【 ပြည်တွင်း 】 ထားဝယ်တွင် ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်တစ်ဦး ခြောက်ရက်အကြာတွင် သေဆုံးလျက် ပြန်တွေ့

【 ပြည်တွင်း 】 ထားဝယ်တွင် ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်တစ်ဦး ခြောက်ရက်အကြာတွင် သေဆုံးလျက် ပြန်တွေ့

ထားဝယ်၊ မတ် - ၁၆
 
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်တစ်ဦးကို ခြောက်ရက်အကြာတွင် သေဆုံးလျက် ပြန်တွေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရပါတယ်။
 
ပျောက်ဆုံးပြီးနောက် အလောင်းသာ ပြန်တွေ့ရသည့် အမျိုးသမီးမှာ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ပဒိုင်းချောင်းရွာနေ အသက် ၁၈ နှစ်အရွယ်ရှိ  မပန်းအိဖြိုးဆိုသူဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါအမျိုးသမီးဟာ မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က အပြင်ခဏထွက်ရန် မိခင်ဖြစ်သူထံ ခွင့်တောင်းပြီး ထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မပန်းအိဖြိုး၏ အလောင်းကို  နေအိမ်နှင့် တစ်မိုင်ခန့်အကွာ ပဒိုင်းချောင်းကျေးရွာ၊ စိုက်ပျိုးရေးခြံထဲတွင် ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောဆိုထားပါတယ်။
 
လက်ရှိတွင် မပန်းအိဖြိုး၏ ရုပ်အလောင်းကို ပဒိုင်းချောင်းရွာ သုသာန်တွင် ထားရှိပြီး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ တရားမျှတမှုရရှိရန် စုံစမ်းဖော်‌ထုတ်ပေးကြရန်လည်း မိသားစုဝင်များက တောင်းဆိုထားကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားပါတယ်။
 
အောင်အောင်