【 ပြည်တွင်း 】 တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အလေးထားကြောင်း တရုတ်သံအမတ်ကြီးပြော

【 ပြည်တွင်း 】 တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အလေးထားကြောင်း တရုတ်သံအမတ်ကြီးပြော

ရန်ကုန်၊ မတ် - ၂၉

တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အလွန်အလေးထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသော သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ရာတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

သံအမတ်ကြီး Mr. Chen Hai က တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ဗုဒ္ဓဘာသာကူးလူးဖလှယ်မှု သမိုင်းကြောင်း ကြာရှည်ကြောင်း၊ တရုတ်နိုင်ငံက နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အလွန်အလေးထားကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် မြန်မာနိုင်ငံနှင့်အတူ လက်တွဲ၍ ပုဂံ သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်း၊ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော် ဆံတော်တိုက် လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများ Polycarbonate တပ်ဆင်ခြင်း စသည့် စီမံကိန်းများကို ကူညီလုပ်ဆောင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ ဘုရားကျောင်းများအတွက် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အပြန်အလှန်ဖေးမကူညီသော အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သံအမတ်ကြီး Mr. Chen Hai က သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခြင်းအတွက် တရုတ်ဗုဒ္ဓဘာသာအသင်း၏ ဂုဏ်ပြုလွှာကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Pan Feng ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဦးစိန်မော်၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အောင်အောင်
Photo - တရုတ်သံရုံး