【 နိုင်ငံတကာဆောင်းပါး 】 အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု အခြေခံပြီး နုပျိုသစ်လွင်လာတဲ့ တရုတ်စီးပွားရေး

【 နိုင်ငံတကာဆောင်းပါး 】 အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု အခြေခံပြီး နုပျိုသစ်လွင်လာတဲ့ တရုတ်စီးပွားရေး

တရုတ်နိုင်ငံ၏ စီးပွားရေးကိုကြည့်လျှင် အမြဲတစေ နုပျိုသစ်လွင်နေသည်ကို တွေ့ရမည်ဖြစ်ပြီး အမြဲတစေ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ ပြည့်နှက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ထိုသည်ကပဲ တရုတ်စီးပွားရေးကို နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် စွဲဆောင်မှုဖြစ်စေသည်။

ယခုအခါ တရုတ်နိုင်ငံ၏ စီးပွားရေးတွင် အဓိကကျသည့် စွမ်းအင်ကဏ္ဍတွင် ကြီးစွာသော အပြောင်းအလဲပေါ်ထွက်နေပြီး ထိုအပြောင်းအလဲကြောင့် ရင်းနှီးမြုပ်နှံသူများအတွက် ကြီးမားသော အခွင့်အလမ်း ပေါ်ထွက်လာနေသည်။ထိုအခွင့်အလမ်းကို အမိအရဆုပ်ကိုင်နိုင်ရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများ အပြိုင်အဆိုင် ကြိုးစားအားထုတ်နေရာ ကမ္ဘာ့စီးပွားရေး နာလန်ထူရန် ခက်ခဲနေချိန်တွင်ပင် တရုတ်စီးပွားရေးကို နုပျိုသစ်လွင်သော တိုးတက်မှုဖြင့် တစ်ဟုန်ထိုး တိုးတက်နေသည်ကို မြင်နေရသည်။

ယခုအခါ တရုတ်၏ စွမ်းအင်ကဏ္ဍသည် ကာဗွန်အခြေပြုမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍဘက်သို့ ကူးပြောင်းနေချိန်ဖြစ်သည်။ထိုသည်မှာ ပါရီသဘောတူညီချက်တွင် ချမှတ်ထားသည့် ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရန် လိုအပ်သော အလိုအပ်ဆုံးအရာများထဲမှ တစ်ခုလည်းဖြစ်သော အစိမ်းရောင်စီးပွားရေးစနစ်သို့ ကူးပြောင်းခြင်းလည်းဖြစ်သည်။

တရုတ်ခေါင်းဆောင်များက ၂၀၂ဝ ခုနှစ် စက်တင်ဘာလ ၂၂ ရက်တွင် တရုတ်၌ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို ၂၀၃၀ ခုနှစ်မရောက်ခင် အထွတ်အထိပ် ဆိုက်ရောက်ပြီး ၂၀၆၀ ပြည့်နှစ်မရောက်ခင် ကာဗွန်ဓာတ်ပြယ်မှု ဖြစ်စေရေးကို အကောင်အထည်ဖော် လုပ်ဆောင်မည်ဟု ကတိပေးထားခဲ့ရာ ထိုကတိအတိုင်း လုပ်ဆောင်မှုကြောင့် အစိမ်းရောင်စွမ်းအင်ကဏ္ဍတွင် တရုတ်နိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများထက် ရှေ့သို့များစွာ ရောက်နေခဲ့ပြီဖြစ်သည်။

သန့်စင်သော စွမ်းအင်သည် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးအတွက် ယွမ် ၁၁.၄ ထရီလီယံ အမေရိကန်ဒေါ်လာ ၁.၆ ထရီလီယံ စံချိန်တင်ပါဝင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုအားလုံးနှင့် အခြားကဏ္ဍများထက် စီးပွားရေးတိုးတက်မှုတွင် ပါဝင်မှုပိုများခဲ့သည်။တရုတ်၏ သန့်ရှင်းသောစွမ်းအင်တွင် ရင်းနှီးမြှုပ်နှံမှု ကြီးမားလာမှုကို ခွဲခြမ်းစိတ်ဖြာကြည့်ပါက အထူးသဖြင့် နေရောင်ခြည်စွမ်းအင်သုံး စက်မှုလုပ်ငန်းသစ်ဟုခေါ်တွင်သည့် လျှပ်စစ်ထုတ်လုပ်မှု၊ လျှပ်စစ်ကားများ (EV) နှင့် ဘက်ထရီများကို အဓိကတွေ့ရမည်ဖြစ်သည်။

ဆိုလာပြားများ၊ EV များနှင့် ဘက်ထရီများ ထုတ်လုပ်နိုင်မှုနှင့်အတူ ဆိုလာစွမ်းအင်သည် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သန့်ရှင်းသောစွမ်းအင် ရင်းနှီးမြှုပ်နှံမှုများ၌ အဓိကအာရုံစိုက်ရာဖြစ်ခဲ့ကြောင်း ရင်းနှီးမြုပ်နှံမှု လေ့လာဆန်းစစ်ချက်များက ဖော်ပြသည်။သန့်ရှင်းသောစွမ်းအင်တွင် ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၃ ခုနှစ် ယွမ် ၆.၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၉၀ ဘီလီယံ) အထိရှိခဲ့ရာ တစ်နှစ်ထက် တစ်နှစ် ၄၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း သန့်ရှင်းသောစွမ်းအင်ကဏ္ဍများတွင် တရုတ်၏ အမေရိကန်ဒေါ်လာ ၈၉၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၃ ခုနှစ်  ရုပ်ကြွင်းလောင်စာအတွက် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုနီးပါး များပြားပြီး ဆွစ်ဇာလန် (သို့မဟုတ်) တူရကီ၏ GDP ပမာဏနီးပါးရှိသည်။ရလဒ်အနေဖြင့် သန့်ရှင်းသောစွမ်းအင်ကဏ္ဍများသည် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အကြီးမားဆုံး မောင်းနှင်အားဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် GDP ၏ ၄၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

သန့်ရှင်းသောစွမ်းအင်ကဏ္ဍများမှ တိုးတက်မှုမရှိပါက တရုတ်နိုင်ငံ၏ GDP သည် အစိုးရ၏ ၅ ရာခိုင်နှုန်းဝန်းကျင် တိုးတက်မှု ပန်းတိုင်ကို လွဲချော်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့သည့် ၅.၂ ရာခိုင်နှုန်းအစား ၃ ရာခိုင်နှုန်းသာ တိုးတက်လိမ့်မည်ဖြစ်သည်။ထိုသည်ကိုကြည့်လျှင် တရုတ်စီးပွားရေးတွင် သန့်စင်သောစွမ်းအင်ကဏ္ဍ၏ အရေးပါနေမှုကို မြင်ရမည်ဖြစ်ပြီး မည်မျှတိုးတက် နေရာယူနေပြီဖြစ်သည်ကိုလည်း မြင်ရမည်ဖြစ်သည်။

သန့်ရှင်းသောစွမ်းအင်လုပ်ငန်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချဖို့အတွက် အဓိကအပြောင်းအလဲဖြစ်သည်။ပိုမိုကျယ်ပြန့်သော စီးပွားရေးနှင့် စက်မှုမူဝါဒ၏ အဓိကအစိတ်အပိုင်းအဖြစ် သန့်ရှင်းသောစွမ်းအင်ကို အပြောင်းအလဲအခြေပြုရာမှ တရုတ်နိုင်ငံ၏ စွမ်းအင်နှင့် ရာသီဥတုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် များစွာပြောင်းလဲတိုးတက်လာသည်ကို မြင်တွေ့ရလာသည်။ဤစက်မှုလုပ်ငန်းအသစ်များ၏ အရေးပါမှု ကြီးထွားလာသည်နှင့်အမျှ တရုတ်နိုင်ငံသည် သန့်ရှင်းသောစွမ်းအင် နည်းပညာများဆီသို့ ကမ္ဘာလုံးဆိုင်ရာ အကူးအပြောင်းတွင် သိသာထင်ရှားသော စီးပွားရေးအခွင့်အလမ်းကို ဖော်ထုတ်ပေးခဲ့သည်။

သန့်ရှင်းသောစွမ်းအင်သည် တရုတ်နိုင်ငံ၏ ၂၀၂၃ ခုနှစ် တိုးတက်မှုကို အဓိကတွန်းအားပေးခဲ့သည်။အထူးသဖြင့် ‘အသစ်သုံးမျိုး’ ဟုခေါ်သော ဆိုလာ၊ ဓာတ်အားသိုလှောင်သော ဘတ္ထရီနှင့် EV ကားများသည် ထိုတိုးတက်မှုတွင် အဓိကဖြစ်ခဲ့သည်။ထိုသုံးမျိုးတွင် ရင်းနှီးမြုပ်နှံမှုပမာဏသည် သန့်ရှင်းသောစွမ်းအင် ရင်းနှီးမြှုပ်နှံမှုကို လွှမ်းမိုးထားသည်။

Helsinki အခြေစိုက် စွမ်းအင်နှင့် သန့်ရှင်းသောလေထု သုတေသနစင်တာ (CREA) ၏ ကဏ္ဍခွဲခြမ်းစိတ်ဖြာချက်တွင် တရုတ်၏ အစိမ်းရောင်စွမ်းအင်တွင် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏ စီးပွားရေးချဲ့ထွင်မှုကို မောင်းနှင်ရာတွင် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုတစ်ခုလုံးရှိ အခြားကဏ္ဍအားလုံးကို ကျော်ဖြတ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ကမ္ဘာ့အကြီးဆုံး တင်ပို့သည့် နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် အဓိကအစိမ်းရောင်နည်းပညာများဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးတင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းကျော်၊ လီသီယမ်-အိုင်းယွန်း ဘက်ထရီထုတ်လုပ်မှု ထက်ဝက်နှင့် လျှပ်စစ်ကားထုတ်လုပ်ရေး ၂၀ ရာခိုင်နှုန်း အထက်ဖြင့်  ကမ္ဘာ့စျေးကွက်ကို လွှမ်းမိုးထားသည်။ထို့အတွက် ကမ္ဘာ့ရင်းနှီးမြုပ်နှံမှုစျေးကွက်တွင် အစိမ်းရောင်နည်းပညာအတွက် ရင်းနှီးမြုပ်နှံလိုသူများအတွက် တရုတ်က အခွင့်အလမ်းများဖွင့်ပေးထားရာ အစိမ်းရောင်နည်းပညာဖြင့် တရုတ်စီးပွားရေးမှာ သစ်လွင်နေခဲ့သည်။

အထူးသဖြင့် နေရောင်ခြည်စွမ်းအင်ထုတ်စက် (ဆိုလာပြား) သည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်အတွက် ကျောက်မီးသွေးကို ကိုင်တွယ်ဖြေရှင်းခြင်းတွင် အရေးပါနေခြင်းကြောင့် တရုတ်စီးပွားရေးကို မောင်းနှင်မည့် အသစ်သုံးမျိုးထဲ ထိပ်ဆုံးမှ ဆက်ရှိနေဦးမည်ဖြစ်သည်။အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ၏ အဆိုအရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကျောက်မီးသွေးအသုံးပြုမှုသည် စံချိန်တင်မြင့်မားခဲ့ပြီး ပထမဆုံးအကြိမ် တန်ချိန် ၈ ဒသမ ၅ ဘီလီယံကို ကျော်လွန်သွားခဲ့သည်။ကျောက်မီးသွေး အသုံးပြုမှုသည် အညစ်ညမ်းဆုံးနှင့် အထူးခြားဆုံးသော ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအနေဖြင့်၊ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချရန်နှင့် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်အတွက် ကျောက်မီးသွေးကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အရေးကြီးနေရာ အစိမ်းရောင်စွမ်းအင် အသုံးပြုခြင်းတွင် တိုးမြင့်လာနေခြင်းသည် ကမ္ဘာအတွက် သတင်းကောင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် ကျောက်မီးသွေးသည် လျှပ်စစ်ဓာတ်အား ၆၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေဆဲဖြစ်ပြီး ကမ္ဘာ့ကျောက်မီးသွေးသုံး ထုတ်လုပ်ခြင်း၏ ထက်ဝက်ကျော်သည် တရုတ်နိုင်ငံတွင်ရှိနေရာ အနာဂတ်တွင် တိုးတက်ဖွံ့ဖြိုးလာမည့် အစိမ်းရောင်စွမ်းအင်နှင့် နည်းပညာကို အလေးထားနေသည့် တရုတ်သည် အနာဂတ် စွမ်းအင်ကဏ္ဍသစ်တွင် ရင်းနှီးမြုပ်နှံလိုသူများအတွက် ကြီးမားသော အခွင့်အလမ်း ဖြစ်နေသည်။

လက်ရှိတွင်ပင် တရုတ်နိုင်ငံ၏ သန့်ရှင်းသော စွမ်းအင်ကဏ္ဍသည် ၂၀၂၃ ခုနှစ်တွင် မကြုံစဖူး မြင့်တက်လာခဲ့ရာ သန့်ရှင်းသောစွမ်းအင်ကဏ္ဍကြောင့် တရုတ်စီးပွားရေး၏ တိုးတက်မှုနှုန်းကို မြင့်တင်နိုင်ခဲ့ပြီဖြစ်သည်။

အစိမ်းရောင်စွမ်းအင်သစ် ဆိုလာဖြင့် လျှပ်စစ်ထုတ်လွှတ်မှုသည့် တရုတ်နိုင်ငံတွင် ၂၀၂၀ ခုနှစ်က ဂစ်ဂါဝပ် ၁၀၀ အောက်သာရှိရာမှ ၂၀၂၃ ခုနှစ်တွင် ဂစ်ဂါဝပ် ၁၅၀ ကျော်အထိ တစ်နှစ်အတွင်း ရုတ်ခြည်းတိုးတက်လာခဲ့သည်။ CREA ၏ အဆိုအရ EV လျှပ်စစ်ကား ထုတ်လုပ်မှုတွင်လည်း ၂၀၂၃ ခုနှစ်တွင် အစီးရေ ၉.၆ သန်းအထိရှိပြီး နိုင်ငံတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်အားလုံး၏ သုံးပုံတစ်ပုံရှိခဲ့သည်။

သို့ဖြစ်ရာ တရုတ်၏ စွမ်းအင်ကဏ္ဍတွင် ကြီးမားသော အပြောင်းအလဲဖြစ်လာသည့် အစိမ်းရောင်နည်းပညာကြောင့် တရုတ်စီးပွားရေးသည် ရင်းနှီးမြုပ်နှံလိုသူများအတွက် လာမည့်နှစ်များစွာအထိ ဆက်လက်နုပျိုနေဦးမည်ဖြစ်လေသည်။

စိုးငြိမ်း