【 နိုင်ငံတကာဆောင်းပါး 】 အရှိန်အဟုန်ပြင်းစွာ ပြန်လည်နိုးထလာနေတဲ့ တရုတ်စီးပွားရေး

【 နိုင်ငံတကာဆောင်းပါး 】 အရှိန်အဟုန်ပြင်းစွာ ပြန်လည်နိုးထလာနေတဲ့ တရုတ်စီးပွားရေး

ယခုကျင်းပခဲ့သော တရုတ်နိုင်ငံ၏ အရေးကြီးသော အစည်းအဝေးနှစ်ရပ်သည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးကို ဦးဆောင်နေသည့် နိုင်ငံ၏ ၂၀၂၄ ခုနှစ်အတွက် မူဝါဒရေးရာ ဦးစားပေးမှုများကို ပြင်ပကမ္ဘာက သိနိုင်သော အရေးကြီးသော ပြတင်းပေါက်တစ်ခုဖြစ်သဖြင့် ကမ္ဘာက ထိုအစည်းအဝေးနှစ်ရပ်ကို စိတ်ဝင်စားကြသည်။
 
အထူးသဖြင့် ယခုအစည်းအဝေးနှစ်ရပ်တွင် ကမ္ဘာက စိတ်ဝင်စားသည်မှာ တရုတ်စီးပွားရေး သည် ကမ္ဘာ့စီးပွားရေး၏ စက်ခေါင်းဖြစ်နေပြီဖြစ်သောကြောင့် တရုတ်ခေါင်းဆောင်၏ “အရည်အသွေးပြည့်ဝသော ကုန်ထုတ်စွမ်းအားသစ်များ တည်ဆောက်ခြင်း” ဟူသော အယူအဆသက်ရောက်မှုကိုဖြစ်သည်။
 
အထူးသဖြင့် ဒေသတွင်း ပဋိပက္ခနှစ်ခုကြီးဖြစ်သည့် ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကြားတွင် တရုတ်စီးပွားရေးကို မည်သို့ထိန်းကျောင်းသွားမည် မည်သို့ ပဲ့ကိုင်သွားမည်ကို ယခုအစည်းအဝေးနှစ်ရပ်တွင် မြင်ရနိုင်ခြင်းဖြစ်သည်။ထိုထိန်းကျောင်းမှုသည် တရုတ်စီးပွားရေးကို အရှိန်ဟုန်ပြင်းစွာ နိုးထလာစေမှုကို မည်သို့အရှိန်အဟုန်ကောင်းစေမည်ကို သိချင်ကြသည်။
 
အထူးသဖြင့် တရုတ်ခေါင်းဆောင်များက နည်းပညာအရည်အသွေးမြင့်တင်ကာ သမားရိုးကျကုန် ထုတ်မှုကို တိုးတက်စေမည့် “အရည်အသွေးပြည့်ဝသော ကုန်ထုတ်စွမ်းအားသစ်များ တည်ဆောက်ခြင်း” အတွက် အဓိကဖြစ်သည့် နည်းပညာပိုင်းအတွက် ယခုနှစ်စီးပွားရေးလုပ်ငန်းတွင် မြင့်မားသောနည်းပညာ၊ စွမ်းဆောင်ရည်မြင့်မားမှုနှင့် ထုတ်လုပ်မှုအရည်အသွေးမြင့်မားရေးတို့ကို မြှင့်တင်ရန် အာရုံစိုက်မည်ဖြစ်သည်။ထို့အတွက် တရုတ်နိုင်ငံတွင် သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာအရင်းအမြစ်ရှိပြီး တစ်နှစ်လျှင် တက္ကသိုလ်ဘွဲ့ရဦးရေ ၁၁ သန်းခန့် တိုးလာခြင်းက အခြေခံသိပ္ပံနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများကို တရုတ်စီးပွားရေးတွင် အမှန်တကယ်ထုတ်လုပ်မှုအဖြစ် အသွင်ပြောင်းခြင်းသည် အလွန်အရေးကြီးသောဖြစ်စဉ် ဖြစ်လာမည်ဖြစ်သည်။
 
သို့သော် ထိုသို့အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးခြင်းအတွက် လုပ်ဆောင်ခြင်းသည် ရှိပြီးသား ရိုးရာစက်မှုလုပ်ငန်းများကို လျစ်လျူရှုခြင်း (သို့မဟုတ်) စွန့်လွှတ်ခြင်း မဟုတ်ကြောင်းကို တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က မတ်လ ၆ ရက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ (CPPCC) ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်နေသည့် တရုတ်ကူမင်တန်တော်လှန်ရေးကော်မတီ၊ သိပ္ပံနည်းပညာ၊ ပတ်ဝန်းကျင်နှင့် အရင်းအမြစ်လုပ်ငန်းနယ်ပယ်များမှ ကော်မတီဝင်များ၏ အဖွဲ့လိုက်စိစစ်ဆွေးနွေးပွဲတွင် ပြောခဲ့သည်။
 
ရှီက အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးခြင်းသည် ရိုးရာစက်မှုလုပ်ငန်းများကို လျစ်လျူရှုခြင်း (သို့မဟုတ်) စွန့်လွှတ်ခြင်း မဟုတ်ကြောင်း၊ သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုဆန်းသစ်တီထွင်မှုကို မြှင့်တင်ရမည်၊ သိပ္ပံနှင့် နည်းပညာ အောင်မြင်မှုများကို လက်တွေ့အသုံးချခြင်းကို အားဖြည့်ပြုလုပ်ရမည်၊ ရိုးရာစက်မှုလုပ်ငန်း အသွင်ပြောင်းခြင်းဖြင့် အဆင့်မြှင့်တင်ရမည်၊ မဟာဗျူဟာမြောက် ထွန်းသစ်စ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရမည်၊ အနာဂတ်စက်မှုလုပ်ငန်းများကို စီစဉ်တည်ဆောက်ရမည်၊ ခေတ်မီစက်မှုလုပ်ငန်းစနစ်ကို  ပိုမိုလျင်မြန်စွာ တည်ဆောက်ရမည်ဖြစ်ကြောင်းကို ပြောခဲ့သည်။
 
တရုတ်ဝန်ကြီးချုပ် လီချန်က မတ်လ ၅ ရက် အင်္ဂါနေ့က Great Hall of the People ၌ ကျင်းပသည့် (၁၄) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယအစည်းအဝေး အဖွင့်အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီကိုယ်စား အစိုးရလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ တစ်ရပ်ကို ပြောကြားခဲ့သည်။ထိုအစီရင်ခံစာ တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးသည် ယမန်နှစ်က ၅.၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး တရုတ်နိုင်ငံက ကမ္ဘာ့အဓိကစီးပွားရေးတိုးတက်မှုအရှိဆုံး နိုင်ငံများအကြား ပါဝင်လာခဲ့ကြောင်း ဖော်ပြခဲ့သည်။
 
ထို့ပြင် အစီရင်ခံစာ၌ တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း မြို့ပြအလုပ်အကိုင်ပေါင်း ၁၂.၄၄ သန်း ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ မြို့ပြနေထိုင်သူ အလုပ်လက်မဲ့နှုန်းမှာ ပျမ်းမျှ ၅.၂ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားခဲ့သည်။အစီရင်ခံစာအရ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းဝန်းကျင် ရည်မှန်းထားသည်။
 
၎င်းသည် ၁၉၉၀ ခုနှစ်များနှင့် ၂၀၀၀ ခုနှစ်များ ၏ တိုးတက်မှုနှုန်းများနှင့် နှိုင်းယှဉ်ပါက အနည်း ငယ်မျှသာ ပေါ်လွင်နေသော်လည်း တိုးလာမှု၏ အရွယ်အစားသည် လက်ရှိစီးပွားရေးအခြေခံကောင်းမှုကို သိသာထင်ရှားစေသည်။ထိုသည်မှာအောင်မြင်မှုဖြစ်သည်။
 
၂၀၂၃ ခုနှစ်တွင် ပြင်ပနှင့် ပြည်တွင်းရေး စိန်ခေါ် မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း တိုးတက်မှုကို ဆောင်ကြဉ်းနိုင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်တွင်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးမျှော်လင့်ချက်များစွာကို ဆက်လက်ဆောင်ကြဉ်းပေးနိုင်မည်ဟု အားလုံးက ယုံကြည်ထားသည်။
 
တရုတ်နိုင်ငံသည် စီးပွားရေးအသွင်ကူးပြောင်းမှုကို လုပ်ဆောင်နေပြီး တိုးတက်မှု အရင်းအမြစ်သစ်များကို ရှာဖွေနေချိန်ဖြစ်ရာ ရှိပြီးသား အရှိန်ရနေသည့် စီးပွားရေးကဏ္ဍများကို ထိန်းထားဖို့လိုနေသလို စီးပွားရေးနယ်ပယ်သစ်ကို ခြေလှမ်းရန်လိုသည်။တရုတ်က ထိုနှစ်ခုစလုံးကို ဟန်ချက်ညီညီ လုပ်ဆောင်ထားသည်ကို မြင်ရသည်။ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း လျှပ်စစ်ကားများ၊ ဘက်ထရီနည်းပညာနှင့် နေရောင်ခြည်စွမ်း အင်ကဲ့သို့သော ကဏ္ဍများတွင် အရှိန်အဟုန်ဖြင့် တိုးတက်မှုကို မြင်တွေ့ခဲ့ရသည်။
 
နည်းပညာဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်းသစ်များ ထွန်းကားလာမှုသည် အနာဂတ်စီးပွားရေးချဲ့ထွင်မှုကို တွန်းအားပေးရာတွင် အရေးပါသော အခန်းကဏ္ဍဖြစ်သည်။
 
သမားရိုးကျ အစဉ်အလာမှ ဒစ်ဂျစ်တယ်စီးပွားရေးသို့ ကူးပြောင်းမှုသည် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများနှင့်အတူ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ်အတွက် အရေးကြီးသည်။ဉာဏ်ရည်တု၊ စက်ရုပ်များ၊ အလိုအလျောက်စနစ်၊ blockchain နှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုများတွင် အရှိန်အဟုန်မြှင့်လုပ်ဆောင်ခြင်းသည် တိုးမြင့်လာသော စီးပွားရေးတိုးတက်မှုကိုအထောက်အကူဖြစ်စေပါသည်။
 
၂၀၂၃ ခုနှစ်တွင် ရရှိသော တိုးတက်မှုဖြစ်သည့် ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး ၅.၂ ရာခိုင်နှုန်းတွင် အသစ်သုံးမျိုးဟုခေါ်သည့် လျှပ်စစ်ကားများ၊ ဘက်ထရီနည်းပညာနှင့် နေရောင်ခြည်စွမ်း အင်ကဏ္ဍမှ ရရှိ မှု သည် ၄၀ ရာခိုင်နှုန်းအထိရှိခဲ့သည်။ထိုတိုးတက်ရရှိမှုသာမရှိပါက တရုတ်နိုင်ငံ၏ GDP သည် ၃ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ဆိုသည်။ထို့ကြောင့်လည်း တရုတ်စီးပွားရေးကို နည်းပညာမြင့် “အရည်အသွေးပြည့်ဝသော ထုတ်လုပ်မှုစွမ်းအားသစ်” မူဝါဒကြောင့် ပြန်လည်အားသစ်လောင်းကာအရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဟု ခန့်မှန်းကြခြင်းဖြစ်သည်။
 
ထို့ကြောင့်လည်း မတ် ၆ ရက်က ပြုလုပ်ခဲ့သည့် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် (NPC) ဒုတိယအကြိမ် အစည်းအဝေး၏ စီးပွားရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၄ ခုနှစ် တရုတ်စီးပွားရေးနှင့်ပတ်သက်ပြီး ကောင်းမွန်မည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ထိုသတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်ဥက္ကဋ္ဌ Zheng Shanjie က ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားသာချက်များသည် အားနည်းချက်များထက် ပိုမိုများပြားကြောင်း၊ စီးပွားရေးပြန်လည်ဦးမော့လာပြီး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်မည့် အရှိန်အဟုန် ပိုမိုခိုင်မာအားကောင်းလာမည်ဖြစ်ကြောင်း၊ ရေတိုကာလရော ရေရှည်ကာလတွင်ပါ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြည့်လျှင် အင်အားတောင့်တင်းသော ကျားကန်ပေးမှုရှိသည်ဟု တွေ့မြင်နိုင်ကြောင်း၊
 
ပထမအနေနှင့် ဖွံ့ဖြိုးတိုးတက်ရေးအခြေခံအုတ်မြစ် ပိုမိုခိုင်မာလာခြင်းဖြစ်ကြောင်း၊
 
ဒုတိယအနေနှင့် မက္ခရိုမူဝါဒများ ဆက်လက်အားဖြည့်ကျင့်သုံးခြင်း ဖြစ်ကြောင်း၊
 
တတိယအနေနှင့် ဒေသအသီးသီးတွင် ဖွံ့ဖြိုး တိုးတက်ရေး ပိုမိုအပြုသဘောဆောင်သောအောင်မြင်မှုများ ရရှိခြင်းဖြစ်ကြောင်း၊
 
စတုတ္ထအနေနှင့် တိုးတက်ကောင်းမွန်သော အချက်များ အဆက်မပြတ်စုဆောင်းခြင်းဖြစ်ကြောင်း၊
 
စီးပွားရေး ဆက်တိုက်ဦးမော့လာပြီး ရေရှည်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးပြီး တစ်နှစ်လုံး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကိုအရည်အသွေးမြင့်မားစွာ အကောင်အထည်ဖော်ရန် မိမိတို့အနေဖြင့် ယုံကြည်စိတ်၊  စွမ်းဆောင်ရည်နှင့် အခြေအနေရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
 
အထူးသဖြင့် စီးပွားရေးအသွင်ကူးပြောင်းမှုတွင် နည်းပညာကို အခြေခံပြီး “အရည်အသွေးပြည့်ဝ သော ထုတ်လုပ်မှုစွမ်းအားသစ်” အယူအဆကို တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ဖော်ထုတ်ကာတရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာမှုထဲ အရှိန်အဟုန်သစ်များ ထည့်သွင်းပေးခြင်းကြောင့် တရုတ်စီးပွားရေးတွင် နိုင်ငံ၏ ခံနိုင်ရည်အားကို မြှင့်တင်ပေးကာ ကမ္ဘာ့အဆင့်တွင် ၎င်း၏ အဓိကယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်လိမ့်မည် ဖြစ်လေသည်။
 
စိုးငြိမ်း