【 ပြည်တွင်း 】 မန္တလေး တိုက်ခန်းတစ်ခုအတွင်း အဘွားအိုတစ်ဦး သေဆုံးပြီး ပုပ်ပွနေ

【 ပြည်တွင်း 】 မန္တလေး တိုက်ခန်းတစ်ခုအတွင်း အဘွားအိုတစ်ဦး သေဆုံးပြီး ပုပ်ပွနေ

မန္တလေး၊ မတ် - ၁၆
 
မန္တလေးမြို့မှာ ယမန်နေ့ ညနေပိုင်းက အသက်ခြောက်ဆယ်ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးကို နေအိမ်တိုက်ခန်းထဲ သေဆုံးပြီး ပုပ်ပွလျက် တွေ့ရှိရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
 
“အပုပ်နံ့ထွက်လာမှပဲ တိုက်ခန်းထဲ သေနေတာကို သိရတာ၊ မဏီစလ (မဏီစလလူမှုကူညီရေးအသင်း) ကို ဖုန်းဆက် အကူအညီတောင်းတော့၊ သူတို့က အစအဆုံး လာလုပ်ပေးသွားတယ်၊  မိသားစုနဲ့လည်း အဆက်အသွယ်ရသွားပါပြီ၊ တိုက်ခန်းထဲ တစ်ယောက်တည်းနေရင်းနဲ့ ကျန်းမာရေးမကောင်းရာကနေ ဆုံးသွားတာလို့ သိရတယ်” လို့ ဖြစ်စဉ်သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
ယမန်နေ့ ညနေ ၄ နာရီလောက်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ပြည်ကျော်ဈေးအနောက်ဘက်ဝင်ပေါက်အနီးရှိ နေအိမ်တိုက်ခန်းတစ်ခုထဲ သေဆုံးကာ ပုပ်ပွလျက် တွေ့ရှိခဲ့ရတာပါ။
 
အလောင်းတွေ့ရှိမှုဖြစ်စဉ်ကို မဏီစလလူမှုကူညီရေးအသင်းက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ပြီး အသင်းပိုင် မော်တော်ယာဉ်နဲ့ မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ၎င်းအသင်းရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့မတ်လ ၁၂ ရက်နေ့ကလည်း တိုက်ခန်းထဲ သေဆုံးပြီး ပုပ်ပွနေတဲ့ အသက်ခုနစ်ဆယ်ကျော်အရွယ် အမျိုးသမီးအလောင်း တွေ့ရှိမှု ဖြစ်ပွားခဲ့ပါသေးတယ်။
 
ဖြူလုံး
Photo - မဏီစလလူမှုကူညီရေးအသင်း (မန္တလေး)