【 နိုင်ငံတကာ 】 ဂျာမန် အရှေ့ပိုင်း ကားလမ်းမမှာ အဝေးပြေး ဘတ်စ်ကား တိမ်းမှောက်လို့ လူအများအပြားသေဆုံး

【 နိုင်ငံတကာ 】 ဂျာမန် အရှေ့ပိုင်း ကားလမ်းမမှာ အဝေးပြေး ဘတ်စ်ကား တိမ်းမှောက်လို့ လူအများအပြားသေဆုံး

ဘာလင်၊ မတ် - ၂၈

ဂျာမနီနိုင်ငံ အရှေ့ပိုင်း၊ လစ်ပ်ဇစ်မြို့အနီး အဝေးပြေးလမ်းတစ်ခုမှာ ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့လို့ လူအများအပြား သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

“A9 ကားလမ်းပေါ်မှာ ပြင်းထန်စွာ တိမ်းမှောက်မှုကြောင့် လူအများအပြား သေဆုံးခဲ့ပါတယ်။အသေအပျောက် အများကြီးရှိပါတယ်” ဟု ဆက်ဟွန်နေးပြည်နယ်ရဲတပ်ဖွဲ့က တွစ်တာကနေ ပြောခဲ့ပါတယ်။

ဘာလင်နဲ့ မြူးနစ်ကို ဆက်သွယ်ထားတဲ့ လူစည်ကားတဲ့ A9 ကားလမ်းရဲ့ ညာဘက်မှာ Flixbus အဝေးပြေး ဘတ်စ်တစ်စီး တိမ်းမှောက်ပြီးနောက် လူငါးဦးသေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။

အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်များနှင့် ရဟတ်ယာဉ်များ ရောက်နေသည့် ဓာတ်ပုံများကို ပြသထားပြီး မြူးနစ်မြို့သို့ ဦးတည်သွားသော လမ်းကို ပိတ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

“မတော်တဆမှုရဲ့ အခြေအနေအတိအကျကို မသိရသေးပါဘူး” ဟု Flixbus က ဆိုပြီး ဖြစ်ပျက်ခဲ့သည်များကို သိရှိနိုင်ရန် အရေးပေါ်ဝန်ဆောင်မှုများနှင့် လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘာလင်မှ ဇူးရစ်မြို့သို့ သွားမည့် အဆိုပါဘတ်စ်ကားပေါ်မှာ ခရီးသည် ၅၃ ဦးနှင့် ယာဉ်မောင်းနှစ်ဦး လိုက်ပါလာခဲ့တယ် ဆိုပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters