【 နိုင်ငံတကာ 】 တရုတ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဘိုအောဖိုရမ် အရာရှိများ၊ လုပ်ငန်းရှင်များ တွေ့ဆုံ

【 နိုင်ငံတကာ 】 တရုတ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဘိုအောဖိုရမ် အရာရှိများ၊ လုပ်ငန်းရှင်များ တွေ့ဆုံ

ပေကျင်း၊ မတ် - ၂၉

တရုတ်လွှတ်တော် ဥက္ကဋ္ဌ ကျောင်လာကျီသည် အာရှအတွက် ဘိုအောဖိုရမ် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ၊ ဘိုအောဖိုရမ် ကောင်စီအကြံပေးအချို့နှင့် သေနင်္ဂဗျူဟာမိတ်ဘက်များကို တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နမ်ပြည်နယ်၊ ဘိုအောတွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ယခုနှစ် အာရှအတွက် ဘိုအောဖိုရမ် နှစ်ပတ်လည်ညီလာခံ၏ ကြွေးကြော်သံမှာ “အာရှနှင့် ကမ္ဘာ၊ ဘုံစိန်ခေါ်မှုများနှင့် ဘုံတာဝန်ဝတ္တရား” ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်း၏ ဘုံစိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းပြီး ခိုင်မာလက်တွေ့ကျသည့် အရေးပါမှုရှိသည်ဟု အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောင်က ပြောပါတယ်။

ယနေ့ကမ္ဘာတွင် များပြားလှသော စိန်ခေါ်မှုများနှင့် အကျပ်အတည်းများ လိမ်ယှက်နေကြောင်း ကျောင်ကပြောပြီး အခြေအနေခက်ခဲ ကြမ်းတမ်းလေလေ  ဘုံသဘောတူညီချက်၊ သွေးစည်းခိုင်မာမှုနှင့် ပူးပေါင်းဆောင်ရွက်မှု လိုအပ်လေလေဖြစ်ကြောင်း မှတ်ချက်ချခဲ့ပါတယ်။

“တရုတ်နိုင်ငံဟာ နိုင်ငံရဲ့ တိုးတက်မှုသစ်တွေကတစ်ဆင့် ကမ္ဘာကို ပိုမိုများပြားတဲ့ အခွင့်အလမ်းသစ်တွေ ကမ်းလှမ်းမှာဖြစ်ပြီး အာရှအတွက် ဘိုအောဖိုရမ်ကို ဆက်လက်ထောက်ခံမှာဖြစ်တယ်” ဟု ကျောင်က ပြောကြားပြီး ထိုဖိုရမ်သည် အာရှနှင့် ပိုမိုကျယ်ပြန့်သော ကမ္ဘာတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကြီးမားစွာ အကျိုးဆောင်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

အာရှအတွက် ဘိုအောဖိုရမ် ဥက္ကဋ္ဌနှင့် အစည်းအဝေးသို့ တက်ရောက်လာသည့် အခြားကိုယ်စားလှယ်များကလည်း လူသားထုအတွက် ဘုံအနာဂတ်ရှိသော လူမှုအသိုက်အဝန်း တည်ဆောက်ရေး အယူအဆနှင့် တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာ့အစီအစဉ်အများအပြားကို ချီးကျူးပြောဆိုပြီး ဖိုရမ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သူအားလုံး ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အကျိုးဆောင်ရန် စိတ်အားထက်သန်မှုကို ဖော်ပြကြပါတယ်။

တရုတ်နှင့် ပြည်ပလုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် ကျောင်က တရုတ်နိုင်ငံသည် ဈေးကွက်အတိုင်းအတာကြီးမားခြင်း၊ တောင့်တင်းကြံ့ခိုင်သည့် စက်မှုစနစ်၊ ပါရမီနှင့် တီထွင်ဆန်းသစ်မှု စသည့် အားသာချက်များနှင့် သိသာထင်ရှားသော အင်စတီကျူးရှင်းဆိုင်ရာ အားသာချက်ရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ ရေရှည်စီးပွားရေးတိုးတက်မှု အခြေခံများသည် ပြောင်းလဲသွားခြင်းမရှိကြောင်း ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံသည် အားလုံးအကျုံးဝင်သော ကမ္ဘာ့စီးပွားရေး ပေါင်းစည်းမှုကို ထောက်ခံပြီး တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ပုံစံအမျိုးမျိုးကို ဆန့်ကျင်ကာ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကို အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ချိတ်ဆက်ရန် စိတ်အားထက်သန်ကြောင်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသည် ၎င်း၏အဆင့်မြင့်တံခါးဖွင့်ခြင်းကို ချဲ့ထွင်ရန် အစီအမံအများအပြားကို အကောင်အထည်ဖော်နေကြာင်း၊ ကမ္ဘာတစ်ဝန်းလုံးမှ မိတ်ဘက်များအားလုံးကို ရိုးသားဖြူစင်စွာ ကြိုဆိုကြောင်း သူကပြောပါတယ်။

အမျိုးသားပြည်သူ့ကွန်ဂရက်သည် တရုတ်နှင့် အခြားပြည်ပနိုင်ငံများအကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ဥပဒေစနစ်အဆင့်မှ ဆက်လက်အားပေးပြီး လုပ်ငန်းများ၏ ဥပဒေနှင့်ညီသော အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ကာ ပြင်ပကမ္ဘာသို့ ပိုမိုအဆင့်မြင့် တံခါးဖွင့်ခြင်းကို အားပေးမည်ဖြစ်ကြောင်း သူကပြောပါတယ်။

အစည်းအဝေးသို့ တက်ရောက်သော လုပ်ငန်းရှင်များကလည်း ကမ္ဘာစီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် လွတ်လပ်သော ကုန်သွယ်ရေးကို ထောက်ခံကြောင်း ပြောကြားပြီး တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအလားအလာကို ယုံကြည်ကြောင်းပြောကာ အပြန်အလှန်အကျိုးရှိပြီး နှစ်ဘက်လုံးအကျိုးရှိသော ရလဒ်များရရှိရန် ဈေးကွက်ကို တက်ကြွစွာဖွင့်ရန် စိတ်အားထက်သန်ကြောင်း ပြောကြားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG