【 ဆောင်းပါး 】 ဆယ်နှစ်အတွင်း တရုတ်-မြန်မာ ရေကြောင်းကုန်သွယ်မှု

【 ဆောင်းပါး 】 ဆယ်နှစ်အတွင်း တရုတ်-မြန်မာ ရေကြောင်းကုန်သွယ်မှု

မြန်မာနိုင်ငံဟာ စုစုပေါင်း ရေမိုင် ၁၂၆၀ ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပါတယ်။

သီးသန့်စီးပွားရေးဇုန် (Exclusive Economic Zone – EEZ) ၄၉၇,၄၆၀ စတုရန်းကီလိုမီတာ၊ ပိုင်နက်ပင်လယ် (Terri-torial Seas) ၄၀,၄၂၈ စတုရန်းကီလိုမီတာနှင့် ဆက်စပ်ဇုန် (Contiguous Zone) ၄၃,၄၀၁ စတုရန်းကီလိုမီတာရှိသည့် ပင်လယ်ရေကြောင်းပိုင်နက်နိုင်ငံ (Maritime Nation) အဖြစ် အာရှတိုက် ကုန်းမြေပေါ်ရှိ အရှေ့နှင့် အရှေ့တောင်အာရှနိုင်ငံများအတွက် အဓိကအရေးပါသည့် အိန္ဒိယသမုဒ္ဒရာသို့ ပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပါတယ်။

ပထဝီအနေအထားအရ လူဦးရေထူထပ်၍ ဈေးကွက်ကြီးမားလှသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဆီယံနိုင်ငံများအကြားတွင် ရထားလမ်း၊ ကားလမ်းတို့ဖြင့် ကွန်ရက်သဖွယ် ချိတ်ဆက်ပေးနိုင်မည့် အားသာချက်ကို ပိုင်ဆိုင်ထားသည့်အပြင် အိမ်နီးချင်း ကုန်းတွင်းပိတ်နိုင်ငံများအတွက် အရေးပါသည့် ပင်လယ်ထွက်ပေါက်ကို ရှည်လျားစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုပြုလုပ်တဲ့အခါမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စတဲ့ နိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ ကုန်သွယ်မှုပြုလုပ်နေသလို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပင်လယ်ရေလမ်းကြောင်းကနေလည်း နိုင်ငံပေါင်း ၁၅၀ ကျော်နဲ့ ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်မှုပြုလုပ်တဲ့အခါမှာလည်း နှစ်စဉ် ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုပမာဏဟာ ၇၀ ရာခိုင်နှုန်းကျော်ရှိပါတယ်။

စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်မတိုင်မီ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး ၃၆ ဒသမ ၇၃ ဘီလီယံရှိသည့်အနက် ပင်လယ်ရေကြောင်းဖြင့် ၂၆ ဒသမ ၀၆ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းနှင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ၁၀ ဒသမ ၆၇ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်း နိုင်ငံတကာကုန်သွယ်မှု ကျဆင်းခဲ့သော်လည်း ကိုဗစ်အလွန်ကာလဖြစ်တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၉၇၂ ဘီလီယံရှိသည့်အနက် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၃၈ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်း၊ နယ်စပ်ကုန်သွယ်မှုတန်ဖိုး ၈ ဒသမ ၆၀ ဘီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဘက်နိုင်ငံပေါင်း ၁၅၀ ကျော်ထဲမှာ အဓိကကုန်သွယ်ဘက်နိုင်ငံတွေကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ အိန္ဒိယအပြင် စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ မလေးရှား၊ တောင်ကိုရီးယားနိုင်ငံတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်ကာလအတွင်းမှာလည်း မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်ထားတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံကတော့ ပမာဏအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပြုလုပ်ရာမှာလည်း ပင်လယ်ရေကြောင်းကုန်သွယ်မှုနဲ့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း နှစ်ခုစလုံးကနေ ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။

မြန်မာနဲ့တရုတ်အကြား နှစ်အလိုက် ကုန်သွယ်မှုစာရင်းများတွင် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုပမာဟာ ကန်ဒေါ်လာ သန်း ၃၈၀၀ နီးပါး ၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၅၀၀၀ ကျော်၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ဒေါ်လာသန်း ၄၅၀၀ ကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၅၀၀၀ နီးပါးရှိခဲ့ပါတယ်။

အလားတူ ၂၀၁၈ မီနီဘတ်ဂျက်ကာလမှာလည်း ပင်လယ်ရေကြောင်းကနေ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ သန်း ၂၆၀၀ ကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၅၄၀၀ ကျော်၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၆၁၀၀ ကျော်၊  ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း  ၄၇၀၀ ကျော်၊ ၂၀၂၁-၂၂ မီနီဘတ်ဂျက်ကာလမှာ ဒေါ်လာ သန်း ၃၄၀၀ ကျော်၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ဒေါ်လာသန်း ၆၁၀၀ ကျော် အသီးသီးရှိခဲ့ပါတယ်။

အဲဒီကိန်းဂဏန်းတွေအရ နှစ်နိုင်ငံကြား ရေကြောင်းကုန်သွယ်မှုပမာဏဟာ ဘဏ္ဍာနှစ်အလိုက် ကန်ဒေါ်လာ သန်း ၄၅၀၀ ကနေ ၆၀၀၀ ကြားမှာရှိခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်မှုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း နှစ်ခုစလုံးဟာ နှစ်နိုင်ငံအတွက် အဓိကအားကိုးရာဖြစ်ပါတယ်။သို့ရာတွင် ပြီးခဲ့တဲ့ ကိုဗစ်ကာလအတွင်းကစ၍ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ကုန်သွယ်မှုတန်ဖိုးဟာ ကျဆင်းခဲ့ရတာကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုကိုသာ အဓိကအားကိုးခဲ့ရပါတယ်။

ကိုဗစ်အလွန်ကာလမှာ တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးအခြေအနေက ပြန်လည်ဦးမော့လာပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက ကြုံတွေ့ခဲ့ရတဲ့ နယ်စပ်ဒေသရဲ့ မတည်ငြိမ်တဲ့ အခြေနေတွေကြောင့် နယ်စပ်ကုန်သွယ်မှုတွေ တုံ့ဆိုင်းသွားခဲ့ပြန်ပါတယ်။ဒါကြောင့် လက်ရှိအနေအထားမှာတော့ နှစ်နိုင်ငံကြား ကုန်သွယ်မှုတွေကို ပင်လယ်ရေကြောင်းကနေပဲ အဓိကပြုလုပ်နေရပါတယ်။

လက်ရှိဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ ၁၀ လတာကာလအတွင်းမှာလည်း တရုတ်-မြန်မာ နှစ်နိုင်ငံကြား ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၂၅၂၉.၂၆၉ သန်း၊ သွင်းကုန်ဒေါ်လာ ၄၂၇၃.၉၆၆ သန်း ဖြင့် စုစုပေါင်း ကန်ဒေါ်လာ ၆၈၀၃.၂၃၆ သန်း တန်ဖိုး ကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
ဒီထဲမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ကုန်သွယ်မှုတန်ဖိုးက ကန်ဒေါ်လာ သန်း ၂၈၀၀ ကျော်သာရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့် နှစ်နိုင်ငံနယ်စပ်ဒေသမှာ မတည်ငြိမ်မှုတွေကြုံနေရတဲ့ လက်ရှိကာလမျိုးမှာ ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုကို ပိုမိုအားထားလာရခြင်းဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုဟာ ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသလို တရုတ်-မြန်မာ နှစ်နိုင်ငံကြားက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုဟာ အရေးပါသည့် အခန်းကဏ္ဍမှာ ရပ်တည်လျက်ရှိပါတယ်။

ခန့်မောင်