【 ဆောင်းပါး 】 လန်ချန်း-မဲခေါင်ရဲ့ လူငယ်တွေအတွက် ပလက်ဖောင်းသစ်

【 ဆောင်းပါး 】 လန်ချန်း-မဲခေါင်ရဲ့ လူငယ်တွေအတွက် ပလက်ဖောင်းသစ်

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) ဆိုတာ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံ ငါးနိုင်ငံ အတူတကွ စတင်တည်ဆောက်သော ဒေသတွင်း ဒေသခွဲပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုရဲ့ ရည်ရွယ်ချက်ကတော့ အိမ်နီးချင်းနိုင်ငံ ခြောက်နိုင်ငံ၏ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ဖို့၊ ဒေသတွင်း ဒေသခွဲ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး ဆောင်ရွက်နိုင်ဖို့နဲ့ ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးမှုကွာဟချက်ကို လျှော့ချနိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။

ဆက်လက်ပြီး အာဆီယံ တစ်ပြေးညီ တည်ဆောက်မှုနှင့် ဒေသတွင်း တစ်ပြေးညီ တိုးတက်ရေးကို ထောက်ကူပံ့ပိုးပေးဖို့၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုနှင့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် အကျိုးသစ်ကို ဆောင်ကြဉ်းဖို့အတွက်လည်း ရည်ရွယ်ခြင်းဖြစ်ပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။

တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခဲ့သည်မှာ ၈ နှစ်တာကာလသို့ ရောက်ရှိတော့မှာဖြစ်ပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရား အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံက ရန်ပုံငွေအမျိုးအစား လေးမျိုးဖြစ်သည့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (MLC Special Fund) ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့်လည်းကောင်း၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေ (Concessional Loan) ကို ယွမ် ၁၀ ဘီလီယံဖြင့်လည်းကောင်း၊ အခြားချေးငွေ (Credit Line) ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ (South-South Cooperation Fund) ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့်လည်းကောင်း အသီးသီးမတည် ထူထောင်ပေးထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း အထူးရန်ပုံငွေ တစ်မျိုးတည်းတွင်သာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အဆိုပြုလျက်ရှိပြီး တရုတ်နိုင်ငံဘက်က ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်အထိ အထူးရန်ပုံငွေစီမံကိန်း စုစုပေါင်း ၉၂ ခုကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ပထမဆုံးအဆိုပြုသည့် နိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဆက်လက်ပါဝင်နေပြီး တခြားသော စီမံကိန်းများကိုလည်း ဆက်လက်အကောင်ထည်ဖော် ပါဝင်နေတာဖြစ်ပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူ့ စွမ်းအားအရင်းအမြစ်၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးကဏ္ဍ စသည့် ကျယ်ပြန့်လှသည့် နယ်ပယ်ပေါင်းစုံတွင် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဒီထဲမှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျတဲ့ အုတ်မြစ်တစ်ခုကိုလည်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကနေ ရှမ်းပြည်နယ်အတွင်းမှာ အကောင်ထည်ဖော်နိုင်ခဲ့ပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းရဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” အဆောက်အအုံကိုလည်း ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဒီစီမံကိန်း တည်ဆောက်ပြီးစီးခြင်းက ပြည်နယ်တွင်း သက်မွေးဝမ်းကျောင်းနည်းပညာ လူတော်လူချွန်တွေကို မွေးထုတ်ပေးတဲ့ နေရာဖြစ်လာရုံသာမက တိုင်းရင်းသားလူမျိုးစုများ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ပလက်ဖောင်းတစ်ခုလည်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong က အဲဒီစင်တာ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါစင်တာသည် တရုတ်-မြန်မာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ကိုယ်စားပြုစီမံကိန်း နောက်တစ်ခုဖြစ်သလို မြန်မာနိုင်ငံ၏ ပထမဆုံးသော တိုင်းရင်းသားလူမျိုးစုများအတွက် သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး စင်တာလည်းဖြစ်ပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ” ကို တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ခပေါင်းရေကြည်ရပ်၌ အကောင်ထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

သင်တန်းစင်တာတွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများ ဆွေးနွေးဖလှယ်ခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားများ၏ အသိပညာများ မြှင့်တင်ပေးခြင်း၊ မျှဝေခြင်း စသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အလားတူပဲ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုဖြစ်စေမည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ၊ တိုင်းရင်းသားရိုးရာ လက်မှုပညာ သင်တန်းများ စသည်တို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အဲဒီစင်တာမှာ ကွန်ပျူတာ၊ ကားဝပ်ရှော့၊ တိုင်းရင်းသားလက်မှုပညာ စသည့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

ဒါကြောင့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်း စင်တာ” ကနေ ရှမ်းပြည်နယ်အတွင်းက လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို သင်ကြားပေးနိုင်တော့မှာဖြစ်ပါတယ်။

ခန့်မောင်