【 ပြည်တွင်း 】 ချင်းရွှေဟော်နှင့် ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ်တို့ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ပြည်မမှ ကုန်စည်များ ပို့ဆောင်နိုင်ခြင်းမရှိသေး

【 ပြည်တွင်း 】 ချင်းရွှေဟော်နှင့် ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ်တို့ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ပြည်မမှ ကုန်စည်များ ပို့ဆောင်နိုင်ခြင်းမရှိသေး

ရန်ကုန်၊ မတ် - ၁၆

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ ချင်းရွှေဟော်နှင့် ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ်တို့ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ပြည်မမှ ကုန်စည်များ ပို့ဆောင်နိုင်ခြင်းမရှိသေးကြောင်း နယ်စပ်ဒေသရှိ ကုန်သည်အချို့ထံမှ သိရပါတယ်။

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ကြူကုတ် (ပန်ဆိုင်း) နယ်စပ်ဂိတ်တို့ကို နှစ်နိုင်ငံ လူဝင်/ထွက်နှင့် ဒေသတွင်း ကုန်စည်စီးဆင်းရေးတို့အတွက် မတ်လ ၁၁ ရက်နေ့က ပြန်ဖွင့်ပေးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရပါတယ်။

လတ်တလောတွင် အဆိုပါနယ်စပ်ဂိတ်များမှ လူဝင်၊ လူထွက်နှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ပြုလုပ်ရန်အတွက်သာ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ပြည်မဘက်မှ ကုန်စည်များ ပို့ဆောင်ခွင့်မရသေးကြောင်းလည်း ဒေသခံကုန်သည်တစ်ဦးက ပြောပါတယ်။

အလားတူ တရုတ်ဘက်မှ မြန်မာနိုင်ငံသို့ တင်သွင်းမည့် ကုန်စည်များကိုလည်း အဆိုပါနယ်စပ်ဂိတ်များမှတစ်ဆင့် သယ်ယူခွင့်ပြုမည့်အခြေအနေ မရှိသေးကြောင်း ဒေသခံများထံမှ သိရပါတယ်။

အဆိုပါနယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ရက်မှစတင်ကာ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ငါးလနီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အောင်အောင်