【 ပြည်တွင်း 】 မန္တလေးမှာ ရွှေပန်းတိမ်အလုပ်ရုံ ဓားပြတိုက်ခံရ

【 ပြည်တွင်း 】 မန္တလေးမှာ ရွှေပန်းတိမ်အလုပ်ရုံ ဓားပြတိုက်ခံရ

မန္တလေး၊ မတ် - ၂၉

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၂ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားက၊ လင်းလက်ဝါ ရွှေပန်းတိမ်အလုပ်ရုံကို ယမန်နေ့ ညနေ ၅ နာရီခွဲလောက်က ရဲအယောင်ဆောင်ထားတဲ့ လူတစ်စုက ဓားပြဝင်တိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ရဲဝတ်စုံနဲ့တစ်ယောက်က ရှေ့ကနေဝင်လာတယ်၊ နောက်ကနေ အရပ်ဝတ်နဲ့ လေးယောက်က လိုက်လာတယ်၊ သေနတ်ထုတ်ပြီး ပစ္စည်းတောင်းတော့မှ ဓားပြတိုက်တာမှန်းသိရတာ၊ အပ်ထားတဲ့ ရွှေထည်တချို့ ပါသွားတယ်လို့တော့ ပြောတာပဲ” လို့ ဓားပြတိုက်ခံရတဲ့ အဲဒီရွှေပန်းတိမ်အလုပ်ရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဓားပြအဖွဲ့မှာ လူငါးယောက်ပါလာတာဖြစ်ပြီး၊ အဲဒီအထဲက ဦးဆောင်သူလို့ ယူဆရသူတစ်ယောက်က၊ ရဲအရာရှိဝတ်စုံ ဝတ်ထားတယ်လို့ နယ်မြေခံရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုက်အဝန်းဆီက သိရပါတယ်။

“ဟုတ်ပါတယ်၊ ရဲအယောင်ဆောင်ပြီး ဓားပြတိုက်သွားတာပါ၊ လက်စွပ်၊ နားဆွဲ ရွှေထည်တချို့ ပါသွားတယ်၊ တန်ဖိုးတွက်ချက်ဆဲ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဓားပြတိုက်ခံရမှုနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ဖြစ်သူက အမှုဖွင့်တိုင်ကြားတာကြောင့် နယ်မြေခံရဲတပ်ဖွဲ့က အမှုဖွင့်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့မတ်လ ၂၅ ရက်နေ့ကလေးတင် ချမ်းအေးသာစံမြို့နယ်ထဲက ကမ္ဘောဇဘဏ်ခွဲတစ်ခုမှာ ကျပ်သိန်းနှစ်ထောင်ကျော် ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါသေးတယ်။

ရွှေဆိုင်ဓားပြတိုက်ခံရမှုနဲ့ပတ်သက်လို့တော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က မဟာအောင်မြေမြို့နယ်၊ ၃၉ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားက ဆယ်သန်းရွှေဆိုင်ဓားပြတိုက်ခံရမှု (ကျပ်သိန်းခြောက်ထောင်ကျော်ပါသွား)၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားက အောင်ရွှေဆိုင်ဓားပြတိုက်ခံရမှု (ရွှေထည်ပစ္စည်း သိန်း ၁ သောင်း ၁ ထောင်ကျော် ပါသွား)၊ ထိုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၄၁ လမ်းနဲ့ ၄၂ လမ်းကြားက ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရမှု (ရွှေထည်ပစ္စည်း သိန်းတစ်ထောင်ကျော် ပါသွား) စသဖြင့်၊ ခြောက်လအတွင်း ဓားပြတိုက်မှုသုံးကြိမ် ဖြစ်ထားပါတယ်။

ဖြူလုံး
Photo - CJ