【 ပြည်တွင်း 】 ဗဟိုဘဏ်ရဲ့ စည်းကမ်းတွေ ညွှန်ကြားချက်တွေ မလိုက်နာလို့ နိုင်ငံခြားငွေလဲလုပ်ငန်းဆယ်ခု အရေးယူခံရ

【 ပြည်တွင်း 】 ဗဟိုဘဏ်ရဲ့ စည်းကမ်းတွေ ညွှန်ကြားချက်တွေ မလိုက်နာလို့ နိုင်ငံခြားငွေလဲလုပ်ငန်းဆယ်ခု အရေးယူခံရ

ရန်ကုန်၊ မတ် - ၂၈

ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ညွှန်ကြားချက်တွေကို မလိုက်နာတာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေလှဲလှယ်ရောင်းချတဲ့ လုပ်ငန်းခြောက်ခုကို လိုင်စင်ပိတ်သိမ်းပြီး၊ နောက်ထပ် လုပ်ငန်းလေးခုကို  ခြောက်လလုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က နိုင်ငံခြားငွေလဲလုပ်ငန်းတွေကို ဗဟိုဘဏ်က ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေ၊ လုပ်ခဲ့ပြီးနောက် အခုလို အရေးယူခံလိုက်ရတာပါ။စည်းမျဉ်းစည်းကမ်းတွေ  ညွှန်ကြားချက်တွေကို မလိုက်နာတာကြောင့် အခုလိုအရေးယူလိုက်တာဖြစ်တယ်လို့ ဗဟိုဘဏ်က မတ်လ ၂၆ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဲဒီလိုင်စင်ပိတ်သိမ်းခံရတဲ့ လုပ်ငန်းကုမ္ပဏီတွေအထဲ Best Yuan ၊ Currency Hub ၊ Globextra ၊ My Gold Myanmar ၊ Sym Chem နဲ့ Win Yadana Gems & Jewellery စတဲ့ ကုမ္ပဏီတွေ ပါဝင်ပါတယ်။ခြောက်လ လုပ်ငန်းရပ်ဆိုင်းခံရတဲ့ ကုမ္ပဏီတွေအထဲ Farmer Phoyarzar Auto Mobile Services ၊ PAAMAA ၊ Source Strategy Consultant & Development နဲ့ Wu Fu ကုမ္ပဏီတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း နိုင်ငံခြားငွေလဲ လိုင်စင်ရကုမ္ပဏီ ၁၅ ခုကို ဗဟိုဘဏ်က လိုင်စင်ပိတ်သိမ်းတာနဲ့ လုပ်ငန်းရပ်ဆိုင်းတာတွေ လုပ်ခဲ့ပါတယ်။

ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေ တည်ငြိမ်မှုရှိစေဖို့နဲ့ စျေးကစားတာတွေ မဖြစ်စေဖို့ facebook လူမှုကွန်ရက်ပေါ်မှာ ငွေလဲနှုန်းတွေ ဖော်ပြနေတဲ့ စာမျက်နှာ ၁၅ ခုကို အရေးယူသွားမယ်လို့ မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

နေနေ