【 ပြည်တွင်း 】 ရာသီဥတုပူပြင်းလာတာကြောင့် မန္တလေးမြို့အနီးဝန်းကျင်က အပန်းဖြေစခန်းတွေမှာ လာရောက်သူများလာ

【 ပြည်တွင်း 】 ရာသီဥတုပူပြင်းလာတာကြောင့် မန္တလေးမြို့အနီးဝန်းကျင်က အပန်းဖြေစခန်းတွေမှာ လာရောက်သူများလာ

မန္တလေး၊ မတ် - ၁၆

မတ်လ ဒုတိယပတ်ကစပြီး ရာသီဥတုပူပြင်းလာတာကြောင့် မန္တလေးဒေသခံတွေဟာ အနီးအနားဝန်းကျင်က အပန်းဖြေစခန်းတွေကို သွားရောက်လည်ပတ်မှု များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရာသီဥတုပူပြင်းမှုနဲ့ လျှပ်စစ်မီးပုံမှန်မရမှုတွေကြောင့် မြို့အနီးဝန်းကျင်က အပန်းဖြေစခန်းတွေနဲ့ ရေပိုလွှဲချောင်းငယ်၊ မြောင်းငယ်တွေကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်နဲ့ ဥပုသ်နေ့တွေမှာ အစုအဖွဲ့တွေနဲ့ သွားရောက်လည်ပတ်မှုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

“ကလေးတွေ နွေကျောင်းပိတ်ချိန်လည်းဖြစ်တယ်။ မြို့ပေါ်မှာက မီးကလည်း ပုံမှန်မရတော့ ရေကစားလို့ရတဲ့ အပန်းဖြေစခန်းတွေဖက်ကို သွားကြတာ များလာတယ်။အရင်လိုတော့ မများသေးပေမယ့် ၃ နှစ်အတွင်းမှာ ဒီဟာက တော်တော်များတယ်လို့ ပြောလို့ရတယ်” လို့ အောင်မြေသာစံမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

အောင်မြေသာစံ၊ ပုသိမ်ကြီးမြို့နယ်တွေမှာရှိတဲ့ အပန်းဖြေစခန်းတွေကို အများဆုံးသွားရောက်လည်ပတ်မှုတွေ ရှိနေတာဖြစ်ပြီး ရန်ကင်းတောင်ခြေက ရေပိုလွှဲမြောင်းငယ်တွေဖက်ကိုလည်း သွားရောက်သူ များပြားနေတာ တွေ့ရပါတယ်။

ဒါပေမဲ့ မြို့နဲ့ အလှမ်းဝေးတဲ့ အပန်းဖြေစခန်းတွေကိုတော့ စက်သုံးဆီဈေးနှုန်းမြင့်မားမှုနဲ့ ဝယ်ယူရခက်ခဲမှုတွေကြောင့် အရင်ကထက် သွားရောက်သူ သိသိသာသာ လျော့နည်းခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန်းအောင်