။အမေရိကန်အစိုးရပိုင်းအနေဖြင့် AI ၊ စက်သင်ယူခြင်း၊ ဇီဝနည်းပညာနှင့် ကွမ်တမ်နည်းပညာတို့ကဲ့သို့ မဟာဗျူဟာကျသော ကဏ္ဍများတွင် စီးပွားဖြစ်ထက် ကျော်လွန်ပြီး ကျယ်ပြန့်စွာ မယှဉ်ပြိုင်နိုင်ရန် ပစ်မှတ်ထားနေရာ ရှေ့လျှောက် ဝယ်ယူနိုင်စွမ်းမြင့်မားသော ကြီးမားသောစျေးကွက်ဖြစ်သည့် တရုတ်စျေးကွက်ကို အမေရိကန်နှင့် အနောက်နိုင်ငံနည်းပညာအခြေပြုကုမ္ပဏီများ လက်လွှတ်ရဖို့ရှိနေသည်။

အမေရိကန်အနေဖြင့် စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာ စသည့် ကဏ္ဍပေါင်းစုံတွင် “နံပါတ်နှစ်” ဖြစ်ရန် အစီအစဉ်မရှိကြောင်းဆိုထားရာ လူသားအရင်းအမြစ်ကြွယ်၀သော တရုတ်ကို နည်းပညာကန့်သတ်ပိတ်ဆို့မှုသည် ရေရှည်တွင် အလုပ်ဖြစ်ဖွယ်မရှိနိုင်ကြောင်း လေ့လာဆန်းစစ်သူများက သုံးသပ်ထားသည်။

အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံတွင် သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာအရင်းအမြစ်ရှိပြီး တစ်နှစ်လျှင် တက္ကသိုလ်ဘွဲ့ရဦးရေ ၁၁ သန်းခန့် တိုးလာခြင်းက အခြေခံသိပ္ပံနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများကို တရုတ်စီးပွားရေးတွင် အမှန်တကယ်ထုတ်လုပ်မှုအဖြစ် အသွင်ပြောင်းလာမည်ဖြစ်သောကြောင့်ပင်။

မကြာမီက ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ အစည်းအဝေးနှစ်ရပ်တွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည့် အဓိကတာဝန်ကို စွဲစွဲမြဲမြဲဆောင်ရွက်ရမည် မှာကြားခဲ့ရာ အမေရိကန်၏ နည်းပညာကန့်သတ် ပိတ်ဆို့မှုသည် လှိုင်းတံပိုးလို အရှိန်ပြင်းနေသည့် တရုတ်၏ နည်းပညာတိုးတက်မှုကို ဟန့်တားနိုင်မည်လားဆိုသည်ကို စောင့်ကြည့်ရတော့မည်ဖြစ်လေသည်။

စိုးငြိမ်း