【 ပြည်တွင်း 】 မြန်မာအပါအဝင် သင်္ဘောသား ၁၇ ဦးကို ဆိုမာလီပင်လယ်ဓားပြတွေထံမှ အိန္ဒိယရေတပ် ကယ်ထုတ်

【 ပြည်တွင်း 】 မြန်မာအပါအဝင် သင်္ဘောသား ၁၇ ဦးကို ဆိုမာလီပင်လယ်ဓားပြတွေထံမှ အိန္ဒိယရေတပ် ကယ်ထုတ်

ရန်ကုန်၊ မတ် - ၁၈

မြန်မာအပါအဝင် သင်္ဘောသား ၁၇ ဦးကို ဆိုမာလီပင်လယ်ဓားပြတွေထံမှ အိန္ဒိယရေတပ်က ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်ပသတင်းဌာနများတွင် ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက ဆိုမာလီပင်လယ်ဓားပြတွေ ပြန်ပေးဆွဲထားတဲ့ MV Ruen သင်္ဘောကို အိန္ဒိယရေတပ်က မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ ပြန်လည်သိမ်းပိုက်ခဲ့ပြီး သင်္ဘောပေါ်မှာရှိနေတဲ့ ဓားစာခံတွေကို ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ အိန္ဒိယရေတပ်က ထုတ်ပြန်ထားပါတယ်။

အိန္ဒိယကမ်းရိုးတန်းကနေ ကီလိုမီတာ ၂၆၀၀ ကျော်အကွာမှာ ပြန်ပေးဆွဲခံထားရတဲ့ MV Ruen သင်္ဘောကို အိန္ဒိယအထူးတပ်ဖွဲ့က တက်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၉ ဦး အပါအဝင် အန်ဂိုလာနဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေက သင်္ဘောသား ၁၇ ဦးကို ကယ်ထုတ်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါစစ်ဆင်ရေးတစ်ခုလုံး နာရီပေါင်း ၄၀ ဝန်းကျင်ကြာပြီး ဒရုန်းတွေ၊ ရေတပ်သင်္ဘောတွေ၊ ရေကြောင်းကွန်မန်ဒိုအဖွဲ့နဲ့ပါ တိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ သင်္ဘောပေါ်က ပင်လယ်ဓားပြ ၃၅ ယောက်လုံးကို ဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာ‌သင်္ဘောသား ၉ ဦး၊ ဘူလ်ဂေးရီးယား ၇ ဦးနဲ့ အန်ဂိုလာနိုင်ငံက ၁ ဦး၊ စုစုပါင်း သင်္ဘောသား ၁၇ ဦးကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

MV RUEN သင်္ဘောဟာ တောင်ကိုရီးယားကနေ ထွက်ခွာ၍ ဒီဇင်ဘာ ၄ ရက်နေ့မှာ စင်ကာပူမှာ ခရီးတစ်ထောက် ဆိုက်ကပ်ခဲ့ပြီး တူရကီနိုင်ငံ၊ ဂမ်လစ်မြို့မှာ နောက်ဆုံး ဆိုက်ကပ်ဖို့ ရှိနေခဲ့သော်လည်း သင်္ဘောဟာ အာရေဗျပင်လယ်ကို ခုတ်မောင်းရင်း ယီမင်နိုင်ငံ၊ ဆိုကိုထရာကျွန်းရဲ့ အရှေ့ဖက်ရေမိုင် ၃၈၀ ခန့်အရောက်မှာ အဆိုပါသင်္ဘောနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တာလို့ ကုမ္ပဏီဘက်က ပြောဆိုထားပါတယ်။

လင်းလင်း