【 ဆောင်းပါး 】 အားကျဖွယ်ရာ တရုတ်နိုင်ငံ၏ နယ်စပ်ဒေသဖွံ့ဖြိုးမှုခြေလှမ်း

【 ဆောင်းပါး 】 အားကျဖွယ်ရာ တရုတ်နိုင်ငံ၏ နယ်စပ်ဒေသဖွံ့ဖြိုးမှုခြေလှမ်း

နယ်စပ်ဒေသများသည် ပြည်ပနိုင်ငံများနှင့် ထိစပ်နေသော ဒေသများဖြစ်၍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် လွန်စွာအရေးပါသည်။

တရုတ်နိုင်ငံသည် နည်းပညာတွင် တစ်ဟုန်ထိုးဖွံ့ဖြိုးလာသည်နှင့်အမျှ နယ်စပ်ဒေသများ၏ သယ်ယူပို့ဆောင်ရေး ကွန်ရက်များကလည်း အီလက်ထရွန်းနစ်စနစ်များကို ဖန်တီးထားသည်။

မြန်မာပြည်နှင့် ထိစပ်နေသော ယူနန်ပြည်နယ်ရှိ တိုင်းရင်းသားလူနည်းစုဒေသများအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စက်မှုပြန်လည်ရှင်သန်ရေးနှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၊ ပညာရေးကဏ္ဍများကို မြှင့်တင်ခြင်း စီမံကိန်းများ ဆောင်ရွက်နေသဖြင့် လက်တွေ့အကျိုးကျေးဇူးများကို ရရှိခံစားကြရသည်။ထို့ကြောင့်ပင် ယူနန်ပြည်နယ်၏ GDP များသည် တစ်နှစ်ထက် တစ်နှစ် တိုးတက်လာခဲ့သည်။

၂၀၂၃ ခုနှစ် စာရင်းအရ ယူနန်ပြည်နယ်ရှိ ဒေသတွင်းပြည်သူများ၏ တစ်ဦးချင်းဝင်ငွေက ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်။ယခုကဲ့သို့ ဆောင်ရွက်ခြင်းများသည် ဒေသတစ်ခုအတွက် အရေးအပါဆုံးဖြစ်သည်။

ယူနန်ပြည်နယ်တွင် ရင်းနှီးမြုပ်နှံမှုအားလုံး၏ ထက်ဝက်ကျော်သည် စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။ထို့ပြင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အရေးပါသည့် ချုံကင်း-ကူမင်း အမြန်ရထားလမ်း၊ ယူနန်ပြည်နယ် အလယ်ပိုင်း ရေလွှဲလမ်းကြောင်းနှင့် ကူမင်းချုံရှူးလေဆိပ် တိုးချဲ့ရေး စီမံကိန်းတို့သည် အဓိကစီမံကိန်းများအဖြစ် တဖြည်းဖြည်း တိုးတက်လျက်ရှိသည်။

ယူနန်ပြည်နယ်ဆိုသည်မှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပြည်နယ်ဖြစ်ပြီး ရုရှား၊ မွန်ဂိုလီးယား၊ အိန္ဒိယ၊ ဗီယက်နမ်အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။မြန်မာနိုင်ငံမှ မြန်မာပြည်ဖွား တရုတ်လူမျိုးများစွာ နေထိုင်ရာနေရာနှင့် မြန်မာလူမျိုး အလုပ်သမားများ သွားရောက် အလုပ်-လုပ်ကိုင်နေကြသည့် ပြည်နယ်တစ်ခုဖြစ်သည်။

၎င်းပြည်နယ်၏ အားသာချက်မှာ စိုက်ပျိုးရေး အထူးဖြစ်ထွန်းသဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များကို များစွာထုတ်လုပ်နိုင်ကြသည်။

မကြာသေးမီနှစ်များအတွင်းကတည်းက မြန်မာနိုင်ငံမှ လူငယ်အများအပြားသည် ရွှေလီမြို့တွင် အခြေချနေထိုင်သူ များပြားလာသည်။လူငယ်အများအပြားသည် ၎င်းတို့၏ အလုပ်အကိုင်အခွင့်အလမ်းအတွက်လည်းကောင်း၊ ပညာရေးအတွက်လည်းကောင်း အခြေချနေထိုင်သူ များပြားလာခြင်းဖြစ်သည်။ရွှေလီမြို့သည် ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်အတွင်းရှိ မြို့တစ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံမှ မူဆယ်မြို့နှင့် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ထားသော နယ်ခြားမြို့ဖြစ်သည်။ရွှေလီမြို့တွင် ၂၀၂၀ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံမှ အလုပ်သွားရောက်လုပ်ကိုင်သူဦးရေ တစ်သိန်းကျော်ရှိပြီး ယခုအခါတွင် ပိုမိုများပြားနိုင်ဖွယ်ရာရှိသည်။

ရှမ်း၊ ဂျိမ်းဖော့၊ ဒယ်အန်၊ လီဆူ၊ အာချန် အစရှိသည့် တိုင်းရင်းသားလူမျိုးအစုံအလင် နေထိုင်ကြသော ရွှေလီမြို့သည် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသောမြို့ဖြစ်သလို ခေတ်မီတိုးတက်မှုများဖြင့် အေးချမ်းသောမြို့တစ်မြို့ဖြစ်သည်။

စက်မှုလုပ်ငန်းများနှင့် နည်းပညာများ အရှိန်အဟုန်နှင့် တိုးတက်လာသော တရုတ်နိုင်ငံက ဖွံ့ဖြိုးမှုနိမ့်ကျနေသော မြန်မာနိုင်ငံနှင့် ပညာရပ်ဆိုင်ရာ ကူညီထောက်ပံ့ဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။မြန်မာနိုင်ငံတွင် သတင်းအချက်အလက်နည်းပညာ(ICT) သုတေသနစင်တာများ ထူထောင်ရေး၊ Artificial Intelligent (AI) ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာဆိုင်ရာ တိကျတိုင်းတာရေး၊ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေး၊ တန်ဖိုးမြင့်အစားအသောက်များထုတ်လုပ်ရေး၊ နည်းပညာနှင့် ဓာတုနည်းပညာ တီထွင်ဆန်းသစ်မှုဆိုင်ရာ ကိစ္စများဆောင်ရွက်ရေး၊ သတ္တုဗေဒနှင့် ဒြပ်ပစ္စည်း သိပ္ပံဆိုင်ရာသုတေသနများ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပညာတော်သင် စေလွှတ်ရေးတို့ကို ဆွေးနွေးထားကြသည်။

တရုတ်နိုင်ငံတွင် တစ်ချိန်က စိုက်ပျိုးရေးကို အခြေခံသော ကျေးလက်ဒေသတောင်သူများသည် ယခုအခါ နည်းပညာမြင့်သည့် စက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေးကို ဆောင်ရွက်နိုင်ကြပြီဖြစ်သည်။တရုတ်နိုင်ငံ၏ ကျေးလက်ဒေသများတွင် 5G ကွန်ရက် လွှမ်းခြုံမှုနှင့် တိုးချဲ့ခြင်းများ တဖြည်းဖြည်းမြင့်တက်လာကြသည်။ကူမင်းမြို့နယ်စပ်ရှိ စက်မှုဇုန်များတွင် သိပ္ပံနှင့် နည်းပညာမြို့တော်ဟူ၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ခေတ်မီကုန်ထုတ်လုပ်ငန်းများနှင့် real economy ကို အဓိကကျောရိုးအဖြစ် ထားရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကို ဦးဆောင်နေခြင်းဖြစ်သည်။တရုတ်ပြည်မကြီး အရှေ့ပိုင်းကမ်းရိုးတန်းရှိ ကျန်းစူးပြည်နယ်တွင် စက်မှုလုပ်ငန်းများ အခြေခံခိုင်မာခြင်း၊ သိပ္ပံနည်းပညာနှင့် ပညာရေးအရင်းအမြစ်များ ကြွယ်ဝခြင်း၊ စီးပွားရေးလုပ်ကိုင်ရန် ပတ်ဝန်းကျင်ကောင်းမွန်ခြင်း၊ ဈေးကွက်ပမာဏကြီးမားခြင်း စသည့် အားသာချက်များ ပိုင်ဆိုင်ထားသည့် ပြည်နယ်တစ်ခုအဖြစ် ထင်ရှားသည်။

ထိုကဲ့သို့ နယ်စပ်ဒေသများနှင့် မြို့ပြဒေသများကို ဟန်ချက်ညီ တိုးတက်စေသော အစီအမံများကြောင့် Belt and Road Initiative (BRI) အစိတ်အပိုင်းတစ်ခုဖြစ်သည် နိုင်ငံတကာကုန်စည်ပို့ဆောင်ရေး ရထားများကဏ္ဍတို့လည်း အောင်မြင်တိုးတက်ခဲ့သည်။

၂၀၂၃ ခုနှစ်က တရုတ်-လာအို ရထားလမ်းမှ ပို့ကုန်သွင်းကုန်ပို့ဆောင်မှုပမာဏမှာ တန်ချိန် ၄ ဒသမ ၂၁၇၇ သန်းအထိ ရရှိခဲ့ကြောင်း သိရသည်။လာအို၊ ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံများ၏ သစ်သီး၊ သတ္တုရိုင်းနှင့် ရော်ဘာ စသည့် ဒေသတွင်းထုတ်ကုန်များ တရုတ်ဈေးကွက်သို့ အဆက်မပြတ် ဝင်ရောက်လာခဲ့ပြီး တရုတ်နိုင်ငံဘက်မှာ လျှပ်စစ်ပစ္စည်းနှင့် ကုန်စည်အသစ်များ အရှေ့တောင်အာရှနိုင်ငံများသို့ ဝင်ရောက်ကြသည်။

ထိုကဲ့သို့ အိမ်နီးချင်း တရုတ်နိုင်ငံ၏ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍ မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင်လည်း အလားတူဖွံ့ဖြိုးနိုင်မှုဆိုသည်မှာ စိန်ခေါ်မှုအခက်အခဲများများစွာ ရှိနေပါသည်။

မြန်မာနိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းမှ နည်းပညာနှင့် လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မှု အကူအညီများကို ရရှိခဲ့သည်။ပြီးခဲ့သည် ဖေဖော်ဝါရီ ၅ ရက်နေ့က လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဖော်ဆောင်သည့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာ အဆောက်အအုံဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။အဆိုပါအဆောက်အအုံသည် မြန်မာနိုင်ငံတွင် ပထမဆုံးသော ရှမ်းပြည်နယ်တိုင်းရင်းသားများအတွက် ဆောင်ရွက်ပေးသည့် ပထမဆုံးစင်တာဖြစ်ကြောင်း သိရသည်။၎င်းစင်တာမှ ကွန်ပျူတာသင်တန်း၊ ကားဝပ်ရှော့၊ တိုင်းရင်းသားလက်မှုပညာ စသည့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်သည် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ အစရှိသည့် နိုင်ငံများနှင့် ထိစပ်နေသော ပြည်နယ်တစ်ခုဖြစ်သည်။နိုင်ငံတစ်နိုင်ငံ စီးပွားရေးခိုင်မာဖွံ့ဖြိုးမှုများ၏ အရင်းအမြစ်များသည် ပညာရေးက အဓိကဖြစ်သည်။မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသော ပညာရေးအတွက် ထောက်ပံ့မှုများကို တရုတ်နိုင်ငံ၏ အဖွဲ့အစည်းများမှ တစ်တပ်တစ်အား ထောက်ပံ့ကူညီမှုများ ပေးသည်။

Bank of China ၏ ပညာသင် ထောက်ပံ့ကြေးစီ မံကိန်းမှ ရန်ကုန်တက္ကသိုလ် ကျောင်းသားဦးရေ ၁၀၀ ကို ပညာသင်ထောက်ပံ့ကြေး ပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်က ဖော်ဆောင်ခဲ့သည့် စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် စီမံကိန်းများတွင်လည်း မြန်မာနိုင်ငံရှိ အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေးနှင့် သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုနှင့် ပညာရေး စသည့် ကဏ္ဍများတွင် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး စီမံကိန်းတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။

စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် စီမံကိန်း ၉၂ ခုနှစ်တွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံပါဝင်ပြီး ရပ်ကွက်ကျေးရွာပေါင်း ၄၈ ခု၊ အခြေခံပညာကျောင်းနှင့် တက္ကသိုလ်ပေါင်း ၁၅၃ ကျောင်းကို အကျိုးပြုဖြစ်ထွန်းမည့် အထောက်အပံ့များ ပါဝင်သည်။

မူဆယ်ဂိတ်မှ နယ်စပ်ကို ကျော်လွန်လိုက်ပါက အစစအရာရာ ဖွံ့ဖြိုးတိုးတက်နေသည့် ရွှေလီမြို့ကို မြင်တွေ့ကြရသည်။နေ့စဉ် မူဆယ်နယ်စပ်ဂိတ်မှ နယ်စပ်ဖြတ်ကျော် စာအုပ်အနီများလုပ်၍ တရုတ်နိုင်ငံထဲတွင် မြန်မာနိုင်ငံမှ သွားရောက်နေထိုင်သူ၊ အလုပ်-လုပ်သူဦးရေလည်း တိုးပွားလာနေသည်။

ပညာရေး၊ အေးချမ်းတည်ငြိမ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ အစရှိသည့် လိုအပ်ချက်များစွာ ဖြစ်နေသော မြန်မာပြည်၏ နယ်စပ်ဒေသဖွံ့ဖြိုးမှုများအတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့ကူညီမှုများက အထောက်အကူများ ရရှိစေမည်ဖြစ်သည်။

အမွန်