【 ဆောင်းပါး 】 နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု တိုက်ဖျက်ရေး

【 ဆောင်းပါး 】 နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု တိုက်ဖျက်ရေး

လူတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာ့လေထုအရည်အသွေး တဖြည်းဖြည်းကျဆင်းလာပါတယ်။

လေထုညစ်ညမ်းမှုတွေကြောင့်လည်း ကမ္ဘာလုံးဆိုင်ရာအနေဖြင့် လူတစ်ဦးချင်းစီ၏  ပျမ်းမျှ မျှော်မှန်းသက်တမ်းဟာ ၂ ဒသမ ၂ နှစ်ခန့်အထိ ကျဆင်းလာကြောင်း လေ့လာမှုမှတ်တမ်းတွေမှာ ဖော်ပြမှုအရ သိရပါတယ်။

ဆေးလိပ်သောက်သုံးခြင်းကြောင့် လူ့သက်တမ်းတိုစေခြင်းထက် မသန့်ရှင်းသည့် လေကို ရှူရှိုက်နေရသဖြင့် အသက်တိုရခြင်းက ပိုများကြောင်း လေ့လာမှုတွေမှာ ဖော်ပြထားပါတယ်။အလားတူ လေထုညစ်ညမ်းမှုကြောင့် အသက်တိုရခြင်းဟာ အရက်သောက်သုံးခြင်းနှင့် မသန့်ရှင်းသည့် ရေကို သုံးစွဲရခြင်းကြောင့် အသက်တိုရခြင်းထက် သုံးဆပိုများသလို HIV ရောဂါ ကူးစက်မှုကြောင့် အသက်တိုရခြင်းထက် ခြောက်ဆပိုများတယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါတို့ဟာ ပတ်ဝန်းကျင်လေထုထဲကနေ အောက်ဆီဂျင်ကို ရှူရှိုက်ကာ ဇီဝဖြစ်စဉ်များကို အလုပ် လုပ်စေပြီး အသက်ရှင်နေထိုင်ကြရခြင်းဖြစ်ပါတယ်။လူတိုင်း အသက်မရှူဘဲ နေလို့မရတဲ့အတွက် လေထုညစ်ညမ်းမှုဆိုတာကလည်း လူတိုင်းနဲ့ သက်ဆိုင်လာတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။

ယနေ့ခေတ် လူသားများအနေဖြင့် လေထုညစ်ညမ်းမှုကို ရှောင်လွှဲ၍ မရတာကြောင့် အလွန်အန္တရာယ်များလှပါတယ်။လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ၆၀ ရာခိုင်နှုန်းခန့်မှာ တွင်းထွက်လောင်စာများကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပြီး ၁၆ ရာခိုင်နှုန်းခန့်မှာ တောမီး၊ မြူခိုးများ၊ ပင်လယ်ဆားဓာတ်များ အငွေ့ပျံခြင်းတို့ကြောင့်ဖြစ်ကာ ၂၂ ရာခိုင် နှုန်းမှာ လူသားများပြုလုပ်သည့် တခြားသောလုပ်ငန်းဆောင်တာများကြောင့်ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ တောင်အာရှဒေသဟာ လေထုညစ်ညမ်းမှုအများဆုံး ဒေသဖြစ်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနိုင်ငံတို့ဟာ  လေထုညစ်ညမ်းမှု အဆိုးဆုံးနိုင်ငံတွေဖြစ်တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

မသန့်ရှင်းတဲ့ လေကို ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းမှတစ်ဆင့်    ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်၍  အဆုတ်၊ နှလုံး၊ အသည်းနှင့် ဦးနှောက် စတဲ့ အင်္ဂါအစိတ်အပိုင်းများကို ရေရှည်တွင်ထိခိုက်မှု ဖြစ်စေကာ ကင်ဆာကဲ့သို့သော ရောဂါများနှင့် တခြားနာတာရှည်ရောဂါများ ဖြစ်ပွားစေနိုင်ပါတယ်။

ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကို သတိမမူဘဲ နေထိုင်ကြမည်ဆိုပါက ကျန်းမာရေးဆိုင်ရာပြဿနာများနှင့် တွေ့ကြုံကြရမည်ဖြစ်သကဲ့သို့ လူ့သက်တမ်းစေ့ နေထိုင်နိုင်ရေးမှာလည်း အခက်အခဲတွေ ကြုံတွေ့လာနိုင်ပါတယ်။ဒါကြောင့် လေထုညစ်ညမ်းမှုလျှော့ချခြင်းလုပ်ငန်းတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက အားသွန်ခွန်စိုက် လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။အဲဒီလိုဆောင်ရွက်ရာတွင် ထိရောက်သည့် မူဝါဒများ ချမှတ်လိုက်နာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါတယ်။

အတုယူစရာတစ်ခုအနေဖြင့် တရုတ်နိုင်ငံ၌ လေထုအရည်အသွေး မြှင့်တင်ရေးအတွက် War Against Air Pollution ဟူသည့် မူဝါဒကို ၂၀၁၄ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၃၉ ဒသမ ၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပြီလို့ ဆိုပါတယ်။ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ လေထုအရည်အသွေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏  သတ်မှတ်ချက်ပြည့်မီရန် လိုအပ်နေသေးကြောင်း တွေ့ရှိရပါတယ်။

ကမ္ဘာတစ်ဝန်းတွင် လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူဦးရေ ၇ သန်းခန့် သေဆုံးနေကြရပြီး ၂၄ သန်းခန့်မှာ အိမ်တွင်းလေထုညစ်ညမ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေရပါတယ်။ဒါ့အပြင် လေထုညစ်ညမ်းမှုဟာ နယ်နိမိတ်ဖြတ်ကျော်သည့် သဘာဝရှိသည့်အတွက် လေထုညစ်ညမ်းမှုပြဿနာများအား ဖြေရှင်းရန်အတွက် ဒေသအဆင့်၊ အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်း၍ အတူတကွဆောင်ရွက်မှုတွေလည်းရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ၂၀၀၂ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

အလားတူ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းဖြစ်တဲ့ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်းကိုလည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်နေတာ တွေ့ရပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲများကိုလည်း အကောင်ထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

အဲဒီဟောပြောပွဲတွေ၊ သင်တန်းတွေကို လေထုညစ်ညမ်းမှု ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ စောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြင့်မားလာစေရန်၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကောင်းမွန်သော ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး စောင့်ကြည့်လေ့လာခြင်း စနစ်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြုလုပ်နေခြင်းဖြစ်ပါတယ်။

မီးခိုးမြူငွေ့ ဖြစ်ပေါ်သည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ်ညမ်းစေသည့် အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများနှင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေး လုပ်ငန်းစဉ်များကို အသိပညာပေး ဟောပြောမှုတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ဒါ့အပြင် မီးခိုးမြူငွေ့ကင်းစင်ရေးအတွက် ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်း အသိပညာပေး ဟောပြောပေးနေတယ်လို့ ဆိုပါတယ်။

လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေးအတွက် လူတစ်ဦးချင်းစီအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းများရှိနေပါတယ်။နေ့စဉ် လူနေမှုဘဝကို ပြောင်းလဲခြင်းဖြင့် လေထုညစ်ညမ်းမှု လျှော့ချရေးကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုခြင်းပင် ဖြစ်ပါတော့တယ်။

ခန့်မောင်