【 ဆောင်းပါး 】 မြန်မာလျှပ်စစ်ကားစျေးကွက်ရောက် တရုတ် EV များ

【 ဆောင်းပါး 】 မြန်မာလျှပ်စစ်ကားစျေးကွက်ရောက် တရုတ် EV များ

မြန်မာနိုင်ငံ၏ လမ်းများပေါ်တွင် ယခုအခါ လျှပ်စစ် EV ကားများကို တွင်ကျယ်အောင် မြင်တွေ့ လာရပြီဖြစ်သည်။
 
အမျိုးအစားစုံ၊ အရောင်အသွေးစုံဖြင့် ဥဒဟိုသွားလာနေကြခြင်းဖြစ်ပြီး အထူးသဖြင့် အိမ်စီး ယာဉ်ငယ်များသာ ဖြစ်ကြသေးသည်။
 
၂၀၂၂ ခုနှစ်အတွင်းလောက်က ပြည်တွင်းတွင် လူပြောများခဲ့သလို ကိုယ်တိုင်သုံးစွဲခြင်းမျိုး မပြုကြသေးဘဲ ဝေဖန်မှုများစွာဖြစ်ခဲ့သည့် လျှပ်စစ် EV ကားများမှာ ယခုအခါလက်တွေ့သုံးစွဲနိုင်သော အခြေအနေမျိုး ဖြစ်လာခဲ့သည်။သို့ရာတွင် စျေးနှုန်းအနေအထားအရ လူတန်းစားတစ်ရပ်လောက်သာ လက်လှမ်းမီနိုင်သေးသည့် အခြေအနေမျိုးလည်းဖြစ်သည်။
 
ထိုစဉ်ကာလ နိုဝင်ဘာ ၂ ရက်က ယင်းလျှပ်စစ်ကားများကို တင်သွင်းပါက အခွန်အခ သုညရာခိုင်နှုန်းအဖြစ် သတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြေညာစာတစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် မကြာခင်ရက်ပိုင်းအတွင်းမှာပင် လျှပ်စစ်ကားများအတွက် အားသွင်းရန်နေရာ တည်ဆောက်မှုအပါအဝင် တင်ဒါခေါ်ယူမှု လုပ်ငန်းများလည်း နိုင်ငံပိုင်သတင်းစာများ၌ ဆက်တိုက်ဖော်ပြလာကြသည်။
 
ထိုလျှပ်စစ်ကားများအနက်တွင် ပြည်တွင်း၌အသုံးပြုနေသော အမှတ်တံဆိပ်အများစုသည် တရုတ် နိုင်ငံမှထုတ်လုပ်သည့် MG, Soueast, Haval, BATC, GMC, Bestune စသည့် Brand ခြောက်မျိုးကို အများဆုံးတွေ့လာရသည်။ထိုသို့သုံးစွဲမှုများလာခြင်းမှာလည်း လူကြိုက်များသည့် သွင်ပြင်ဒီဇိုင်းရှိကြသလို စျေး နှုန်းအားဖြင့်လည်း ဝယ်သူအတွက် ဝန်ထုပ်ဝန်ပိုးများ မဖြစ်စေဘဲ ပေးရသည့်နှုန်းနှင့် တန်သောအခြေအနေမျိုး ပြန်ရသည်ဟုပင် ဆို၍လောက်အောင် စွဲမက်စရာဖြစ်ခြင်းကြောင့် ဆိုကြသည်။
 
လျှပ်စစ် EV ကားများ၏ ပြောင်းလဲမှုသည် တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲလာခဲ့သည်။ကမ္ဘာ့နိုင်ငံများအသီးသီး၌သာမက မြန်မာနိုင်ငံအတွင်း၌လည်း လျင်မြန်စွာပြောင်းလဲဖွံ့ဖြိုး၍လာခဲ့သည်။ကမ္ဘာကြီးတွင် လူစီးယာဉ်များသုံးစွဲမှုအတွင်း ခေတ်ကာတစ်ခု၏ အပြောင်းအလဲတစ်ခုဆီ ဦးတည်ကာ ရွေ့လျှားလာနေသလို EV ကဏ္ဍ၏ အပြောင်းအလဲက စိတ်မဝင်စားဘဲ နေ၍မရအောင်ဖြစ်မိကြောင်း ပြောဆိုစကားများကို ပြည်တွင်းကားဝယ်ရောင်းလောကအတွင်း ဆိုလာကြသည်။
 
လက်ရှိတွင် တရုတ်မှထုတ်သည့် EV ကားများကို ပြည်တွင်းစျေးကွက်အတွင်း အကျယ်တဝင့် ထုတ်ဖော်ပြလာခဲ့သလို အိန္ဒိယကလည်း မဟိန္ဒရာဟူ၍ မိတ်ဆက်လာသလို ဆော်ဒီကလည်း BMW နည်းပညာဖြင့် Ceer ဟူသည့် EV ကားကို ထုတ်ဖော်ပြသလာခဲ့သလို ဗီယက်နမ်လည်း ၎င်းတို့ထုတ်လုပ်သည့် ဗီယက်နမ်ကား Vinfast ဟူ၍ ထုတ်ကာ US စျေးကွက်သို့ ပို့ဆောင်ခြင်းများရှိခဲ့သည်။
 
EV ကားများမှာ ထုတ်လုပ်မှုနည်းပညာပိုင်းအရ နည်းပညာရှုပ်ထွေးခြင်း သိပ်မရှိသည့်အတွက် နည်းပညာပိုင်း decentralised ဖြစ်လာလေလေ နည်းပညာမြင့် ထုတ်ကုန်များကို နေရာအနှံ့ ထုတ်လာနိုင်ခြင်းလည်းဖြစ်သည်။ပြည်တွင်းကားလောကတွင် လူကြိုက်များခဲ့သည့် ဂျပန်ကလည်း ယင်းနည်းပညာအပြောင်းအလဲပေါ် မည်ကဲ့သို့ကျော်လွှားမည်ကို စိတ်ဝင်တစား စောင့်ကြည့်သူများလည်းရှိကြသည်။
 
လတ်တလောတွင် ပထမဆုံး EV ထုတ်ခဲ့သည့် နစ်ဆန်းအမှတ်တံဆိပ်မှာလည်း ပြည်တွင်းတွင် သုံးစွဲသူများရှိသော်လည်း အသုံးပြုသည့် ဘက်ထရီပိုင်း အခက်ကြုံခြင်းများရှိပြီး ဘက်ထရီအသစ် ပြန်လည်လဲလှယ်ရာတွင် ကားတစ်စီးလုံးနီးပါးလောက် ကုန်ကျစရိတ်ဖြစ်နေတာကြောင့် စိတ်ဝင်စားမှုလျော့ကျသွားခဲ့ကြသည်။ယခုတစ်ဖန်လည်း ယင်းဘက်ထရီပိုင်းကို Solid State Battery ဟူ၍ လုပ်နေပြီး ၂၀၂၈ လောက်မှ သာ ထွက်ရှိရန် မှန်းထားကြသလို ယင်းအခြေအနေကို စောင့်ကြည့်သူများလည်းရှိသည်။
 
ထိုသို့ဖြင့် ပြည်တွင်းတွင် လျှပ်စစ်ကားများအပေါ် စိတ်ဝင်စားမှုလျော့ကျချိန်တွင် ၂၀၂၂ ခုနှစ်အတွင်း EV ကားများနှင့်ပတ်သက်သည့် အစီအစဉ်များကို သက်ဆိုင်ရာမှ လုပ်ဆောင်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တင်သွင်းခွင့်ပြုလာခဲ့သည်။ EV ကားများနှင့်ပတ်သက်သည့် Pilot Project သတ်မှတ်ထားသော ကာလအတွင်း၌ပင် EV အိမ်စီးကား တင်သွင်းခြင်းများအပြင် လျှပ်စစ်အားသွင်းရန် နေရာများပြုလုပ် ခြင်းနှင့် EV တက္ကစီများကိုပါ တင်သွင်းလာခဲ့ကြသည်။တင်သွင်းလုပ်ဆောင်ကာ ရောင်းဝယ်မှုများ များပြားလာသလို ပြည်တွင်းရှိ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီကလည်း မူဝါဒများချမှတ်၍ ထိန်းကျောင်းခြင်းများဖြင့် လုပ်ဆောင်ပေးလာခဲ့သည်။
 
ပြည်တွင်းစျေးကွက်အတွင်း EV ကားများ ဝင်ရောက်နေရာယူလာသလို အများစုသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် အမှတ်တံဆိပ်များဖြစ်ကြပြီး လူကြိုက်များသော အခြေအနေမျိုးကို ရလာခဲ့ခြင်းဖြစ်သည်။ထိုတရုတ်နိုင်ငံထုတ် EV ကား အမှတ်တံဆိပ်များအနက်မှ ရှန်ကျန်းအခြေစိုက် မော်တော်ကားကုမ္ပဏီမှ ထုတ် လုပ်သော BYD သည်လည်း ၂၀၂၃ ခုနှစ်အတွင်း ရောင်းအားများ လျင်မြန်စွာတိုးတက်ခဲ့သည်ဟု ယင်းနိုင်ငံရှိ သတင်းများ၌ ဖော်ပြလာကြသည်။
 
၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလတာကာလအတွင်း အဆိုပါကုမ္ပဏီက ရောင်းချခဲ့သည့် လျှပ်စစ် EV ကား အစီးရေမှာ ၅၂၆,၄၀၉ စီးရှိခဲ့သလို EV ကားစျေးကွက်တွင် ဦးဆောင်နေသည့် Tesla အမှတ်တံဆိပ်က အလားတူကာလအတွင်း ထုတ်လုပ်ရောင်းချလိုက်သော စီးရေ ၄၈၄,၅၀၇ စီးကို ကျော်လွန်သွားခဲ့သည်။ကမ္ဘာ့လျှပ်စစ်ကား ထုတ်လုပ်မှု ကဏ္ဍတွင် ဦးဆောင်နေသည့် အမေရိကန် လျှပ်စစ်ကား ထုတ်လုပ်ရေးလုပ်ငန်း  Tesla က ပြီးခဲ့သော ၂၀၂၂ ခုနှစ်တွင်း စီးရေ တစ်သန်းကျော် ထုတ် လုပ်ရောင်းချခဲ့သော်လည်း BYD မှ လျှပ်စစ်မော်ဒယ်များနှင့် plug-in hybrid များအပါအဝင် ကားအစီးရေ ၃ ဒသမ ၀၂ သန်းကျော် ရောင်းချနိုင်ခဲ့သည်ဟု ဆိုထားသည်။
 
လက်ရှိတွင်လည်း ပြည်တွင်းစျေးကွက်အတွင်း လူကြိုက်များ၍ ဦးဆောင်နေသော တရုတ် EV ကား အမှတ်တံဆိပ်များမှာ ‌‌ပြီးခဲ့သော ၂၀၂၃ ခုနှစ်ကုန်အထိ စာရင်းများအရ BYD, SAIC, NIO, GAC, Li Auto Inc., Geely, XPeng, Huawei, Changan Auto, Great Wall Motor တို့ ဖြစ်ကြသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် အိမ်စီး EV ကားများသာမကဘဲ လုပ်ငန်းသုံးကားများတွင်လည်း EV ကားများကို တင်သွင်းရောင်းချမှုများရှိလာပြီး ယင်းကားများသည်လည်း တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်များ ဖြစ်ကြသည်။
 
ပြည်တွင်းကားလောကတွင် EV ကားများကို တွင်ကျယ်စွာသုံးစွဲလာမှုနှင့်အတူ အခြားသော လောင်စာဆီသုံးကားများနှင့် နှိုင်းယှဉ်၍ တွက်ချက်လေ့လာမှုရှိလာကြသည်။ကီလိုမီတာ ၁၀၀ အတွက် ဆီကားတစ်စီးမှာ ပျမ်းမျှ ဆီ ၆ လီတာ ကုန်ကျပြီး တစ်လီတာကို ပြင်ပပေါက်စျေး ၂၈၀၀ ကျပ်ဖြင့် တွက်ပါက ၁၆,၈၀၀ ကျပ် ကုန်ကျမည်ဖြစ်သည်ဟု ကားနှင့်ပတ်သက်သော အင်ဂျင်နီယာများက တွက်ချက်ထားကြသည်။ယင်းခရီးအတွက် EV ကားအနေဖြင့် လျှပ်စစ်အား ၁၇ ကီလိုဝပ် (သို့မဟုတ်) ၁၇ ယူနစ်သာ ကုန်ကျမည်ဟု ဆိုသည်။
 
ထို ၁၇ ယူနစ်ကို တစ်ယူနစ်လျှင် ၂၅၀ ကျပ်နှုန်းကျသင့်သည့် အိမ်သုံးမီတာခနှင့်တွက်ပါက ၄၂၅၀ ကျပ်သာ ကျသင့်ပြီး EV အားသွင်းသော Charing station များတွင် အားသွင်းပါက ၆၈၀၀ ကျပ် ကျသင့်နိုင်ကြောင်း တွက်ချက်ထားသည်။ဆီကားတွင် သုံးစွဲသည့်ကာလ သတ်မှတ်ချက်အလိုက် ဘရိတ်ဆီ၊ အင်ဂျင်ဝိုင်အပါအဝင် ပြင်ဆင်စရိတ်များနှင့် ထပ်ဆောင်းကုန်ကျစရိတ်များလည်း များစွာရှိသည်။ EV ကားတွင် ဘတ္ထရီ  ၆၄ ကီလိုဝပ် တစ်စုံလျှင် ဒေါ်လာ ၁၂,၀၀၀ ရှိပြီး သီအိုရီအရ နှစ်ပေါင်း ၂၀ မှ ၃၀ ကြား အသုံးပြုနိုင်ကြောင်း ဆိုထားသော်လည်း fast ဖြင့် 100 % ပြည့်အောင် အားသွင်းမိခြင်း၊ လျှပ်စစ်အား ၁၀ ရာခိုင်နှုန်း ရောက်အောင် သုံးစွဲမိခြင်းတို့ရှိနိုင်သည့်အတွက် ၁၅ နှစ်ဖြင့် တွက်ချက်ပါက များစွာသက်သာသော အခြေအနေမျိုးကို တွေ့လာရသည်။ထို့ကြောင့် ကုန်ကျစရိတ်များကြားတွင် နည်းပညာအသစ်၊ ကားအသစ်များသုံးစွဲမှုနှင့် ကား ဟောင်းများ သုံးစွဲရမှုအပေါ် ဝယ်ယူသုံးစွဲသူများက ရွေးချယ်စရာအခြေအနေကောင်းမျိုး ဖြစ်လာခဲ့သည်။
 
ထို့ကြောင့်လည်း ပြည်တွင်းတွင် ကား Showroom ကားများ Preorder များဖြင့် ကားများကို ရောင်းချကြသလို အွန်လိုင်းပေါ်တင်၍ရောင်းချခြင်း၊ အမြတ်များစွာတင်၍ ရောင်းချခြင်းများလည်းရှိလာသည့်အတွက် အဆိုပါ EV ကားများကို ပြန်လည်ရောင်းချရာတွင် CIF တန်ဖိုးအပေါ် အမြတ် ၂၀ ရာခိုင်နှုန်းထက် ပိုမို ရောင်းချခြင်းမပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်းမပြုရန်၊ မှာယူထားသည့်ကားမှာ ပြည်ပမှရောက်ရှိလာခြင်းမရှိဘဲ Pre Order ဖြင့် ကြိုတင်ရောင်းချခြင်းမပြုရန်အပါအဝင် သတ်မှတ်ချက်များကို လိုက်နာရန်ကို လည်း လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီက သတိပေးထုတ်ပြန်လာလျက်ရှိသည်။
 
ထို့အပြင် ကားတင်သွင်းရောင်းချသူများနှင့်တွေ့ဆုံပွဲများ ပြုလုပ်သည့်အခါတွင်လည်း ယင်းသတ်မှတ်ချက်များကို လိုက်နာရန် ကြပ်မတ်ခဲ့‌ပြီး လိုက်နာမှုမရှိသည့် ကားရောင်းဝယ်ရေးလုပ်ငန်းများနှင့် ကုမ္ပဏီများကို အရေးယူရန် အစီအစဉ်များ ချမှတ်ထား၍ ထိန်းကျောင်းနေရခြင်းများရှိသည်။ကြိုတင်ရောင်းချပြီးနောက် ကားရောက်လာချိန်တွင် လက်ရှိပေါက်စျေးနှင့် ကွာဟချက်ကြီးမားသော အခြေအနေမျိုးလည်း ကြုံရပြီးရောင်းသူနှင့် ဝယ်သူကြား ငွေပြန်အမ်းမည်ကို လက်မခံဘဲ ကားကိုသာ ရယူလိုခြင်းကြောင့် ကားစျေးကွက်အတွင်း အငြင်းပွားရလောက်သည်အထိဖြစ်လာကာ လူကြိုက်များလာခဲ့သည်။
 
ပြည်တွင်းတွင် ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ EV လူစီးမော်တော်ယာဉ်နှင့် ကုန်တင် (ဝန်ပေါ့) ယာဉ် အစီးရေ ၁၈၈၈ စီးကို မှတ်ပုံတင်ခွင့်ပြုထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၏ သတင်းများ၌ ဆိုထားကြသည်။ထို ၁၈၈၈ အနက်တွင် EV လူစီးကား ၁၈၇၇ စီးနှင့် ကုန်တင် (ဝန်ပေါ့) ၁၁ စီးတို့ ပါဝင်ခဲ့ခြင်းဖြစ်သည်။အမျိုးသားအဆင့် လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ Pilot Project အရ ပြည်တွင်းသို့ EV ကားအစီးရေ ၃၀,၀၀၀ ဝန်းကျင် တင်သွင်းရန် လျာထားကြသော်လည်း လက်ရှိတွင် နိုင်ငံခြားငွေလဲနှုန်းအပါအဝင် အခြားသော အခက်အခဲများကြောင့် EV ကားအစီးရေ ၁၈၀၀ ကျော်သာ တင်သွင်းနိုင်သော အခြေအနေမျိုးဖြစ်နေသေးသည်။
 
ထို့ကြောင့် ဆက်လက်၍ တင်သွင်းရန်အစီအစဉ်များလည်းရှိနေပြီး ပြည်တွင်းကားသုံးစွဲမှုတွင် EV ကားများက သုံးစွဲမှု ပိုလာမည်ဖြစ်သည်။
 
လာမည့်အနာဂတ်ကာလတွင် ငွေကြေးသုံးစွဲမှုအခြေအနေအပါအဝင် စွဲမက်ဖွယ်ဒီဇိုင်းများ၊ အပိုပစ္စည်း ဝယ်ယူရလွယ်ကူမှု၊ သုံးစွဲရင်းကုန်ကျစရိတ်သက်သာမှုများကြောင့် တရုတ်နိုင်ငံထုတ် EV ကားများက စျေးကွက်အတွင်း ဦးဆောင်၍နေဦးမည်ဖြစ်ကြောင်း ရေးသားလိုက် ရသည်။
 
ဧပရယ်လ်